Breaking News

ရွှေပိုးအိမ်(ပဲခူး) - အစိမ်းရောင်

Photo - https://www.nationalgeographic.com/


ရွှေပိုးအိမ်(ပဲခူး) - အစိမ်းရောင် 

(မိုးမခ ပုံနှိပ်၊ စက်တင်ဘာ ၂၀၂၀ ထုတ်)
မိုးမခ၊ မတ် ၄၊ ၂၀၂၀

မကြိုက်ခဲ့ပါ။ မည်သည့်အခါကမှ မရင်းနှီးခဲ့ဖူးပါ။ ယခုအချိန်တွင် မြင်သမျှသည် စိမ်းနေသည်။ ပြောသမျှသည် စိမ်းနေသည်။ ရေးသမျှသည် စိမ်းနေသည်။ အသည်းနှလုံးတစ်ခုလုံးသည် အစိမ်းရောင်။ ဝါးနေသော ကယ်သည်လည်း အစိမ်းရောင်။ ဖတ်နေသော စာအုပ်မျက်နှာဖုံးကအစ ကမ္ဘာမြေ စိမ်းပုံစိမ်းနည်း၊အရွက်နုများ စိမ်းပုံစိမ်းနည်း တူမလိုလိုနှင့် ကွဲလွဲချက်များ ရှိနေသည်။

အစိမ်းရောင်ကျောက်တစ်ချို့ သယ်ဆောင်သွားကြသော မျက်နှာစိမ်းများသည် နံနက်ခင်းစိမ်းစိမ်း များကို အောက်ဈေးဖြင့် ဝယ်ယူသူများပင် ဖြစ်သည်။ ဝေးကွာခြင်း၏ နှုတ်ခမ်းများက အံ့သြစဖွယ် ညှို့ငင်နိုင်သော်လည်း ယနေ့အချိန်ထိ စိမ်းလက်နေဆဲ ဖြစ်သည်။ အဘိုးအို၏ အိပ်မက်စိမ်းစိမ်းများက သူ့ချွေးမ၏ထမီအဆင်ကဲ့သို့ပင် စိမ်းချင်တိုင်း စိမ်းနေတော့သည်။

မြေးမလေး၏ လက်ကောက်ဝတ်နုနုကို စိတ်ကူးဖြင့် ဆုပ်ကိုင်ရင်း ပုတီးတစ်ကုံးကဲ့သို့ မျက်ရည်များ သီကုံးနေရသော အချိန်များမှာ ဘဝက သေဖို့ပါပဲဟု ပြောစရာ ဖြစ်လာစေသော အကြောင်းရင်းများပင် ဖြစ်သည်။ အသက်မကြီးဖူးသေးသော လူများအနေဖြင့် အသက်ကြီးနေကြဆဲလူများ၏ဒုက္ခကို ဘာသာ စကားတစ်ခုထက်ပိုပြီး အချိန်ပေး မစဉ်းစားပေးနိုင်ကြသေးပါ။ လွယ်လွယ်ဖြင့် ဖြေလျော့တတ်ကြ သော ပူစီပေါင်းများပေါက်ကွဲရာမှ ထွက်ကျလာသော စွန့်ပစ်ပစ္စည်းများသည် တွန့်ရှုံ့လာသော ထိုလူအို များ၏အရေပြားများနေရာတွင် အစားထိုးလာကြသည်။ နေချင်သောဒုက္ခကို မနေချင်တော့သော ဒုက္ခက စိမ်းစိမ်းကြီး ထိုင်ကြည့်နေ သော အနာဂတ်ကာလပေါ်တွင် ဂေါဇီလာတစ်ကောင်၏အရိုးစုများ ပျော်ပျော်ရွှင်ရွှင် ထတွန်ကြသည်။

ထိုအခြေအနေမျိုးတွင် ပြည့်ဖောင်းနေသော လေအိတ်ကြီးတစ်လုံးထဲသို့ ဥပေက္ခာ စိမ်းစိမ်းများထည့် ကာ မအောင်မြင်ခဲ့သော ပညာရေးစနစ်ကြီးတစ်ခုပေါ် ဖောက်ခွဲပစ်လိုက်ပါ။ ငွေစိမ်းစိမ်း။ မေတ္တာစိမ်းစိမ်း။ မကြိုက်ခဲ့ပါ။ တကယ်မကြိုက်ခဲ့ပါ။ သေချာလား။ ဒါ စိတ်ရင်းအမှန်ပဲဆိုတာ သေချာပါပြီလား။ ကမ္ဘာမြေစိမ်းခြင်းမှ လွဲ၍ ယင်းကဲ့သို့ အစိမ်းသက်သက် ခံစားချက်မျိုးများ။

အစိမ်းသက်သက် တူညီဝတ်စုံများ။ ယင်းအရေးပြားတွန့်ခေါက်ပေါ်မှ ကာလ ရှည်ကြာစွာ လမ်းသလား ခဲ့ကြသော ငယ်ရွယ်သူများ၏ ရင်ခုန်စဖွယ်မုတ်ဆိတ်ကျင်စွယ်များ။ ကမ်းပေးခဲ့သော လက်က စိမ်းသွား သဖြင့် ပုတ်ချခဲ့သော လက်က စိမ်းသွားခဲ့ခြင်းလား။ ဘာသာဗေဒစိမ်းစိမ်း။ မိဘစိမ်းစိမ်း။ သားသမီး စိမ်းစိမ်း။ တုံ့ပြန်ခြင်း စိမ်းစိမ်း။ မိန်းမနှင့် ယောကျ်ားပူးပေါင်မှု စိမ်းစိမ်း။ လတ်ဆတ်သော သွေးစိမ်းရှင် ရှင်များကို စိတ်ကြိုက်သုံးဆောင်နေသော အစိမ်းစားလူသားများ။ ထို့နောက် ပွက်ပွက်မြည်နေသော ယင်ကောင်တစ်ကောင်၏ ခံပြင်းမှုအသံများကို အသေးစိတ်စုစည်း၍ ယင်းရေးသားမှုကို အစိမ်းရောင် လက်ချောင်းများဖြင့် အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

ရွှေပိုးအိမ်(ပဲခူး)