Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၃)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၃)

အမှန်တကယ်...လွတ်အောင်သာ..ပြေးကြပါစို့ကွယ်

(မိုးမခ) မတ် ၃၊ ၂၀၂၀

(၁၃)

နောက်တစ်နေ့ မနက်ပိုင်းမှာ ဘုန်းကြီကော (မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ) က "မောင်ရင်တို့ ကိုယ်စဉ်းစားမိတာ တစ်ခုရှိတယ်။ ဒီသပိတ်ကိစ္စကို ဒို့မန္တလေးက ဦးဆောင်တာ မှန်ပေမယ့် နယ်သံဃာတွေရဲ့ လိုက်ပါလာမှုကလဲ အဓိကကျတယ်။ ဒီတော့ လက်ရှိ ဖြစ်နေတဲ့ ကိစ္စကို နယ်သံဃာတွေကိုလဲ အသိပေးသင့်တယ်။ နယ်သံဃာတွေရဲ့ ဆန္ဒက လှန်ပေးစေချင်တဲ့ သဘောများရင် လှန်ပေးမှ ရမယ်။ မောင်ရင်တို့ နယ်တွေ အမြန်ဆုံးဆင်းပြီး လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို ရေလည်အောင် ရှင်းပြပြီး သဘောထား တောင်းကြ" လို့ မိန့်လိုက်တယ်။
ဆရာတော့်ဆီက အပြန်မှာ အချင်းချင်း "ဒီလို အခြေအနေမျိုးမှာ နယ်ဆင်းရင် သေချာပေါက် အဖမ်းခံရနိုင်တယ်။ ဒီနယ်ဆင်းမယ့်ကိစ္စကို တိုင်းအတွင်းရေးမှူးဆီ လှန်းပြောထားမှ ဖြစ်မယ်" လို့ တိုင်ပင်ကြပြီး ဖုံးဆက်ကြည့်တော့ "သပိတ်လှန်ဘို့ ကိစ္စအတွက် သွားကြမှာပဲ၊ ကြွကြပေါ့။ ဖမ်းဘို့ အစီအစဉ် မရှိပါဘူး" အကြောင်းပြန်လို့ စိတ်နဲနဲတော့ အေးသွားတယ်။ 

ဒါနဲ့ဘဲ ရန်ကုန်အတွက် အင်းစိန်ရွာမဆရာတော်၊ မေဒိနီဆရာတော်၊ တိပိဋက ဦးသုမင်္ဂလစတဲ့ဆရာတော်တွေဆီ သဘောထား တောင်းခံဖို့ ဦးတိက္ခိန္ဒြိယ(ပြည်ကြီးတံခွန်မစိုးရိမ်)၊ ဦးသုစိတ္တ(မြောက်ဒဂုံမစိုးရိမ်)တို့ ဦးဆောင်တဲ့ သံဃာတချို့က ရန်ကုန်ကို ဆင်းသွားကြတယ်။ 

သူတို့က ရထားပေါ်မှာဆိုတော့ အဲဒီနေ့ညက ဦးစောမောင် မိန့်ခွန်းပြောတာကို မသိလိုက်ဘူး။ သူတို့ ရန်ကုန်ရောက်တော့ သံချပ်ကာကားတွေ လမ်းပေါ် လှည့်နေပြီတဲ့။ အင်းစိန်ရွာမကျောင်းရှေ့မှာလဲ သံချပ်ကာကားတွေရော စစ်ကားတွေရော ရှိနေတော့ ဝင်လို့ မဖြစ်တော့ဘူးဆိုပြီး လွတ်လမ်းကိုယ်စီ ရှာကြရတော့တာဘဲတဲ့။ (အဲဒီကထဲက ကွဲသွားကြတာ တော်တော်များများ နှစ်ပေါင်း ၂၀/၃၀ မှ ပြန်တွေ့ကြတော့တယ်)

 ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် ပတ္တနိက္ကုဇ္ဇနအကြောင်း သေသေချာချာ မိန်းခွန်းထဲမှာ ထည့်ပြောသွားတော့ ဒါ သေချာပေါက် ဖြိုခွဲဖို့ အမိန့်ပေးတာလို့လဲ ယူဆလို့ ရနေပြီ၊ ရှောင်ကြမှ ဖြစ်မယ်လို့ ဦးတေဇာဓိပတိက ပြောပေမယ့် ခေါင်းဆောင်ပိုင်းက ခေါင်းရှောင်သလို ဖြစ်ပြီး အစုအဖွဲ့ ပြိုကွဲသွားမှာကိုလဲ စိုးရိမ်လို့ မရှောင်ဘူးလို့ ပြောဆိုနေ၊ ကျောင်းထဲမှာလဲ စုစု စုစု အုံးအုံးကျွက်ကျွက်တွေ ဖြစ်နေတုန်း ဘုန်းကြီးဦးရာဇက "ဒီရက်ပိုင်းမှာပဲ တိုက်ထဲဝင်ပြီး ဦးဆောင်တဲ့သူတွေကို ဖမ်းမယ်ဆိုတဲ့ သတင်း အတိအကျ ရထားပြီ။ ဒီတော့ ခေါင်းဆောင်တဲ့သူတွေ ဒီနေ့ပဲ လွတ်အောင် ရှောင်ကြပေတော့" လို့ ခေါ်ပြောတော့ ..အားလုံးက "ဆရာတော်..တပည့်တော်တို့ လုပ်ရဲလို့ လုပ်ခဲ့ကြပြီးပြီဘုရာ့။ ဖမ်းမယ်ဆိုလဲအသာတကြည်ပဲ အဖမ်းခံလိုက်ကြမယ်။ နောက်ပြီး ဘုန်းကြီးကောက နယ်သံဃာတွေရဲ့သဘောထားကို တောင်းခံခိုင်းနေပြီဘုရာ့" လို့ ဝိုင်းလျှောက်ကြတယ်။

ဒီလို ဝိုင်းလျှောက်တော့ ဆရာတော်က "မင်းတို့ လုံးဝ အဖမ်းမခံကြနဲ့ကွ။ အဖမ်းခံရပြီဆိုရင် ဘာမှ လုပ်မရပဲ နိုင်ငံရေး သေသွားတတ်တယ်။ နောက်ပြီး မင်းတို့တွေက ပျားဘုရင်မနဲ့ တူတဲ့၊ ရထားခေါင်းတွဲတွေနဲ့ တူတဲ့သူတွေ။ ပျားဘုရင်မ ရှိရင် နောက်လိုက် ပျားတွေ အလိုလို ပါလာတတ်သလို၊ ရထားခေါင်းတွဲရှိပြီဆိုရင်လဲ ဘယ်တွဲကို ကောက်ချိပ်ပြီး သွားရ သွားရ သွားလို့ ရတယ်။ ဒီတော့ မတွေ့အောင် ရှောင်၊ လွတ်အောင် ပြေး။ အရေးကြီးတာ တစ်ခုတော့ မှာလိုက်မယ်.. တော မခိုနဲ့၊ ဘုရား တရား မမေ့နဲ့။ ဟို..နယ်ဆင်းဘို့ ကိစ္စကို..နာမည်မထွက်သေးတဲ့ သူတွေကိုပဲ လွှတ်မယ်" လို့ တည်တည်ငြိမ်ငြိမ်နဲ့ မိန့်လိုက်တယ်။ ဪ...ကိုယ့်ကို ဆန္ဒပြတဲ့တပည့်တွေကို စိတ်မနာနိုင်အားတဲ့အပြင် တပည့်တွေအပေါ် ကျရောက်လာတော့မယ့် ဘေးရန်တွေကို ဆီးကာတတ်ပါပေကလား..လို့။
စုရပ်ဖြစ်တဲ့ သီတဂူဆွမ်းစားကျောင်းအောက်အရောက်မှာ ကျောင်းသားကြီးတွေကို "ကဲ..ဒို့ကိုတော့ ဆရာတော်က အမြန်ရှောင်ဘို့ ပြောပြီ။ ဝင်လာမယ့်သူတွေက ဒို့ကို ဦးတည်တယ်ဆိုပေမယ့် ကျောင်းသားတွေကို တွေ့ရင်လဲ အလွတ်ပေးမှာတော့ မဟုတ်ဘူး။ ဒီတော့ နှစ်တိုက်လုံးမှာ လာခိုနေတဲ့ ကျောင်းသားအားလုံးကို ရှင်းပြပြီး အမြန်ဆုံး ကိုယ်ရောင်ဖျောက်ကြတော့" လို့ ပြောလိုက်ချိန်မှာ မျက်ရည်တွေ ဝဲပြီး
"အဖမ်းမခံကြပါစေနဲ့" လို့ အပြန်အလှန် ဆုတောင်းပေးကြတယ်။ 

အမြန်ပြေးခိုင်းတော့ ပြေးဘို့ ပြင်ဆင်ရပြီပေါ့။ အဝင်စစ် အထွက်စစ် ဖြစ်နေချိန်မှာ လက်လွှတ် ခွက်လွှတ် ပြေးရမှာဆိုတော့ ဗကသရဲ့ မော်ကွန်းထိန်း ကိုဉာဏ်လင်းအောင်နဲ့ သာမဂ္ဂီနဲ့ ဥတ္တမဂျာနယ်ရဲ့မော်ကွန်းထိန်းတွေလဲ သူတို့ စနစ်တကျ ထိန်းသိမ်းထားတဲ့ ဂျာနယ်တွေ၊ ကြေငြာချက်တွေကို ဒီအတိုင်း ထားခဲ့ရသလို ရွာဟိုင်းသင်္ချိုင်း မဖျက်ခင်မှာ သူတို့ရဲ့ သူရဲကောင်းကြီး သခင်ဗဟိန်းရဲ့အုတ်ဂူကနေ ခွါထားတဲ့ ကမ္ပည်းပြားလေးကိုလဲ ဝေဒဂူကျောင်း ခေါင်းရင်းက ရေတွင်းထဲကို ပစ်ချလိုက်တယ်။ (အခုတော့ ရေတွင်းကို မြေဖို့ပြီး ကျောင်းဆောက်ထားလိုက်ပြီ)
ကိုယ်နေတဲ့ကျောင်းက ကိုယ့်ဆရာဘုန်းကြီးဦးကေ(ယခု မဟာနာယကဆရာတော်)ကို ကန်တော့ရင်း သွားနှုတ်ဆက်တော့ စိတ်မကောင်းတဲ့ မျက်နှာနဲ့ "ငါ့တပည့်တွေ လုံးဝ အဖမ်းမခံရပါစေနဲ့ကွာ၊ မျက်စေ့လျင်လျင် နားလျင်လျင်ထား၊ ဘုရား တရား လုံးဝမမေ့နဲ့" လို့ ဆို့ဆို့နင့်နင့် ဆုပေးရှာတယ်။ သူဆုပေးပြီးတာကို မသွားသေးပဲ ဆက်ထိုင်နေတော့ "ဟကောင်တွေ..အမြန်သွားကြတော့လေကွာ" လို့ ပြောတော့ ကိုယ်က "ဘုန်းကြီး..တပည့်တော်တို့မှာ ပြေးစရာ လမ်းစရိတ် တစ်ပြားမှ မရှိဘူးဘုရား" လို့ လျှောက်လိုက်မိတယ်ဆိုရင်ပဲ "ဘာကွ၊ မင်းတို့ဥတ္တမဂျာနယ်က ရံပုံငွေတွေရော" လို့ မေးလိုက်ချိန်မှာ "တင်ပါ့၊ လက်ထဲမှာ ရှိတဲ့ ရံပုံငွေ (၂၅၀၀၀) လုံးကို ဦးဉာဏိက(အမေရိကန်)ကြီးက "ဥတ္တမဂျာနယ် နောက်အပတ်ထူးမည်" လို့ ကြေငြာပြီး ရသလောက် ထုတ်ပစ်လိုက်တယ်ဘုရား။ အရင်ကတော့ (၂)ရက်ဆို အကုန်လုံး ကုန်တယ်။အခု..ဝင်ပေါက်ထွက်ပေါက်တွေ အကုန်ပိတ်ထားတော့ စာအုပ်တွေက ရိုက်ထားတဲ့အတိုင်း ရှိနေတယ်ဘုရား" လို့ လျှောက်လိုက်တော့ ဘုန်းကြီးကေခမျာ သက်ပြင်းကြီး ချပြီး " ဒါမျိုးက ဖြစ်တတ်ပါတယ်ကွာ။ ဟေ့ကောင်..ကုသလ၊ ဟို အဌသာလိနီစာအုပ် ယူလိုက်ကွာ၊ အဲဒီထဲမှာ ဘယ်လောက်ရှိလဲ ကြည့်လိုက်" ဆိုပြီး ခိုင်းတော့ "(၆၀၀) ရှိတယ်ဘုရား" လို့ လျှောက်တယ်။ အဲဒီလို လျှောက်တော့ ပြုံးပြုံးကြီးလုပ်ပြီး "အေး..အဲဒါ..ငါ ချမ်းသာသမျှ အကုန်ပဲ။ အကုန်သာ ယူသွားတော့" ဆိုပြီး စွန့်လိုက်တယ်။
အခုခေတ်တော့ (၆၀၀)ဆိုတဲ့ငွေဟာ ဖုံးဘေ တစ်ကတ်တောင် ဝယ်လို့ မရပေမယ့် အရင်ခေတ်ကတော့ အတော်ကြီးကို အသုံးခံတယ်။ ရန်ကုန် မန္တလေး ရထားစီးခ (၂၅)ကျပ်၊ ကျပ်(၃၀)လောက်ပဲ ရှိပြီး ရန်ကုန် မှာ တိုးပြီး ဝယ်ရတဲ့ "ရှားမီးသကြားလုံးတစ်ထုတ်မှ ပြား(၃၀)ပဲ ရှိတဲ့ခေတ်။
ညနေ(၃)နာရီမှာ ထွက်ဘို့ ပြင်ကြတယ်။ ဒီမူရင်းပုံစံတွေအတိုင်း ထွက်ရင်တော့ လမ်းထိပ်ရောက်တာနဲ့ အဖမ်းခံရမယ်လို့ တွေးပြီး ပုံစံပြောင်းဘို့ လုပ်ကြတယ်။ အရင် ဝတ်နေကျ သင်္ကန်းအရောင်တွေကို ပြောင်း၊ မျက်မှန်တွေ တပ်၊ ယပ်တောင်ကြီးတွေ ထမ်းပြီး ရွှေကျင်ဦးဇင်းတွေစတိုင် ရွှေဂူတိုက် တောင်ဘက်ပေါက်က ထွက်ကြတယ်။ အရပ်အမောင်းရှည်တဲ့ မောင်ကု(ကိုခင်ဇော်)နဲ့ ဦးဣန္ဒာစာရ(ကိုအောင်ကြိုင်၊ လယ်ဝေး)တို့က ရှေ့ကနေသွားပြီး အရပ်အပုဆုံးဖြစ်တဲ့ ကိုယ်က နောက်က လိုက်ခဲ့ရတယ်။ စုံထောက်ကြီးဦးရှံစားက ဦးဒိန်းဒေါင်နှစ်ယောက်ကို ရှေ့မှာ ကာခိုင်းထားသလိုလို။ မျက်လွှာချ၊ ယပ်တောင် ကွယ်ပြီးအထွက် (၄၁)လမ်းမှာ တာဝန်ကျတဲ့အရာရှိက ပီဘိ ဆရာတော်ကြီးတွေလို့ ထင်ပြီး " ဘုန်းဘုန်းတို့ ဘယ်ကြွမလို့ပါလဲဘုရား" လို့ လက်အုပ်ချီပြီး မေးတော့ ရှေ့ဆုံးမှာ ရှိတဲ့ မောင်ကုက "နာရေးကြွစရာ ရှိလို့ဒကာ" လို့ ဖြေလိုက်တယ်။ ဒီတော့ အရာရှိက လက်အုပ်ကလေး ချီပြီး "ကြွကြပါဘုရား၊ ကြွကြပါဘုရား" လို့ လျှောက်ပြီး သွားခွင့် ပြုလိုက်တယ်။ ဒါတောင် ဘွဲ့တွေ ဘာတွေ မမေးလို့၊ မေးသာ မေးခဲ့ရင် သဒ္ဒါကျမ်းထဲက ဆိုရခက်တဲ့ "ဒဒ္ဒရိ” တို့၊ “ဍိဏ္ဍိမ” တို့လို ပုဒ်တွေကို ဘွဲ့နာမည်အဖြစ် ပြောဘို့ တိုင်ပင်ခဲ့ပြီးသား။
သင်္ဘောဆိပ်ရောက်တော့ လှေနဲ့ ဦးဓမ္မသီလိတ(ပါလကျောင်းနဲ့ မဟာဝရဇိန်မစိုးရိမ်တိုက်သစ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသီလိတာဘိဝံသ)ရွာဖြစ်တဲ့ ဟင်းရွက်စုကို ရောက်သွားကြတယ်။ ရွာရောက်သွားတော့ ဆရာတော်က ပျူပျူငှာငှာနဲ့ ဧည့်ဝတ်ပြုရင်း လက်ခံ စကားပြောပြီး အခြေအနေတွေ မေးတယ်။ ဖြစ်ကြောင်း ကုန်စင် လျှောက်ထားလိုက်တော့ အတော် စိတ်မကောင်း ဖြစ်သွားတယ်။ ပြီးမှ ဆရာတော်က "ဒီရွာမှာလဲ သူတို့ လူတွေ ရှိတယ်ကွ။ ဒါပေမယ့် စိတ်တော့ မပူပါနဲ့။ မောင်ရင်လေးတို့
အတွက် စိတ်ချရမယ့် နေရာတစ်ခုကို ညွှန်လိုက်မယ်။ အဲဒီနေရာကတော့ မင်းကွန်းဆရာတော်ကြီးရဲ့ အရိပ်အောက်ပဲ" တဲ့။
နောက်တစ်နေ့ မနက်အစောပိုင်းမှာ လှေငှားပြီး မင်းကွန်းကို သွားကြတယ်။ ဆရာတော်ကြီးကျောင်းရောက်တော့ တိုက်ကနေ နိကာယ်သွားကျက်ကြတဲ့ ဦးဣန္ဒက(ယခု တောင်ငူ၊ ဓမ္မာစရိယ တက္ကသိုလ်၊ ဒွိပိဋကဆရာတော်)၊ ဦးနေမိန္ဒ(ယခု တောင်ကြီး၊ သိမ်တောင် စာသင်တိုက်ဆရာတော်)စတဲ့ သူငယ်ချင်းတွေနဲ့ တောင်ငူက မောင်ကုသူငယ်ချင်းဖြစ်တဲ့ ဦးစန္ဒောဘာသ(ယခု ရိပ်သာဆရာတော်)စတဲ့ သူတွေက အားပေးနှစ်သိမ့်ပြီး လက်ခံပေးကြတယ်။ အဲဒီကမှ ဘုန်းကြီးကေရဲ့သူငယ်ချင်းနေတဲ့ "ရွှေညောင်ပင်" ကျောင်းကို ရောက်သွားကြတယ်။
​ မင်းကွန်းရောက်ပြီး နောက်တစ်နေ့မှာ မန္တလေးမြို့ပေါ်က ကျောင်းတိုက်တွေပေါ်ကို ရဟတ်ယာဉ်တွေနဲ့ စာတွေ ကြဲကြတယ်။ စာမှာပါတဲ့ အကြောင်းအရာကတော့ "ဒီစာရွက်ကြဲတဲ့နေ့ (၂)နာရီမှာ သပိတ် လှန်ပေးကြဘို့နဲ့ အကယ်၍ လှန် မပေးရင် ကျောင်းတိုက်တွေထဲကို စီနင်းဝင်ရောက်မယ်" ဆိုတဲ့ ရာဇသံပါ။ နောက်ပြီး သပိတ်လှန်ဘို့ ကိစ္စနဲ့ နယ်ဆင်းရင် မဖမ်းပါဘူးလို့ ကတိပေးပြီး တကယ်တန်း နယ်ဆင်းကြတဲ့သူတွေကို လမ်းမှာတင် ဖမ်းလို့ အတင်းရှောင်ပြေးကြရတယ်လို့ သိရတယ်။