Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၇



လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၇

(မိုးမခ) မတ် ၂၈၊ ၂၀၂၀

နည်းပညာအကူအညီများ

လမ်းထောင့်ဖဲဝိုင်းက မိတ်ဆွေများခင်ဗျား ... အခုအချိန်ဟာ အရေးပေါ် အထူးအချိန်အခါ ဖြစ်ပါတယ်။သတ်မှတ်ချက်အတိုင်း အိမ်ထဲမှာပဲနေကြပါ။
ပျော်စရာအချိန်တွေ အများကြီးအတွက် ယာယီသည်းခံကြပါ။ ဖဲဝိုင်းကိုသိမ်းပေးပါ။

လမ်းပေါ်က ဈေးဝယ်ပြန်လာတဲ့ဒေါ်ကြီးခင်ဗျာ။ နှာခေါင်းစည်း တပ်ထားပါ။ ဒါဟာအဒေါ်ကြီးရဲ့အတွက်သာမက အဒေါ်ကြီးချစ်မြတ်နိုးတဲ့ အိမ်ကမိသားစုများအတွက်လည်း တာဝန်ယူရာရောက်ပါတယ်။

ဒါတွေကတော့ တရုတ်ပြည်မှာတပြည်လုံးအတိုင်းအတာ အဆင့်အမျိုးမျိုးနဲ့ ပိတ်ချလိုက်ပြီးနောက် (ဇန်နဝါရီလ-၂၃ ရက်နောက်ပိုင်း)နေရာတချို့မှာ ရဲဌာနများ က အသံချဲ့စက်တပ်ထားတဲ့ လူမပါတဲ့ ဒရုန်းများကတဆင့် ဗီဒီယိုများနဲ့ စောင့်ကြပ်ကြည့်ရှုနေရာက တွေ့ရတဲ့ဖောက်ဖျက်မှုများကို သတိပေးပြောနေကြတာပါ။

ဖဲဝိုင်းကလူတွေ အိမ်ထဲဝင်ပြေးကြရပြီး အမျိုးသမီးကြီးကလည်း နှာခေါင်းစီး ထုတ်တပ်လိုက်ပါတယ်။

ကျွန်တော်တို့ရဲ့လုပ်ငန်းကို ကူညီပေါင်းစပ်တာကို ကျေးဇူးတင်ပါတယ်။

ဒါတွေကတော့ တရုတ်ပြည် ဗိုင်းရပ်ရောဂါတိုက်ဖျက်တဲ့ အစောပိုင်းကာလများကတွေ့ရတဲ့ သတင်းပုံရီပ်များပါ။

တရုတ်တွေက ဒီကာလများအတွင်း အဆင့်အသီးသီးမှာ သူတို့နိုင်ငံရဲ့ နည်းပညာတိုးတက်မှုကို အသုံးပြုနိုင်ခဲ့ပါတယ်။ တရုတ်သိပွံပညာရှင်တွေ သုတေသနသမားတွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို ဘယ်လောက်ကြိုးစားလုပ်ဆောင် တီထွင်ဖန်တီးပေးခဲ့ကြတာ တွေ့ရပါတယ် ။ တိုင်းပြည်က သုတေသနလုပ်ငန်းများအတွက် ငွေတွေ ပုံအောသုံးခဲ့တာ ဖြစ်ပါတယ်။

၅ ဂျီနည်းပညာနဲ့သုံးတဲ့ စက်ရုပ်အမျိုးမျိုး(5G Robots) ဉာဏ်ရည်တု (Artificial Intelligent A.I) အသုံးပြုတဲ့ ဆေးရုံသုံးစက်ယန္တရားအမျိုးမျိုးစတာတွေဟာ လူလူချင်းအကြားဆက်သွယ်မှုတွေကိုလျှော့ချနိုင်တဲ့အတွက် ရောဂါကူးစက်မှုနှုန်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

ဒါတွေကို အကောင်းဆုံးထုတ်ဖော်ပြသလိုက်တဲ့နေရာကတော့ ဝူဟန့်မှာ အမြန်တည်ဆောက်ပြခဲ့တဲ့ လူနာထောင်နဲ့ချီ လက်ခံကုသနိုင်တဲ့ အဆင့်မြင့် ဗိုင်းရပ်ရောဂါကုဆေးရုံကြီး (၂) ရုံမှာပါ။ (နောက်ပိုင်းမှာတော့ အဲဒီဆေးရုံတွေမှာ သုံးခဲ့တာတွေကို တခြားနေရာအသီးသီးက ဆေးရုံတွေမှာလည်း သုံးနိုင်လာကြပါတယ်။)

ဆေးရုံရဲ့လုပ်ငန်းအမျိုးမျိုး ပိုးသတ်တာ ဆေးဝါး အစားအသောက်စတာတွေ ပို့ဆောင်ပေးတာ၊ ကိုယ်အပူချိန်တိုင်းတာ၊ ဆရာဝန် ဆေးဝန်ထမ်းများရဲ့လုပ်ငန်းအမျိုးမျိုး - ဥပမာ ဆေးမှတ်တမ်းများကို ရေးစရာမလိုဘဲ ပါးစပ်ကပြောသွားသမျှကို cloud computing အသုံးပြုပြီးစာနဲ့ပေါ်လာတဲ့ နည်းပညာတွေ အဝေးထိန်း စက်တွေနဲ့ ဆရာဝန်တွေဆွေးနွေးပွဲတွေ၊ ညှိနှီုင်းတိုင်ပင်နိုင်မှုတွေ၊ ဓာတ်မှန် စီတီအကဲဖြတ်ချက်တွေကို အဝေးက ဓာတ်မှန်အထူးကုဆရာဝန်များက ကြည့်ရှုစစ်ဆေးနိုင်မှုတွေ စတာစတာတွေ တွေ့နိုင်ပါတယ်။
၅ဂျီနည်းပညာနဲ့ထုတ်လွှင့်နိုင်မှုများကပိုမိုကျယ်ပြန့်-အဆင့်မြင့် မြန်နှုန်းမြင့်မှုတွေ ကြောင့် ဖြစ်စဉ်အားလုံးကိုတပြေးညီတပြည်လုံးကပြည်သူများကိုအသိပေးနိုင်ခဲ့ပါတယ်။

ဒီနည်းပညာနဲ့ပဲ တယ်လီကွန်ဖရင့်တွေလုပ်နိုင်ပြီး အနယ်နယ်အရပ်ရပ်က ဆေးဝန်ထမ်းများအကြား အတွေ့အကြုံဖလှယ်တာတွေ၊ အကြံဉာဏ်တောင်းတာတွေ လုပ်နိုင်ကြပြီး ရောဂါထိန်းသိမ်းရေးမှာပဲဖြစ်ဖြစ်၊ကုသရေးမှာပဲဖြစ်ဖြစ် အလွန်ကောင်းတဲ့ အကျိုးဆက်တွေကိုရရှိခဲ့ပါတယ်။

ဆေးဝါးဆိုင်ရာသုတေသနလုပ်ငန်းများကနေ အကျိုးတွေရှိလာတာကိုလည်း တွေ့နိုင်ပါတယ်။
ရောဂါအကဲဖြတ်ဆေးများ ထုတ်လုပ်မှု( diagnostic kits) ။ရောဂါဆန်းတမျိုးဖြစ်နေတယ် ဆိုတာကြေညာအပြီး တပတ်အကြာမှာပဲ အဲဒီဗိုင်းရပ်ရောဂါပိုးရဲ့မျိုးဗီဇကို တရုတ်ပညာရှင်များတွေ့ပြီး ကမ္ဘာကိုမျှဝေပေးခဲ့ပါတယ်။

အဲဒီရရှိချက်ကို အခြေပြုပြီး ရောဂါအကဲဖြတ်ဆေး ရောဂါကုဆေး ကာကွယ်ဆေ းရှာဖွေသုတေသနပြုရေး ထုတ်လုပ်ရေး စတဲ့ လုပ်ငန်းတသီကြီးကို တရုတ်ပြည်မှာသာမက ကျန် နိုင်ငံအများအပြားကပါ အသည်းအသန်ကြိုးစား လုပ်ဆောင်လာကြတာပါ။

တရုတ်ပြည်ရဲ့ ရောဂါအကဲဖြတ်ဆေးထုတ်လုပ်မှုဟာ အစောပိုင်းမှာ အလွန်နည်းပါးလို့ (တနေ့ အလုံး ၃၀၀) တချို့ ရောဂါလက္ခဏာမပြင်းထန်သူများ (သို့သော် ပိုးသယ်ဆောင်ထားလို့ တခြားလူကိုကူးစက်ပေးနိုင်) ကိုမစစ်ဆေးနိုင်လို့ လွတ်ကုန်ပါတယ်။ နောက်ပိုင်း အစိုးရစက်ရုံများသာမက ပုဂ္ဂလိကပိုင်စက်ရုံများကပါအများအပြားထုတ်ပေးနိုင်တဲ့အပြင် သုတေသနလုပ်ငန်းများကလည်း တပြိုင်တည်း ဆက်လက်လုပ်ဆောင်နိုင်မှုတွေကြောင့် ရောဂါအကဲဖြတ်ချိန်ကို လျှော့ချလာနိုင်ခဲ့ပါတယ်။ အခုနောက်ဆုံးထုတ်ဆေးတွေဟာ (၁၅) မိနစ်အတွင်း အဖြေပေါ်သတဲ့။

ထို့အတူ ဆေးဝန်ထမ်းများ ရောဂါမကူးစက်ရေးအတွက် အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းအားလုံးထုတ်လုပ်ရေး၊ ကုသရေးအတွက် လိုအပ်တဲ့ဆေးဝါးများ (အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးအမျိုးမျိုး ) အဆင့်မြင့်အသက်ကယ်ကိရိယာအမျိုးမျိုး (အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိရိယာများ၊(ECMO.Ventilaters) တခြားအင်ဂျင်များ (နှလုံး၊ကျောက်ကပ်) အစားထိုးစက်မျာ းထုတ်လုပ်ရေး စတာတွေကလည်း အလွန်အဆင့်မြင့်ရုံမက အလွန်တိုတောင်းတဲ့ အချိန်မှာ အများအပြားထုတ်လုပ်နိုင်ခဲ့ကြပါတယ်။

အစောပိုင်းကာလများမှာ အသက်ကယ်စက်များ မလောက်လို့ တနိုင်ငံလုံးက (I.C.U) အိုင်စီယူများ အသက်ကယ်အခန်းများမှ လူအားပစ္စည်းအား ၁၀% ထုတ်ပြီး ဝူဟန့်ကို ပို့ခဲ့ရတာပါ။

ဒါ့အပြင် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက်လည်း အပူတပြင်းကြိုးစားနေကြပါတယ်။ တရုတ်ဆေးပညာရှင်များဟာ ၂၀၀၃ခုနှစ် ဆားစ်ရောဂါ ဖြစ်ပြီးချိန်ကစလို့ ဗိုင်းရပ်ပိုးများနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းများကို နိုင်ငံအသီးသီးက ပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဥပမာ - တရုတ်ပြည်မှာနှစ်စဉ် ဆောင်းအဝင်မှာထိုးရတဲ့ တုပ်ကွေးရောဂါကာကွယ်ဆေး (အသက်(၆၀)ကျော်နဲ့ ကျောင်းသားများအခမဲ့ ထိုးပေးတာ) ဆိုပါစို့။ တုပ်ကွေးဗိုင်းရပ်ရောဂါပိုး (၇-၈) မျိုးအတွက် ကာကွယ်ဆေးဖြစ်ပြီး နှစ်စဉ် ရောဂါပိုး (၃-၄) မျိုး အပြောင်းအလဲ လုပ်ပေးထားတာပါ။ ကိုရိုနာရောဂါပိုး မျိုးစိတ်ကြီးထဲက အမျိုးအစားများဖြစ်တဲ့အတွက် နှစ်စဉ် ၃-၄ နှစ် ဆက်တိုက်ထိုးထားရင် တုတ်ကွေးရောဂါပိုး အတော်များများကိုကာကွယ်နိုင်တယ် လို့ဆိုကြပါတယ်။ (ဝူဟန်ကို အကူအညီပေးဖို့သွားကြတဲ့ ဆေးဝန်ထမ်းများအားလုံး အဲဒီတုပ်ကွေး ကာကွယ်ဆေးတွေ ထိုးရပါတယ်။)

ဒါ့အပြင် လူနာတွေ များပြားလာရင် သုံးနိုင်မယ့် ယာယီဆေးရုံ (ရွှေ့ပြောင်းဆေးရုံ) Mobile -hospital စတာများကိုလည်း အစုံလိုက် ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ (အခုနောက်ပိုင်း တခြားတိုင်းပြည်များကို ကူညီရာမှာအဲဒါတွေ ထည့်ပေးနေပါတယ်။)

(Mobile Incineration cabin) ရွှေ့ပြောင်းအမှိုက်မီးရှို့စက်တွေ (ကွန်တိန်နာ-၃ခုအတွင်း) တနေ့ တန်ချိန် ၅တန် ဆေးရုံစွန့်ပစ်ပစ္စည်းများကို မိနစ်(၂၀)အတွင်း အန္တရာယ်ကင်းတဲ့ ပြာများဖြစ်သွားစေနိုင်တဲ့ စက်များ ကိုလည်း ဝူဟန့်မှ ာစတင်သုံးစွဲလာတာတွေ့ရပါတယ်။

ဒီနည်းပညာတွေရဲ့အသုံးဝင်မှုတွေကို တခြားနေရာအသီးသီးမှာလည်း တွေ့ရပါတယ်။ (ဥပမာ - ကျောင်းတွေပိတ်ထားရပေမယ့် အင်တာနက်ကနေ စာတွေ သင်ကြားပို့ချပေးနေတာ)

ဒါတွေက ဘာကို ဖော်ပြနေသလဲ။

တရုတ်အစိုးရအနေနဲ့ နည်းပညာတိုးတက်ရေး တီထွင်ဖန်တီးရေး စတာတွေကို အမျိုးသားအဆင့် မူဝါဒများအဖြစ် သတ်မှတ်ပြီး အစိုးရတဦးတည်းသာမက ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ပါ ပေါင်းစပ်ပြီး လူထုအတွက် ဝန်ဆောင်လုပ်ငန်းများဆိုင်ရာ အခြေခံအဆောက်အအုံတွေ (Public good service infrastructure)
ကိုတည်ဆောက်ထားနိုင်ပြီး ဒါတွေကို အရေးပေါ်လိုအပ်လာချိန်များမှာ တဆင့်ပြီး တဆင့် ခလုတ်နှိပ်ပြီး activate လှုပ်ရှားနိုင်အောင် လုပ်ဆောင်ထားနိုင်တယ် ဆိုတာပါပဲ။

ပြည်သူလူထုရဲ့အကျိုးကို သယ်ပိုးချင်တဲ့ အစိုးရများအနေနဲ့ တိုင်းပြည်တွေမှာ သေနတ်သံတွေ ရပ်စဲ၊ ငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှသာလျှင် ဖွံ့ဖြိုးတိုးတက်ရေးကို အိတ်သွန်ဖာမှောက်လုပ်နိုင်ပြီး လူထုအကျိုးပြုလုပ်ငန်းများ (ဥပမာ - ကျန်းမာရေးပညာရေး) ကို ပြည့့်ဝသည်ထက်ပြည့်ဝအောင် ပြည့်စုံသည်ထက် ပြည့်စုံအောင် လုပ်နိုင်မှာဖြစ်ကြောင်းကိုလည်း တကမ္ဘာလုံးကပြည်သူများကို သတင်းစကားပေးပို့လိုက်တာလို့ ယူဆမိပါတယ်။

လှကျော်ဇော။
၂၆-၃-၂၀၂၀။