ကောင်းဇေလူ - ပြည်သူကို ချမပြတဲ့ တရုတ်မြန်မာ စီးပွားရေးစာချုပ်တွေ တရားဝင်သလား
ကောင်းဇေလူ - ပြည်သူကို ချမပြတဲ့ တရုတ်မြန်မာ စီးပွားရေးစာချုပ်တွေ တရားဝင်သလား
(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၂၃
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မြွေပူရာ ကင်းမှောင့်ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ စစ်အာဏာရှင် အဆက် ဆက်ဟာ သူတို့ရဲ့ ဖက်ဆစ်အာဏာထူထောင်ရေးအတွက် နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ၁၉၆၂ ကနေ လက်ရှိအချိန် အထိ နှစ်ပေါင်းခြောက်ဆယ်ကျော် အလွဲသုံးစားလုပ်ခဲ့ကြတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကို ဆင်းရဲမွဲတေ ချွတ်ခြုံကျအောင် လုပ်ခဲ့ကြတယ်။ အခုလည်း မြန်မာ့ပိုင်နက်နယ်မြေ ဧရိယာအများအပြားကို တရုတ်လက်ထိုးအပ်ဖို့လုပ် နေတာကို မြင်တွေ့နေရတယ်။
၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်နေ့က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး နောက်ဆက်တွဲဖြည့်စွက်စာချုပ်ကို နေပြည်တော်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးခဲ့တယ်လို့ ဆို တယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင် အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အထူး စီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောခဲ့ကြောင်း သတင်းမီဒီယာမှာ ဖော်ပြလာတယ်။
ဒီစီမံကိန်းဟာ ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းနဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ မြှင့်တင်ပေးမယ့် စီမံကိန်းဖြစ်တယ် လို့ စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြောင်း RFA သတင်းက ဆိုတယ်။ ဒီပြောဆိုမှုနဲ့ပတ်သက်လို့ ကျောက်ဖြူ ဒေသခံတွေက အယုံအကြည်နည်းကြောင်း သတင်းတွေအရ သိရတယ်။ ကျောက်ဖြူဒေသမှာ ပြီးခဲ့တဲ့ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းတွေတုန်းကလည်း အာဏာပိုင်တွေက အခုလို မက်လုံးပေး ပြောဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ ပြောသလိုဖြစ်မလာဘဲ ဒေသခံတွေပဲ ထိခိုက်နစ်နာခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံတွေ က RFA ကို ပြောကြောင်း သိရတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ် နိုင်ငံက ၇၀ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ကွန်တိန်နာတင် သင်္ဘောတွေရပ်နားနိုင်တဲ့ ဆိပ်ခံတံတား ဆယ်ခု ပါဝင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်က ပိုက်လိုင်းတလျှောက် ဒေသခံတို့ရဲ့ လယ်ယာမြေ သိမ်းယူခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူတွေ လျော်ကြေး မရခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ် လို့ဆိုတယ်။ ပိုက်လိုင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ သိရှိနားလည်စေဖို့ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော် ပြောဆို ရှင်းပြတာမျိုး မရှိခဲ့ဘူးလို့သိရတယ်။ ဒါကြောင့် ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ခဲ့ဖူးတယ်။ မတရားမှုတွေကို မကျေနပ် တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြဖူးတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ Environmental Impact Assessment – (EIA) နဲ့ Social Impact Assessment – (SIA) တွေကို ဒေသခံတွေ သိရှိအောင် ထုတ်ဖော် ပြောကြားတာမျိုးလည်း မရှိခဲ့ဘူး။ အခု ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက ဘာမှ မသိရဘူးလို့ ဆိုကြ တယ်။ အမှန်တော့ ဒီလို ကိစ္စရပ်တွေမှာ ဒေသခံလူထုကို ကြိုတင် အသိပေးရုံမက၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ဒေသခံတွေရဲ့ အသံတွေကို နားထောင်ဖို့လည်း လိုပါတယ်။ ကွင်းဆင်းပြီး လေ့လာသင့်ပါတယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံသိုလှောင်ရုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ စီမံကိန်း၊ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းစတဲ့ စီမံကိန်းတွေကို တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီတခုဖြစ်တဲ့ (China National Petroleum Corporation – CNPC) နဲ့ တရုတ်ကုမ္ပဏီများ၊ ကိုးရီးယားပိုင် ဒေဝူး၊ ဟွန်ဒိုင်း နဲ့ အန္ဒိယ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေက ကုမ္ပဏီများကလည်း စီမံကိန်းအလိုက် တာဝန်ယူ တည်ဆောက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသရဖူ၊ 7-Star, PSC, Myint and Association စတဲ့ ကုမ္ပဏီများလည်း တည်ဆောက်ရေး လုပ်ငန်း တချို့မှာ ပါဝင်ခဲ့ကြောင်း၊ ဧရာဝတီသတင်းမှာ ဖော်ပြခဲ့ဖူးတာ တွေ့ရတယ်။
ကျောက်ဖြူ စီမံကိန်းတွေဟာ တရုတ်နိုင်ငံအတွက် စွမ်းအင် လောင်စာ ရရှိရေး အဓိက ဖြစ်တယ်။ ဒေသခံတို့အတွက် ထက် တရုတ်အကျိုးစီးပွားအတွက် ပဓာနထားတဲ့ စီမံကိန်း ဖြစ်တယ်။ ဒီ စီမံကိန်းနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းပေးရေး အဆိုကို RNDP ပါတီမှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးဘရှိန်က ၂၀၁၁ စက်တင်ဘာလ ၂၇ ရက်နေ့ လွှတ်တော် တင်သွင်းခဲ့ဖူးတယ်။ ဦးဘရှိန်က ရခိုင်ကမ်းလွန်ဒေသရှိ ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းမှ ထွက်တဲ့ စွမ်းအင်နဲ့ ဒေသခံပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အားပေးရေး လွှတ်တော်မှာ မေးမြန်းခဲ့ရာ၊ ပြည်ထောင်စု အဆင့် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက တရုတ်နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီး ဖြစ်တယ်လို့ ပြန်လည် ဖြေဆိုခဲ့တဲ့ ဖြစ်စဉ်အရ တရုတ်အကျိုးစီးပွားက ပဓါနဖြစ်နေတာ ထင်ရှားပါတယ်။ ဦးသန်းဌေးရဲ့ ဖြေဆိုမှုဟာ တာဝန်မဲ့ စကားဖြစ်လို့ ရခိုင်ပြည်သူ တွေနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ကန့်ကွက်ခဲ့ကြကြောင်း ဧရာဝတီသတင်းမှာ ဖေါ်ပြခဲ့ဖူးတယ်။
စီမံကိန်းပြီးသွားရင် တနှစ်ကို ပေနှစ်ဆယ် ကွန်တိန်နာ အလုံးရေ ခုနစ်သန်း အတင်အချလုပ်နိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံက ထွက်တဲ့ ကုန်စည်တွေကိုလည်း ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ ဥရောပ၊ တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေကို တိုက်ရိုက်တင်ပို့သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုတယ်။ ဒီစီမံကိန်းကိုဒေသခံတွေက လိုလိုလားလားရှိပြီး အမြန်ဆုံး အကောင် အထည်ဖော်ဖို့ တောင်းဆိုတာတွေရှိတယ်လို့ စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးက လက်မှတ်ရေးထိုးအပြီးပြုလုပ်တဲ့ ဒီဇင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတယ်။ ဒါပေမဲ့ စီမံကိန်း ဧရိယာမှာရှိတဲ့ ဒေသခံတွေကတော့ ဒီရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တောင်းဆို သူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တချို့သာ ဖြစ်တယ်လို့ ကျောက်ဖြူ ဒေသခံတွေက RFA ကို ပြောကြောင်း သိရတယ်။
ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာထဲက ဒေသခံတွေဟာ ငါးဖမ်းလုပ်ငန်းကိုပဲ အဓိက အမှီပြုနေကြ တာဖြစ်လို့ စီမံကိန်း စတင်လာရင် မူလအလုပ်အကိုင်တွေလည်းမရတဲ့အပြင် လုပ်လက်စ ငါးဖမ်း လုပ်ကွက်တွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့ ဆိုတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒေသခံတွေတွက် ဘယ်လို အလုပ်အကိုင်တွေ ပေးမယ်၊ ဘယ်လို အခွင့်အလမ်းတွေ ပေးမယ်ဆိုတာကို တိတိကျကျ တရားဝင် ချပြဖို့လိုအပ်တယ်လို့ ကျောက်ဖြူ ဒေသခံတွေက ဆိုတယ်။
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီတွေဟာ နိုင်ငံတကာကျင့်ဝတ်တွေကို စောင့်ထိန်း လိုက်နာမှု အလွန်အားနည်းတဲ့ သတင်းတွေ မကြာခဏ ကြားနေရတယ်။ စစ်ကောင်စီဟာ မြန်မာပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အတွက် တရုတ် မြန်မာ စီးပွားရေး-ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ပတ်သက်လို့ ဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး။ စစ်ကောင်စီဟာ သူ အာဏာဆက်ထိန်းနိုင်ဖို့ တရုတ်ကို အလျှော့ပေးဆက်ဆံနေရုံမက နိုင်ငံရဲ့ တောတောင်ရေမြေတွေကိုပါ ထိုးအပ်နေတဲ့ သဘောတွေ့ရတယ်။
လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ တွေ့ရတယ်။ တရုတ်နိုင်ငံက ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုခဲ့ရင် ဒီစီမံကိန်းတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို AA အပေါ် တာဝန်ကျလာနိုင်ပါတယ်။
“တရုတ်စီမံကိန်းတွေကတော့ ကျောက်ဖြူမှာ တော်တော်များများလုပ်ပြီးပြီ။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရယ်၊ ရေနံပိုက်လိုင်းရယ် နောက်ပြီး ရေနံတင်သင်္ဘော၊ ဆိပ်ကမ်းစီမံကိန်းတွေရယ် အများကြီး လုပ်ပြီးပြီ။ သို့သော် ကျွန်တော်တို့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိတာ အင်မတန်နည်းပြီး ဝင်ငွေလည်းနည်းတယ်။ အခု သူတို့လုပ်လာမယ့် စီမံကိန်းက ဘယ်လိုအခြေအနေလဲ၊ အလုပ်အကိုင် အခွင့်အလမ်းရမယ်ဆိုရင် ဘယ်လို အလုပ်မျိုးကို ပေးမယ်ဆိုတာကို တော့ လူထုကို ပွင့်ပွင့်လင်းလင်း ချပြစေချင်ပါတယ်” လို့ ဒေသခံတဦးက RFA ကို ပြောကြောင်းသိရတယ်။ စစ်ကောင်စီ ဘက်ကရော၊ တရုတ်ဘက်ကရော ဒေသခံတွေကို တိတိကျကျ တရားဝင် ချပြတာမရှိတဲ့ အတွက် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကနေ ဒေသခံတွေအတွက် မျှော်လင့်စရာ မရှိဘူးလို့လည်း ဆိုနေကြတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထူး စီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ရာ ယခင် အစိုးရလက်ထက် လွှတ်တော်က အတည်ပြုခဲ့ပြီး နောက်တစ်ရက်မှာပဲ တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံတကာ ရန်ပုံငွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CITIC) အုပ်စုကို တင်ဒါ အအောင်ပေးခဲ့ကြောင်း သတင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလို ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တဲ့ အပေါ်ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ကြောင်း ၂၀၁၆ ဇန်နဝါရီလဆန်း ဘီဘီစီ သတင်းမှာ ဖော်ပြဖူးပါတယ်။
ဦးသိန်းစိန် အစိုးရသက်တမ်း လအနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာ တရုတ်ကုမ္ပဏီရဲ့ အကျိုးစီးပွား များများရအောင် တွန်းပြီးလုပ်နေတာ ဖြစ်တယ်လို့ ဒေသတွင်း ရခိုင်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။ ရန်ကုန် အခြေစိုက် “ရခိုင်သဟာယ အသင်း” ကလည်း ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တဲ့ ကျောက်ဖြူ စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိပဲ၊ ဒေသခံ လူထုရဲ့အသံကိုလည်း လျစ်လျူရှုထားတယ်လို့ ဝေဖန်သံတွေ ပေါ်ခဲ့ဖူးတယ်။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ဒီစီမံကိန်းဟာ လုပ်သင့်တာမှန်ပေမယ့် ပွင့်လင်း မြင်သာမှုရှိဖို့လိုတယ်၊ အခုဟာက ဒေသရဲ့ အကျိုးစီးပွားထက် တစုံတဦးရဲ့ အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့် ပေးထား ခဲ့ချင်ပုံ ရတယ်လို့ပဲ မြင်တယ်” လို့ ပြောဆိုကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြခဲ့တယ်။
လွှတ်တော်မှာ ကျောက်ဖြူ စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ရာမှာလည်း ဘယ် ကုမ္ပဏီတွေနဲ့ ဘယ်လို တည်ဆောက်သွားမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ရှင်းပြမှု မရှိကြောင်း၊ အစိုးရ အနေနဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင်းလင်း မြင်သာမှုရှိဖို့လိုကြောင်း၊ ရိုးသားမှုရှိဖို့ လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုခဲ့ဖူးတယ်လို့ ဧရာဝတီသတင်းထောက် ခင်ဦးသာရဲ့ သတင်းပေးပို့ချက် တစ်ခုမှာ ဖော်ပြထားဖူးတယ်။
လက်ရှိမှာတော့ စီမံကိန်းတည်ဆောက်မယ့် ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေက နယ်မြေအများအပြားကို ရက္ခိုင့် တပ်တော်(AA)က စိုးမိုးထားပြီး စီမံကိန်းစတင်မယ်ဆိုရင် တရုတ်အနေနဲ့ AA နဲ့ပါ ညှိနှိုင်းရမယ့် အခြေအနေ ရှိတယ်လို့ လည်း ဝေဖန်မှုတွေ ရှိနေတယ်။ ဒီစီမံကိန်းကို နိုင်ငံရေးတည်ငြိမ်တဲ့ အချိန်မျိုးမှာသာ လုပ်ခွင့်သာမှာဖြစ်ပြီး နိုင်ငံရေး မတည်ငြိမ်တဲ့ အခုလို ကာလမျိုးမှာ ဒီစီမံကိန်း ဘယ်လိုမှစတင်လို့ မရနိုင်ဘူးလို့လည်း ဆိုနေကြတယ်။
လက်ရှိ အခြေအနေအရ မြေပြင်မှာ အကောင်အထည်ဖော်ဖို့ ပြဿနာ မြောက်မြားစွာ ရှိနေတာ ထင်ရှားပါတယ်။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ ရေရှည်ကို တွက်ဆရင် မြန်မာပြည်သူတွေ ဘက်က ရပ်ကြည့်ဖို့လိုတယ်။ ပြည်သူ့ထောက်ခံမှု လုံးဝမရှိရုံမက စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားတဲ့ စကစနဲ့ လက်တွဲနေခြင်းဟာ ကြီးမားတဲ့ အမှားကို ကျူးလွန်ရာ ရောက်တယ်။ နောင် မကြာမီ ပြည်သူ့အစိုးရပေါ်လာချိန်မှာ စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ စာချုပ်တွေ တရားဝင်မှာ မဟုတ်ကြောင်း သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန် နှိုးဆော်ထားသင့်တယ်။
တရုတ်နိုင်ငံအနေနဲ့“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်” နဲ့အညီ မြန်မာနိုင်ငံကို တန်းတူရည်တူ ဆက်ဆံဖို့ လိုတယ်။ မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်စဉ်မှာ နိုင်ငံတကာ စံချိန် စံညွှန်း ကျင့်ဝတ်စည်းကမ်းများနဲ့အညီ တန်းတူ ဆက်ဆံဆောင်ရွက်ဖို့လိုတယ်။ မြန်မာပြည်သူတွေကို မျက်ကွယ်ပြုပြီး တရုတ်နိုင်ငံအနေနဲ့ ပွဲလန့်တုံး ဖျာခင်း တာမျိုး မလုပ်သင့်ဘူး။ တရုတ်နိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံပီသစွာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တိုင် လေးစား တန်ဖိုး ထားပြီး တဖက်သတ် အမြတ်ထုတ်မှုမျိုး မလုပ်စေလိုပါ။ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာ ကို ပြန်လည် မြှင့်တင်ပေးရေးအတွက် တရုတ်-မြန်မာ စီးပွားရေးနဲ့ နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ စာချုပ်တွေ ပြန်လည်ပြင်ဆင်ရေးကိစ္စအတွက် ရဲရဲဝံ့ဝံ့ ပြောဆို ဆွေးနွေးရေး တာဝန်ဟာ နွေဦးတော်လှန်ရေး အလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရခေါင်းပေါ် ကျလာမှာ ဖြစ်ကြောင်းပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar