Breaking News

ကိုဗစ်၁၉ ဗိုင်းရပ်စ်ပိုးကြောင့် အမေရိကန် အရေးပေါ်အခြေအနေ ကြေညာရပြီ


ကိုဗစ်၁၉ ဗိုင်းရပ်စ်ပိုးကြောင့် အမေရိကန် အရေးပေါ်အခြေအနေ ကြေညာရပြီ

မောင်လူပေ၊ (မိုးမခ) မတ် ၁၄၊ ၂၀၂၀

အမေရိကန်သမ္မတထရန့်က နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာ၊ အရေးပေါ်ရံပုံငွေ ဒေါ်လာဘီလီယံငါးဆယ် သုံးမည်။

ဒီနေ့ Friday 13th မှာ သမ္မတထရန့်က ကိုရိုနာဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါပျံ့ပွားမှု တဖြေးဖြေး တိုးလာနေတဲ့အပေါ်မှာပြည်သူတို့က အစိုးရကို အယုံအကြည်နည်းလာနေတယ်။ အစိုးရက ရောဂါမဖြစ်နိုင်ပါဘူးဆိုပြီး ခပ်ပေါ့ပေါ့နဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတော့ တကယ်ဖြစ်လာတဲ့အခါ စစ်ဆေးမှုကအစ အခက်အခဲတွေအများကြီး။ ဒါတွေကို အလွယ်တကူဖြစ်စေရေးအတွက် အရေးပေါ်အခြေအနေကြေညာတာ ဖြစ်တယ်။ ရောဂါကူးစက်မှုကို ပြည်သူများက အထိုက်အလျောက်ခံရမယ်။ နောင်လာမဲ့(၂)လမှာ အဆိုးဆုံးဖြစ်နိုင်တယ်။ ဒါကြောင့်အခုထဲက ထိန်းချုပ်ဖို့ပြင်ဆင်တာဖြစ်တယ်လို့ဆိုတယ်။ ဒီကိုရိုနာဗိုင်းရပ်ကူးစက်မှုဟာ သာမန်တုတ်ကွေးသာသာပါလို့ အမြဲပြောနေရာက အခုလို လေသံပြောင်းသွားပြီး အရေးတယူလုပ်လာရတာ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာလို့လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံမို့ ပြည်သူ့အသံကို လစ်လျှူရှုလို့မရပါဘူး။

ရောဂါကူးစက်မှုက အခုမှစတာပါ။ ဒါကို ဂရုတစိုက်မကာကွယ်နိုင်ရင် တနိုင်ငံလုံးပိတ်လိုက်ရတဲ့ အီတလီလိုဖြစ်လာမှာကို ပြည်သူတွေ ပူပင်ကြတယ်။ ကြိုတင်ပြင်ဆင်ဖို့ ငွေလိုတယ်၊ ဗဟိုအစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေလျှော့ပေးဖို့လိုတယ်။ ဒီလိုကြေညာမှ ပြည်နယ်အစိုးရတွေကလည်း အဆင်ပြေအောင် လုပ်လို့ရမှာပါ။

အမေရိကန်ဆေးရုံတွေအတွက် ဗဟိုအစိုးရက ချထားတဲ့စည်းကမ်းတွေအများအပြားပဲ။ အနည်းဆုံးသတ်မှတ်ချက်တွေ ပြည့်မှီမှ ဆေးရုံဖြစ်တယ်။ ဆေးကုခွင့်ရှိတယ်။ အရေးပေါ်အခြေအနေကြေညာလိုက်တဲ့အတွက် အဆင်ပြေသလို လုပ်ခွင့်ရှိစေတယ်။ ဆေးရုံစည်းကမ်းတွေကို ကျော်လို့ရသွားမယ်။ ဆရာဝန်တွေလည်း သတ်မှတ်ချက်တွေကိုကျော်ပြီး လိုအပ်ရာနေရာတွေကို သွားရောက်ကုသခွင့်ရှိစေမှာဖြစ်တယ်။ ရောဂါစစ်ဆေးမှုမှာလည်း ခွင့်ပြုချက်မလိုတော့ပဲ အလွယ်တကူစစ်ဆေးနိုင်ပါမယ်။ ဗဟိုအစိုးရရဲ့ ဘေးအန္တရာယ်ကာကွယ်ရေးရန်ပုံငွေတွေကို အသုံးပြုခွင့်ရှိလာမယ်။ အဲဒီရန်ပုံငွေထဲက ဒေါ်လာဘီလီယံငါးဆယ်အထိ အသုံးပြုမယ်လို့ ဆိုတယ်။

ရေနံစျေးတွေ ထိုးကျနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ အရန်ရေနံသိုလှောင်မှုကို သတ်မှတ်ထားတဲ့အတိုင်းပြည့်မှီအောင် ဝယ်ယူဖြည့်တင်းမယ်လို့လည်းဆိုတယ်။ အမေရိကန်ပြည်ထောင်စုဟာ ရေနံစျေးကို ထိန်းချုပ်ဖို့အတွက်နဲ့ အရေးပေါ်သုံးဖို့ ရေနံတွေအများအပြား ဝယ်ယူသိုလှောင်ထားတယ်။ စျေးတက်လာရင် ထုတ်ရောင်းပြီး စျေးချိုချိန်မှာ ဝယ်ယူလေ့ရှိတယ်။ သူ့ရဲ့ရေနံတွင်းတွေကို လိုအပ်သလောက်သာ ထုတ်ယူစေပြီး အရန်အဖြစ် ထားတယ်။ ဒီလိုဝယ်ယူမှုကြောင့် ရေနံစျေးပြန်တက်ဖို့ အထောက်အကူဖြစ်စေမှာပါ။

ရောဂါစမ်းသတ်​ရေးပစ္စည်းတွေ မလုံလောက်မှုကြောင့်အပြစ်တင်ခံနေရတဲ့အတွက် ပြင်ပက ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး စစ်ဆေးရေးပစ္စည်းတွေ အမြန်ထုတ်နေပါပြီလို့ ပြောတယ်။ ဒီလအကုန်မှာ လူငါးသန်းအထိ စစ်ဆေးနိုင်မယ်လို့ ဆိုတယ်။ Google အကူအညီနဲ့ drive through ကားမောင်းလာပြီး ကားပေါ်မှာပဲစစ်ဆေးပေးတဲ့နေရာတွေကို တိုးချဲ့မယ်။ စစ်ဆေးန်ုင်မဲ့နေရာတွေ တိုးချဲ့မယ်။ ဆေးရုံတွေမှာ လူနာတွေရောက်လာရင် ထားဖို့နေရာတွေ တိုးချဲ့မယ်။ ရောဂါကုသဖို့ လိုအပ်နေတဲ့ ဆေးပစ္စည်း၊ ကာကွယ်မှုပစ္စည်း၊ လေရှူစက်တွေ အသုံးအဆောင်ပစ္စည်းတွေ ထပ်မံဝယ်ယူသွားမယ်။ ရောဂါကုသနိုင်တဲ့ ဆေးကို အမြန်ဆုံးထုတ်နိုင်ဖို့ လုပ်ဆောင်ပါမယ်။ အဲဒီအချက်တွေပြည့်စုံဖို့ငွေလိုတယ်။ အခုလို အရေးပေါ်အခြေအနေကြေညာလိုက်တဲ့အတွက် လိုအပ်ငွေကိုအလွယ်တကူ ထုတ်ယူနိုင်သွားပါပြီ။

ဗဟိုဘဏ်ကလည်း ငွေလိုနေတဲ့ ဘဏ်တွေအတွက် ဒေါ်လာဘီလီယံတစ်ထောင် စျေးကွက်ထဲချပေးလိုက်တယ်။ ဗဟိုအစိုးရရဲ့ ပညာသင်ချေးငွေအတိုးတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်စေတယ်။ ဒီနေ့ကစပြီး နောက်ထပ်မကြေညာမခြင်း အတိုးမတက်တော့ဘူးပေါ့ဗျာ။

တကယ်အရေးပေါ်အခြေအနေ မဖြစ်ခင် ကြိုတင်ပြီး အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ကြရပါတယ်။ ဖြစ်မှဆိုရင် အချိန်မရှိတော့ပါဘူး။ WHO ကလည်း ကမ္ဘာ့ကပ်ရောဂါကျေညာလိုက်ပြီးဖြစ်လို့ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ပြင်ဆင်နေကြပါပြီ။

ဒီရောဂါဘေးက ကင်းဝေးကြပါစေ။