Breaking News

ကိုရိုနာကြောင့် အလုပ်ထွက်ခဲ့ရသည့် အလုပ်သမားများ အလုပ်လက်မဲ့အကျိုး ခံစားခွင့်မရှိ

ကိုရိုနာကြောင့် အလုပ်ထွက်ခဲ့ရသည့် အလုပ်သမားများ အလုပ်လက်မဲ့အကျိုး ခံစားခွင့်မရှိ

အလုပ်ရှင်၊ အလုပ်သမား ရာခိုင်နှုန်းဖြင့် ထည့်ရမည့် အလုပ်လက်မဲ့အာမခံစနစ် မစတင်ရသေးသည့်အတွက် အကျိုးခံစားခွင့်မရှိသေးခြင်း ဖြစ်သည်။

ဟေမာန်ပြည့် Myanmar NOW

(မိုးမခ) မတ် ၄၊ ၂၀၂၀


ဖေဖေါ်ဝါရီလကုန်ပိုင်းက ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် ဆန္ဒပြနေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဂယက်ကြောင့် ပိတ်သိမ်းသွားသည့် စက်ရုံများမှ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးဥပဒေအရ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ရရှိနိုင်မည် မဟုတ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

COVID-19 ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက်ဟုဆိုကာ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်နှင့် ဧရာဝတီတိုင်းတို့မှ အထည်ချုပ် စက်ရုံ သုံးရုံ ပိတ်သွားခဲ့ပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းများတွင် ပါရှိထားသည်။

၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ် ခြောက်မျိုးတွင် အလုပ်လက်မဲ့အာမခံစနစ် ပါဝင်သော်လည်း ယင်းစနစ်အား လက်တွေ့ ကျင့်သုံးနေခြင်းမရှိသေးသည့်အတွက် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောသည်။

အလုပ်လက်မဲ့ အာမခံစနစ် ဆောင်ရွက်မည်ဆိုပါက “အလုပ်ရှင်က ၁ ရာခိုင်နှုန်း၊ အလုပ်သမားက ၁ ရာခိုင်နှုန်း ထည့်ရမှာ။ အဲ့ဒီစနစ်မလုပ်ရသေးတဲ့အတွက် သူတို့ကို အလုပ်လက်မဲ့အကျိုး ခံစားခွင့်ပေးဖို့တော့ ​လောလောဆယ်ဖြစ်နိုင်ခြေမရှိသေးဘူး” ဟု ဦးမောင်မောင်အေးက Myanmar Now သို့ ပြောသည်။

လက်ရှိတွင် ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ် တို့အတွက် အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်းဖြင့် ထည့်ဝင်ထားခြင်းဖြစ်သည်။

ပိတ်သိမ်းသွားသည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့အကျိုးခံစားခွင့် မရသော်လည်း ထည့်ဝင်ထားသည့် လူမှုဖူလုံရေးကြေးပေါ်မူတည်ပြီး ဆေးကုသခွင့်နှင့် မီးဖွားခွင့် အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်အေးက ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် နိုင်ငံတကာကုန်သည်ကြီးများအသင်း၊ စီပွားရေးအသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရာတွင် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယာယီပိတ်သိမ်းမည့် လုပ်ငန်းများ၊ အလုပ်လျော့ချမည့်လုပ်ငန်းများမှ အလုပ်သမားများကို လူမှုဖူလုံရေးဥပဒေပါ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို အစိုးရက ဆောင်ရွက်ပေးရန်ဟူသည့်အချက်ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်း အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က “စက်ရုံ အလုပ်ရုံတွေပိတ်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့လိုပါတယ်။ ပိတ်သိမ်းမယ့်စက်ရုံတွေကိုလည်း သက်ဆိုင်ရာဌာနတွေက သေချာစီစစ်တာမျိုးတွေ လုပ်သင့်တယ်” ဟု ဆိုသည်။

အလုပ်ရုံတစ်ခုကို ခေတ္တ ပိတ်ခြင်း သို့မဟုတ် အချိန်အကန့်အသတ်မရှိဘဲ ပိတ်သည့် စက်ရုံများအနေဖြင့် လုပ်ငန်းပြန်လည်ပတ်ပါက မူလအလုပ်သမားများကို မူလတာဝန်အတိုင်း ပြန်လည်ခန့်ထားပေးရန်လည်း အလုပ်သမားအဖွဲ့အစည်း ၁၀ ခုက မတ် ၃ တွင် တောင်းဆိုခဲ့သည်။

ထို့ပြင် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုစီးပွားပြဿနာများကို အဖြေရှာရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အရေးပေါ်အစည်းအဝေး လုပ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံမှ စတင်ခဲ့သည့် COVID-19 ကြောင့် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် ၈၇,၁၃၇ ဦး ရောဂါကူးစက်ခဲ့ပြီး ၂,၉၇၇ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၁ တွင် ထုတ်ပြန်ထားသည်။