မသီတာ(စမ်းချောင်း) - ဝေါဟာရနဲ့ အနှစ်သာရ
မသီတာ(စမ်းချောင်း) - ဝေါဟာရနဲ့ အနှစ်သာရ
(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၃
နွေဦးတော်လှန်ရေး အစပိုင်းမှာ အတွေးအခေါ် တော်လှန်ရေး ဆိုတာကို တော်တော်လေး ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒီထဲမှာ အားလုံးပါဝင်မှု၊ လူမျိုးကြီးဝါဒ၊ ဒီမိုကရေစီဖက်ဒရယ်၊ ဖက်ဒရယ်ဒီမိုကရေစီ၊ လက်နက်ကိုင်တပ်ဖွဲ့၊ အရပ်သားအစိုးရ၊ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး စတဲ့ ဝေါဟာရတွေဟာ ပြောဆိုငြင်းခုံမှု မြောက်မြားစွာထဲမှာ ပါဝင်လာခဲ့ပါတယ်။ စိုးရိမ်စရာကတော့ ဝေါဟာရတွေကို အနှစ်သာရအရ နားလည်သဘောပေါက်တာမျိုး အားနည်းပြီး နိုင်ငံရေး ကိုယ်ကျိုးစီးပွားအတွက် လိုသလို အနက်ဖွင့်ကာ လိုရာသုံးကြရင်းက အဲဒီဝေါဟာရတွေရဲ့ သဘောတရားတွေကို မှားယွင်းစွာ နားလည်ခံယူလာနိုင်တာကိုပါပဲ။
လူထုအနေနဲ့ လိုချင်တဲ့ ပန်းတိုင်ဟာ ဘယ်လို ဝေါဟာရတွေနဲ့ပဲပြောပြော တကယ့်အနှစ်သာရမှာတော့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းပြီး လူချင်းတူတူ သူချင်းမျှမျှ လေးစားတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ မဟုတ်ပါလား။ ဒီလို လူ့အဖွဲ့အစည်းမျိုး ပေါ်ထွက်လာဖို့ဆိုတာ နိုင်ငံရေးနဲ့ စစ်ရေး ဦးဆောင်နိုင်သူတွေကချည်းပဲ လုပ်နိုင်စွမ်းနိုင်တဲ့ဟာမျိုးလို့ ထင်ယောင်ထင်မှား မဖြစ်ကြစေလိုပါဘူး။ မြေခံရေခံကောင်းမှသာ မျိုးစေ့ကောင်းဟာ အပင်ကောင်းအဖြစ် ရှင်သန်ရရိုးထုံးစံပါ။ ဦးဆောင်သူတွေနဲ့ အဲဒီလူတွေကို စောင့်ကြည့်ဝေဖန်သူတွေချည်း ကောင်းနေ တော်နေ သိနေရုံနဲ့တော့ အနာဂတ်နိုင်ငံကောင်း၊ လူ့အဖွဲ့အစည်းကောင်း မဖြစ်နိုင်ဘူးလေ။ လွတ်လပ် လုံခြုံ ငြိမ်းချမ်းပြီး လူချင်းတူတူ သူချင်းမျှမျှ လေးစားတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းမျိုးကို တကယ် စွမ်းနိုင်တတ်နိုင်သူတွေဟာ သာမန်ပြည်သူလူထုတွေပါ။
"အားလုံးပါဝင်မှုနဲ့ လူမျိုးကြီးဝါဒ"၊ "ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ"၊ "အာဏာခွဲဝေမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး"၊ "လက်နက်ကိုင်တပ်ဖွဲ့နဲ့ အရပ်သားအစိုးရ" ဒီအတွဲအဖက်တွေကို တော်လှန်နေ ကြသူအချင်းချင်းကြားမှာ ငြင်းနေ ခုံနေကြချိန်မှာ မြေပြင်မှာတော့ ပန်းပန်မှု၊ ပန်း လက်ဝယ်တွေ့ရှိမှုတွေနဲ့ အဖမ်းခံနေရတဲ့ အနေအထားထိ လူတဦးချင်းရဲ့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းမှုဟာ ပျောက်ဆုံးနေပါပြီ။ တချိန်တည်းမှာပဲ အဖမ်းခံရနိုင်တယ်၊ အသတ်ခံရနိုင်တယ် ဆိုတာတွေကို သိသိကြီးနဲ့ တော်လှန်နေဆဲဖြစ်တဲ့ တနည်းအားဖြင့် လွတ်လပ်မှုအတွက် လုံခြုံငြိမ်းချမ်းမှုကို အဆုံးရှုံးခံရဲတဲ့ လူထုဟာလည်း မြေပြင်မှာ အုံနဲ့ကျင်းနဲ့ အလုံအလောက် ရှိနေပါပြီ။ သူတို့ဟာ အနာဂတ်လူ့အဖွဲ့အစည်းကောင်းရဲ့ မြေခံ ရေခံကောင်းတွေပါ။ သူတို့ဟာ တော်လှန်သူများဘက်ကို ထောက်ခံရုံနဲ့ ပူးပေါင်းရုံနဲ့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းပြီး လူချင်းတူတူ သူချင်းမျှမျှ လေးစားတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်လာမှာပါလား။
ဒီနေရာမှာ လူလူချင်း တန်ဖိုးထားလေးစားမှုဆိုတာကို ဘယ်လိုမျိုးနဲ့ ဘယ်လောက်ထိ အလေးအနက် ထားသင့်သလဲ ဆိုတာကိုတောင် မေးခွန်းထုတ်စရာပါပဲ။ တဘက်မှာ ပန်းလေးသော်မျှ မပန်ရ၊ ပရိုဖိုင်ကို အနက်ရောင်လေးသော်မျှ မပြောင်းရဆိုတာမျိုး ဖိနှိပ်နေသလို တဘက်မှာလည်း တော်လှန်အစုအဖွဲ့တွေ ကြား ခေါင်းမဖော်နိုင်လောက်အောင် အလွန်အမင်း အပြစ်တင်တာမျိုးတွေကို တွေ့မြင်ကြားသိနေကြ ရပါတယ်။ အမှားအယွင်းတွေအတွက် ထောက်ပြဝေဖန်တာဟာ လိုအပ်ချက်ဖြစ်ပေမဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရား ဖြစ်တဲ့ လူ့ရပိုင်ခွင့်များကို လေးစားရာမှာ သဘောထားမတူသူများအပေါ် လေးစားစွာ ဆက်ဆံခြင်းဆိုတာ လိုအပ်ပါတယ်။ စကစနဲ့ အပေါင်းပါတွေအပေါ် မှိုချိုး မျှစ်ချိုး ပြောဆိုတာကို စံတစ်ခုလို သဘောထားပြီး ခွင့်ပြုခဲ့ကြရာက ကိုယ်နဲ့ သဘောထားအမြင် မတူသူများ အားလုံးအပေါ်မှာပါ လေးစားမှု မထားတော့ဘဲ တဘက်သား အကျိုးမဲ့ရာမဲ့ကြောင်း၊ နစ်နာရာနစ်နာကြောင်းအထိ လိုလားပြောဆိုလာကြပြီဆိုရင်တော့ ဒီမိုကရေစီလူ့ဘောင်ကို တည်ထောင်ဖို့ ခဲယဉ်းတော့မှာပါ။
အဲဒီလိုပါပဲ။ အမှန်နဲ့ အမှားဟာ လူမျိုး၊ ဘာသာ၊ ပါတီပေါ်မှာ အခြေတည်ပြီးပဲ ဖြစ်နေတာလို့ လွယ်လွယ်လေး အဖြေရှာနေကြရင်လည်း လွတ်လပ် လုံခြုံ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း မဖြစ်နိုင်ပေဘူး။ ကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဘယ်ပါတီဝင်တွေမှာမဆို အမှန်နဲ့ အမှား၊ အဆိုးနဲ့ အကောင်းဆိုတာ ရှိနေတာ အထင်အရှားပါပဲ။ ဒါကို မျက်ကွယ်ပြုရာကျမယ့် လူမျိုး၊ ဘာသာ၊ ပါတီ အခြေပြု နှိမ်ချပြစ်တင်ဝေဖန်မှုမျိုး၊ ဖယ်ကြဉ်ကန့်သတ် နေရာမပေးမှုမျိုးတွေကို ပြုမူကျင့်ကြံကြမယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ ငါတို့ လူမျိုးက ငါတို့ကို အုပ်ချုပ်ပြီး ငါတို့ နယ်မြေမှာ ငါတို့ဘာသာ လွတ်လပ်နိုင်မယ်လို့ ထင်တာဟာ လက်တွေ့မကျတဲ့ အတွေးမျိုးပါ။ ဗမာစစ်တပ်လို့ဆိုတဲ့ အာဏာလုစစ်တပ်က အများစု လူမျိုးကြီးဗမာတွေအပေါ် အုပ်ချုပ်နေလို့ သူတို့နယ်မြေတွေမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကြည့်ရင် သိသာပါတယ်။ ကိုယ့်လူမျိုး (ကိုယ်နဲ့ ဘာသာ ကိုးကွယ်မှုတူသူ)ထဲက ခေါင်းဆောင်က ဖြစ်စေ၊ ပါတီကဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့ကဖြစ်စေ၊ အုပ်ချုပ်လို့ လုံခြုံ ငြိမ်းချမ်းတဲ့ လူ့ဘောင်မျိုးကို အာမခံပေးနိုင်တယ် ဆိုတာမျိုးလည်း ဘယ်မှာမှ မရှိပါဘူး။ ဒီမိုကရေစီကို လိုချင်တယ်ဆိုတာ ကိုယ့်လူမျိုးအချင်းချင်းက ကိုယ့်ပိုင်နယ်မြေထဲမှာ ကိုယ့်ကို ပြန်ပြီး အနိုင်ကျင့်လို့ မရအောင်ပါ။ ဖက်ဒရယ် မကလို့ ကိုယ်ပိုင်လွတ်လပ်တဲ့ အချုပ်အခြာအာဏာနိုင်ငံတော် ရပြီးရင်တောင် ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ တစုတဖွဲ့က အထူးသဖြင့် လက်နက်ကိုင် တိုက်ပေးခဲ့သူတွေက အနစ်နာခံခဲ့ရလို့ဆိုပြီး အလုံးစုံ အကြွင်းမဲ့အာဏာကို ကျင့်သုံးမယ်ဆိုရင် အဲဒီဒေသက လူထုအဖို့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းနိုင်ဖို့ အခွင့်အလမ်း နည်းနေဦးမှာပါ။ တာလီဘန် ဆိုတာ အာဖဂန်တွေပဲလေ။ ဘာသာတရားလည်း တူတာပဲ။ အာဖဂန်တွေရဲ့ဘဝဟာ သူတို့ပိုင်တဲ့နိုင်ငံထဲမှာပဲ တာလီဘန်တွေလက်ထဲမှာမို့ မလွတ်လပ် မလုံခြုံ မငြိမ်းချမ်းတာ သေချာပါတယ်။ တာလီဘန်တွေဟာ လက်နက်ကိုင်ပြီး အလုံးစုံအကြွင်းမဲ့အာဏာကို ကျင့်သုံးနေလို့ ဒီလို ဖြစ်ရတာပါ။
ဒီမိုကရေစီရဲ့ အာဏာခွဲဝေကျင့်သုံးမှုဆိုတာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်ကြားမှာ အထိန်းနဲ့ အထေ ပြုထားတဲ့ အာဏာခွဲဝေကျင့်သုံးမှုသာ ဖြစ်ပါတယ်။ ခုချိန်မှာ တချို့က လိုရာ ဆွဲပြောနေကြရာက ဖက်ဒရယ်ဒီမိုကရေစီကို ပြည်မနဲ့ ပြည်နယ်၊ လူမျိုးကြီးနဲ့ လူမျိုးငယ်ကြားမှာ သီးခြားစီဖြစ်တဲ့ အကြွင်းမဲ့အာဏာကို ကျင့်သုံးနိုင်ခြင်းဆိုတာမျိုး နားလည်သွားကြရင် အဆင်မပြေပါဘူး။
ရေရှည်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းဖို့နဲ့ တည်တံ့ဖို့ဆိုရင် လူမျိုးအလိုက် ဘယ်လိုတွေးတောရမယ် ဆိုတာမျိုး စည်းရုံးကြမယ့်အစား လူတဦးချင်းအလိုက် အာဏာသုံးရပ် ခွဲဝေကျင့်သုံးမှုနဲ့ ပဉ္စမမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို ပိုပြီးနားလည်အောင် အသုံးချတတ်အောင်ကိုပဲ ဆွေးနွေးပြောဆိုကြဖို့ လိုပါမယ်။ လူတဦးချင်းစီရဲ့ အခန်းကဏ္ဍကိုရော ဒီမိုကရေစီရဲ့ အနှစ်သာရတွေကိုပါ လျှော့မတွက်ကြဖို့လည်း လိုပါတယ်။
တကယ်တော့ နိုင်ငံတကာက မြန်မာ့တော်လှန်ရေးကို အင်တိုက်အားတိုက် အားပေးရမှာ တွန့်ဆုတ်နေရတဲ့ အကြောင်းရင်းတစ်ခုဟာ အဲဒီလို ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အခြေခံနားလည်မှု အားနည်းပြီး သူတလူ ငါတမင်း အာဏာနယ်မြေ ထူထောင်လိုစိတ်တွေ များနေကြတဲ့ အရိပ်အခြည်မျိုးတွေကို ကြိုမြင်နေကြလို့သာ ဖြစ်ပါတယ်။ စည်းလုံးမှု အားနည်းတယ်လို့ သံခင်းတမန်ခင်း ပြောကြတာကို ဒီဘက်က ဘာသာပြန်တဲ့အခါ ဘာကတိ ညာကတိတွေ တရားဝင်စာချုပ် မချုပ်နိုင်ကြသေးလို့ ဖြစ်တာ၊ ဒါအတွက် အန်ယူဂျီက တာဝန်ရှိတယ်လို့ ဘာသာပြန်လိုက်ကြပါတယ်။ တကယ်ကတော့ အာဏာသုံးရပ်ကို ဘယ်လို စည်းစည်းလုံးလုံးနဲ့ ခွဲဝေကျင့်သုံးတတ်ကြောင်း၊ ကျင့်သုံးနိုင်ကြောင်း သက်သေမပြနိုင်သေးတာဟာလည်း တော်လှန်သူများဘက်က အားနည်းချက်အဖြစ် သူတို့က ရှုမြင်ကြပါတယ်။ နယ်မြေအလိုက် လက်နက်ကိုင် အစုအဖွဲ့လိုက် စစ်ရေး၊ နိုင်ငံရေး စကားပြောကြသလောက် အာဏာသုံးရပ်ကို ကျွမ်းကျင် နားလည်စွာနဲ့ စည်းလုံးစွာ ကျင့်သုံးပြီး နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိပြီလို့ မြင်ပါမှ တော်လှန်ရေး ဘက်တော်သားတွေကို ပုံအောထောက်ခံမယ့် သဘောပါပဲ။ တရုတ်ကိုယ်တိုင်က မြန်မာ့ပလေယာ ဘယ်တစုကမှ နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိနေပြီလို့ မမြင်လို့မို့ လက်နက်ကိုင်အစုအဖွဲ့အလိုက်ကို တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ဆိုတာမျိုး ခေါင်းစီးတွေနဲ့ ချဉ်းကပ်ပြီး ဖဲ့ထုတ်ရဲနေတာပါ။
တကယ်တော့ “ငါတို့ဘက်က ဓမ္မမို့ ငါတို့ လုပ်တာမှန်သမျှ တရားတယ်”ဆိုတဲ့ ချဉ်းကပ်မှုမျိုးဟာ နိုင်ငံတကာကို ထိုးဖောက်ဖို့ မဖြစ်နိုင်ဆုံးပါပဲ။ ငါတို့ဟာ တော်လှန်ရေး(ဓမ္မ)ဘက်က ရပ်တည်ထားရင် လုပ်သမျှ မတရား မဖြစ်တော့ဘူးလို့ တကယ်ပဲ လက်ခံ နားလည်သွားကြပါပြီလား။ တကယ်ရော အဲဒီအပြောဟာ အမှန်ပဲလား။ တရားမျှတမှုဆိုတာ နောက်ဆုံးရလဒ်သက်သက်လား၊ ရလဒ်အတွက် အားထုတ်ရတဲ့ ဖြစ်စဉ်(လုပ်ငန်းစဉ်)ကိုယ်တိုင်မှာရော တရားမျှတမှုဆိုတာ မရှိရတော့ဘူးလား၊ ရှိစရာ မလိုတော့ဘူးလား။ ဒီမေးခွန်းတွေကို မေးမယ့်သူ မရှိတော့ရင် အနာဂတ်မှာ ဘယ်လိုလူ့အဖွဲ့အစည်းမျိုး ပေါ်ထွက်လာနိုင်ပါသလဲ။ ဒီမိုကရေစီဆိုတာကို လူကြိုက်များမယ့် စကားလုံးမို့ ထည့်သုံးပြီး လက်တွေ့မှာ ကျင့်သုံးနိုင်ဖို့ အဆင်မပြေသေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက တွေးထင်နိုင်ပါတယ်။
ဒါကြောင့် တော်လှန်ရေးဘက်တော်သားတွေရော တော်လှန်ရေးအောင်ရင် ဘက်တော်သားအဖြစ် ပြောင်းလဲခံယူဖို့ တော်လှန်ရေးနားမှာ ရစ်သီရစ်သီ နေနေကြသူတွေပါ သတိပြုကြရမှာက အတွေး အခေါ် တော်လှန်ရေးအတွက် ပြောဆိုဆွေးနွေးကြတဲ့အခါ လူထုတဦးချင်းစီရဲ့ သိနားလည်မှုအခြေခံ ပူးပေါင်းဆောင်ရွက်လာမှုကိုသာ ဦးတည်ကြဖို့ပါ။ တော်လှန်ရေးနဲ့ မလှမ်းမကမ်းမှာ ရှိနေကြပြီး တော်လှန်ရေးကို ထဲထဲဝင်ဝင် မပါဝင်ကြသူတွေ ရှိနေပါသေးတယ်။ ဘာလို့လဲဆိုရင် တော်လှန်ရေးသမားတွေ ဆိုပြီး အနာဂတ် အတွေးအမြင်ဆိုင်ရာမှာရော လတ်တလော လုပ်ငန်းစဉ်ဆိုင်ရာမှာပါ နိုင်ငံရေးကိုယ်ကျိုးစီးပွားအတွက် လိုသလို အနက်ဖွင့်ပြောဆိုနေကြသလို တရားမျှတမှုကို အလေးအနက်မထားဘဲ လုပ်ကိုင်နေကြတယ်လို့ သံသယ ရှိနေကြလို့ပါပဲ။ မသိသေးသူတွေကို အသိပညာပေးတဲ့အခါ ပညာတတ်သိနားလည်မှု ပြည့်ဝနေကြရမှာဖြစ်ပြီး သိသင့်သလောက် သိထားသူတွေကို စည်းရုံးဖို့အတွက်တော့ ရိုးသားမှု ရှိဖို့လိုပါတယ်။
တော်လှန်ရေးရဲ့ ဦးဆောင်သူတွေထဲမှာ အားလုံးပါဝင်မှုဆိုပြီး လူမျိုးအခြေခံ ညွှန်းဆိုနေကြသလောက် တော်လှန်ရေးဘက်တော်သား လူထုကြီးအတွက်တော့ အားလုံးသောလူထုရဲ့ ပါဝင်မှုဆိုတာကို တပ်သားအဆင့်နဲ့ ထောက်ပို့အဆင့်လောက်ထိပဲ ရှုမြင်နေကြပါသေးတယ်။ တကယ်တော့ ရစ်သီရစ်သီတွေ မလှမ်းမကမ်းတွေပါ ပါဝင်လာအောင် လုပ်ကြရမှာ မဟုတ်ပါလား။ လူထုတဦးချင်းစီက သိနားလည်စွာ ပူးပေါင်းမှုမျိုး မရရင် မြေခံရေခံ မကောင်းတဲ့ ဒီမိုကရေစီသာ ဖြစ်လာနိုင်တာမို့ အလွန်အန္တရာယ်များကြောင်းပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar