Breaking News

မောင်လူပေ - ကိုရိုနာ၏ ပျောက်စေတန်ခိုး


မောင်လူပေ - ကိုရိုနာ၏ ပျောက်စေတန်ခိုး(မိုးမခ) မတ် ၃၊ ၂၀၂၀

မောင်ပေရဲ့ ဆာမိတို့ရွာမှာ ဆန်ပြတ်နေသည်။ ဒီနေ့စတိုးဆိုင်တွေရောက်ခဲ့ပေမဲ့ ဆန်နဲ့တူတာ တစ်စေ့မှမတွေ့။

အရင်ကဆို ဒီစတိုးဆိုင်များမှာ ဆန်အိပ်တွေအပြည့်။ ကုလားဆန်၊ ယိုးဒယားဆန်၊ ဗီယက်နမ်ဆန်၊ အမေရိကန်ဆန်၊ ဂျပန်ဆန်၊ ဆန်ညို၊ ဆန်ဝါ၊ဟိုဆန်၊ ဒီဆန်၊ ဆန်မျိုးစုံချက်ကတော့ ဆန်ပွဲရုံတွေ ငိုခြင်းရှည်ချရလောက်အောင်ပေါသည်။

ကုလားဆန်ဆိုရင် ဘာ့စမာတီခေါ် ဒန်ပေါက်ဆန်ကစပြီး အမျိုးမျိုး၊ တံဆိပ်ပေါင်းစုံ။ ဆန်လုံးရှည်၊ ဆန်လုံးတိုမျိုးစုံရှိ၏။ ယိုးဒယားဆန်ဆိုလျှင်လည်း စံပါယ်ဆန်ဟူ၍ ဆန်အမျိုးအစားတူပေသည့် တံဆိပ်တွေက အလွန်များ၏။ ဗီယက်နမ်ကလည်း စံပါယ်ဆန်အမျိုးအစားတူ၊ တံဆိပ်ကွဲတွေအစုံ။ သူတို့တစ်တွေက မြန်မာကြိုက်ဆန်တွေပေါ့။ အမေရိကန်ဆန်ကတော့ ကောက်ငယ်ဆန်လို ဆန်လုံးရှည်ခပ်မာမာနှင့် ရှမ်းဆန်လို ခပ်စေးစေး နှစ်မျိုးရှိ၏။ ဂျပန်ဆန်လည်း ရှမ်းဆန်လို စေးသည်။ ဆန်ညိုတွေကိုတော့ ဝမှာကြောက်သူတွေ၊ ဆီးချိုသမားတွေ အားပေးသည်။ ကောက်ညှင်းဆန်ဖြူ၊ ညို၊ ကြားတို့လို ဟိုဆန်၊ ဒီဆန်တွေလည်း အမျိုးမျိုးအဖုံဖုံ။

ဒီလောက်ပေါများသည့် ဆန်အိပ်တွေ စတိုးဆိုင်တွေအနှံ့ တစ်အိပ်မှမကျန်အောင် အားပေးလိုက်ကြသည်မှာ မည်သူတွေ ဖြစ်ပါအံ့။ အာရှသားများသာ ဖြစ်ပါတော့၏။

အဖြူတွေစားသည့် ပေါင်မုန့်မျိုးစုံကတော့ မုန့်တန်းမှာအပြည့်၊ ဂျုံအိပ်တွေလည်းအပြည့်။ ဆန်တွေသာပျောက်သွားခဲ့သည်ဖြစ်ရာ သင်းတို့လက်ချက်မှလွဲ၍ တခြားမရှိနိုင်။

အာရှသားတွေ ကိုရိုနာ အကြောက်လွန်နေကြသည်မှာ သောကြာနေ့ထဲကစ၏။ စနေ၊ တနင်္ဂနွေနေ့တွေမှာ စတိုးဆိုင်တွေကို ဝင်မွှေသွားကြပြီ။ ဆန်သာ မက၊ ဟင်းချက်ဆီလည်းပြောင်သည်။ ဘိုတွေကြိုက်သည့် ထောပတ်ဆီတို့၊ သံလွင်ဆီတို့သာကျန်တော့၏။ Costco တွင် ရေဘူးတွေပါတစ်ဘူးမကျန်ဆွဲသွားကြသည်။ ဘုံဘိုင်ရေတွေ သန့်ရှင်းသည်ဟု အစိုးရက မည်မျှပင်ဆိုဆို၊ အာရှသားကား ရေဘူးထဲကရေသာ အကောင်းထင်၏။ ဘုံဘိုင်ရေကို အဖြူများသာ သောက်ကြသည်ထင့်။

ခေါက်ဆွဲခြောက်တွေ၊ အိမ်သာသုံးစက္ကူတွေ၊ လက်သန့်ရှင်းရေးအဆီတွေပါ အပြောင်ရှင်းသွားကြသေးသည်။ မရောင်းရ၍ စတိုးဆိုင်များမှာ အပုံလိုက်ဖြစ်နေသော ဤပစ္စည်းများကို အပြတ်ဝယ်ပေးကြသည့် အာရှသားများကို စတိုးဆိုင်တွေက ကျေးဇူးတော်အနန္တတင်နေကြမည်ထင်သည်။

မနက်ဖြန်မှာ ကမ္ဘာပျက်တော့မည့်အလား စတိုးဆိုင်သွား၍ အားပေးခဲ့သူတွေထဲမှာ မောင်ပေမပါပါ။ အလုပ်ဆင်းနေရ၍ သိတောင်မသိ။ သတင်းထဲပါမှ သိရ၏။ ညံ့၏။

အဖြူအပေါင်းလည်း ကိုယ်လိုညံ့၏။ သူတို့လည်း ဘာမျှမဖြစ်သလိုပင်။ လိုတာလေးဝယ်ပြီး ပြန်ကြသည်။ အာရှသားတွေ စျေးဝယ်လှည်းအပြည့်နှင့် မနိုင်မနင်းတွန်းနေကြသည်ကိုကြည့်ပြီး အံ့ဩနေကြပုံရ၏။

စင်္ကာပူမှာလည်း စတိုးဆိုင်တွေမှာ ပစ္စည်းပြတ်အောင် အားပေးကြမ်းသဖြင့် ဝန်ကြီးချုပ်ကိုယ်တိုင် ထွက်၍အားပေးစကားပြောခဲ့ရသည်တဲ့။ ခုတော့ ဆာမိတို့ရွာလည်း စင်္ကာပူနဲ့အပြိုင် ခေတ်မီသွားပြီပေါ့။

မြန်မာပြည်က မောင်ပေ့မိတ်ဆွေတွေလည်း ခေတ်မီသွားအောင် စတိုးဆိုင်သွား၍ ဆန်ဆီရေ အကုန်အပြောင် စျေးဝယ်ထွက်ကြပါစို့။ (မကုန်ရင် ပြန်သွင်းကြတာပေါ့။