Breaking News

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုးရှိ လူနာ (၈) ဦးဖြစ်လာ


မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုးရှိ လူနာ (၈) ဦးဖြစ်လာ

ထပ်တိုးလူနာ (၃) ဦး၏ အမည်စာရင်းများ လူမှုကွန်ရက်တွင် ကြိုတင်ပျံ့နှံ့နေခဲ့

Myanmar NOW
(MoeMaKa) March 28, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မတ် ၂၈) နံနက် ၀၀ နာရီ ၁၅ မိနစ် ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ 'သုံးဦး' ထပ်တိုးလာခဲ့ပြီး မြန်မာနိုင်ငံတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၈) ဦး ရှိလာခဲ့သည်။

ဝန်ကြီးဌာနက မထုတ်ပြန်မီ မတ် ၂၇ ည ၁၁ နာရီခန့် အချိန်ကတည်းက အဆိုပါလူနာ သုံးဦး၏ အမည်များ၊ အသက်၊ တက်ရောက်နေသည့် ဆေးရုံစာရင်းများနှင့် ကိုရိုနာဗိုင်းရပ်ပိုး အတည်ပြုရလဒ်များပါသည့် screenshot တစ်ခုသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေခဲ့သည်။

ဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသည့် လူနာအခြေအနေများ ထုတ်ပြန်ရာတွင် လူနာများ၏ အမည်ကို ဖော်ပြခြင်း မရှိသော်လည်း ပျံ့နှံ့နေခဲ့သည့် စာရင်းတွင် လူနာအမည်များ ပါဝင်နေသည်ကို တွေ့ရသည်။

လူနာအမှတ် (၆)

ရန်ကုန် အင်းစိန်မြို့နယ်နေ ၂၉ နှစ်အရွယ် အမျိုးသားသည် မတ် ၂၅ ထုတ်ပြန်ချက်ပါ တတိယလူနာနှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ မတ် ၂၁ တွင် ပြန်လာခဲ့သူဖြစ်ကြောင်း၊ မတ် ၂၆ မှ စတင်ကာ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လူနာအမှတ် (၇)

၅၈ နှစ်အရွယ် ဆွစ်ဇလန်နိုင်ငံသူ ဖြစ်ပြီး ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၈ တွင် ရောက်ရှိခဲ့သည်ဟု သိရသည်။ မတ် ၂၆ တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများဖြင့် နေပြည်တော် ခုတင် ၁၀၀၀ အထွေထွေဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါ အမျိုးသမီးသည် ဆွစ်ဇလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ပိုးရှိ ၎င်း၏ ဖခင်နှင့် မတ် ၁၃ တွင် ၂ နာရီကြာ အနီးကပ် ရှိခဲ့သည်ဟုလည်း သိရသည်။

လူနာအမှတ် (၈)

ရန်ကုန် ဗဟန်းမြို့နယ်ရှိ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးသည် ချောင်းဆိုးခြင်းနှင့် အန်ခြင်း လက္ခဏာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၆ တွင် ရောက်ရှိလာခဲ့ပြီး ယင်းနေ့တွင်ပင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။ ၎င်းသည် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားခဲ့သည့် ရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ဧည့်သည်များနှင့်အတူ အလုပ်ခရီးများ သွားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ထပ်တိုးလူနာ သုံးဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်ဟုလည်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။