အောင်မော်ဦး - တိုက်ရိုက်ထုတ်လွှင့်မှု
တိုက်ရိုက်ထုတ်လွှင့်မှု
အောင်မော်ဦး
(မိုးမခ) မတ် ၉၊ ၂၀၂၀
ဇာတ်လမ်းက
ဟောဟိုမှာ ပွဲကြမ်းနေကြပြီဗျ ဆိုတဲ့
လော်ကောင် တကောင်က စခဲ့တယ် ထင်တာပဲ
နဂိုကတည်းက
သုံးမရတဲ့ဟာကြီးကို
ပြင်လိုက်ရင် ကောင်းသွားမှာပါ ဆိုတော့
လက်ခုပ်တီးတဲ့ နိုင်ငံရေးဟာ
လူပြိန်းတွေလက်ထဲရောက်သွားတယ်
ဒါနဲ့ပဲ
ခင်ဗျားက
လွှတ်တော် ချယ်နယ်ကို
ဖွင့်ကြည့်လိုက်ရော ဆိုပါစို့
ဘာမြင်ခဲ့သလဲ မောင်ရေခဲ... တဲ့
အနီက တိုင်လိုက်
အစိမ်းက ဖောက်လိုက်နဲ့
ငါးနှစ်ကြာလာတဲ့ ပြည်တော်သာ ပြဇာတ်မှာ
ရွေးကောက်ပွဲမက်လုံးက
ပြက်လုံးပဲဆိုတာ သိလိုက်ရတော့
ခင်ဗျား ဘာလုပ်မယ်စိတ်ကူးလဲ
ဘာမှမဟုတ်တာတွေနဲ့
ဟုတ်နေတာဟာလည်း
သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ
ငါးနှစ်သာ ပြည့်သွားတယ်
မောင်ပိုလည်း နေမြဲ
ရင်ကြားလည်း စေ့မြဲပေါ့
လူပြိန်းကြိုက်အောင်
လူအုပ်နောက်လည်း ဒရွတ်ဆွဲ လိုက်ကြရတာပါပဲ
ပေါပေါပဲပဲနေ ပေါ့ပေါ့ပါးပါးရေး
အနုပညာဟာ နိုင်ငံရေးရဲ့ လက်အောက်ခံမဟုတ်ဘူးတဲ့
ဟုတ်ကဲ့
လက်ဖျားငွေသီးတဲ့ အတုပညာမှန်သမျှကလည်း
ဘယ်လို တရားမျှတမှုကိုမှ ကိုယ်စားမပြုခဲ့ကြပါဘူး
ကဗျာလည်း ကဗျာအလျောက်
ကဗျာဆရာလည်း ကဗျာဆရာအလျောက်
(အနည်းတကာ့ အနည်းစုကလွဲရင်)
ကျောင်းသား ဘဝတုန်းကလောက်
ဘယ်သူမှ ခရီးမပေါက်ကြတော့ပါဘူး
ရောက်ရာခေတ်မှာ ရောက်တတ်ရာရာပေါ့
တွေ့နေကြလူတွေနဲ့လည်း
ပြောနေကျစကားတွေပဲ ပြောနေကြရတာပါပဲ
အကြောင်းအရာအရတော့
ပြောင်းတာ၊ ရွေ့တာ
မတွေ့ကြရသလောက်ပါပဲ
ပေါ့ကျတခွက်နဲ့ လျှော့ချခဲ့ကြရတဲ့
နိစ္စဓူဝ ကဖေးမှာ
သူ့ခုံနဲ့ သူ့လူ
စရိုက်တူရာ စုဖွဲ့လေ့ရှိကြတဲ့
အုပ်စုဖွဲ့ယဉ်ကျေးမှုသာ ထွန်းကားခဲ့ပါတယ်
ဒီလိုပါပဲ
မတူသူတွေနဲ့
အတူတွဲပြီး တလွဲဇာတ်ခင်းကြတဲ့အခါ
ကိုယ့်အလိုဟာ သူ့အဆိုမဖြစ်နိုင်သလို
သူ့ အဆိုဟာလည်း ကိုယ့်အလို မဖြစ်နိုင်ခဲ့ပါဘူး
ဒီတော့ကာ
လိမ်လည်မှုကို တိုက်ရိုက်ထုတ်လွှင့်လို့
နောင်လာမယ့် ငါးနှစ်အတွက်
အောင်မြင်စွာ ကြောင်ရေချိုးနိုင်ခဲ့ပါကြောင်း
နှောင်းလူတွေ ဆိုနိုင်ကြစေသားပေါ့ဗျာ
သောင်းထိုက်က ကြားရသမျှမှာတော့
ဖတ်နေကျ သတင်းစာတွေကလည်း
တပ်နေကျ ခေါင်းစီးတွေ တပ်ကြမြဲ
တွေ့နေကျ မျက်နှာတွေကလည်း
ရှေ့တန်းက ခုံတွေမှာ နေရာယူနေကြမြဲ
ကြာတော့လည်း
ရယ်မောနေတဲ့ ကိုယ့်ကို
ကိုယ်ရယ်နေတဲ့ခေတ်ကြီးကပဲ
ဟ ဟ ပြန်ပေးသွားတော့တာပါပဲ
လေးရှစ်နှစ်ရှစ်က စလို့
အားသစ်အင်သစ်နဲ့ အကျအဆုံး မျှခြေမဖြစ်ခဲ့တဲ့
တရားမျှတမှု ရှာတော်ပုံဟာ
ဒီဘက်ခေတ် နှစ်ပေါင်းသုံးဆယ်မှာလည်း
လူဟောင်းတွေနဲ့ချည်းပဲ ကြိတ်နေခဲ့ရပါတယ်
လူဟောင်းတွေဟာလည်းပဲ
အိုမင်းကြ နာမကျန်းဖြစ်ကြ
လက်ပမ်းကျကြ ကြွေလွင့်ကြနဲ့ပဲ
သစ်ခုတ်တဲ့လက်ဟာ ပန်းပုထုခွင့်မရှိဘူးတဲ့
နှင်းဆီပန်သူက ဆိုတယ်
သူ... လွန်မှ
ထွန်ချလို့ရမယ့် တို့ပိုင်တဲ့မြေမှာ
ကိုယ်တို့လုပ်နိုင်တာ
ဒီဘက်နှစ်တွေထဲ
နည်းနည်း လျှော့သောက်ကြတာပေါ့
တော်လှန်ရေးက မအောင်သေးဘူး။
အောင်မော်ဦး
မတ်၊ ၈၊ ၂ဝ၂ဝ။