Breaking News

“Coronavirus ပျံ့နှံ့လာတာနှင့်အမျှ မေးစရာတွေ ပိုများလာတယ်”


“Coronavirus ပျံ့နှံ့လာတာနှင့်အမျှ မေးစရာတွေ ပိုများလာတယ်” 

TIME March 16-23, 2020 ( ကျော်ဇံသာ )

ဦးကျော်ဇံသာ၏ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်

“Coronavirus ပျံ့နှံ့လာတာနှင့်အမျှ မေးစရာတွေ ပိုများလာတယ်” (As Coronavirus spreads, so do questions) ဆိုတဲ့ ခေါင်းစဉ်နဲ့ မတ်လ ၁၆-၂၃ ထုတ် TIME မဂ္ဂဇင်း ရေးသားချက်အနှစ်ချုပ်။

Coronavirus ကို novel လို့ နာမည်တပ်ခေါ်တာဟာ ဒီဗိုင်းရပ်က အသစ်အဆန်းဖြစ်နေပြီး လူ့ကိုယ်ခန္ဓာက ခုခံနိုင်ခြင်း မရှိလို့ ဖြစ်တယ်။ ဘာသာရပ်အခေါ်က SARS-CoV-2 ဖြစ်ပြီး၊ COVID-19 ဆိုတာကတော့ ဒီဗိုင်းရပ်ကြောင့် ဖြစ်တဲ့ ရောဂါနာမည်။
ဒီဗိုင်းရပ်ဟာ ချောင်းဆိုး နှာချေ တာကတဆင့် အသက်ရှုလမ်းကြောင်းက အရည်အစက်ကလေးတွေ လေထဲရောက်သွားပြီး သူများတွေ အသက်ရှူလိုက်တဲ့အခါ ဒါမှမဟုတ် သူတပါးရဲ့ နှာခေါင်း မျက်နှာပေါ် ရောက်သွားတဲ့အခါ ကူးစက်သွားတယ်။ ခြောက်ပေ အတွင်းမှာ ဒီလိုကူးစက်နိုင်တယ်။
နှာခေါင်းစည်း တပ်ထားရင် ကာကွယ်နိုင်မယ်လို့ ထင်ရပေမဲ့ ကျန်းမာနေတဲ့ လူတွေအဖို့ ဆရာဝန်က မညွှန်ကြားရင် တပ်စရာ မလိုအပ်ဘူး။ နှာခေါင်းစည်းကြောင့် ကူးစက်မှုကို ကာကွယ်နိုင်တဲ့ အထောက်အထား မတွေ့ရဘူး။ နေထိုင် မကောင်းသူတွေပဲ နှာခေါင်းစည်းတပ်ဆင်ဖို့ ရောဂါထိန်းချုပ်ကာကွယ်ရေး (CDC) က ပြောထားတယ်။
ကျန်းမာနေသူတွေအနေနဲ့ ဗိုင်းရပ် ကူးစက်မှု ကာကွယ်ရေးအတွက် အရေးအကြီးဆုံး လုပ်သင့် တာကတော့ မကြာခဏ ဆပ်ပြာနဲ့ လက်ဆေးဖို့ပဲ ဖြစ်တယ်။ အရက်ပါတဲ့ ပိုးသပ်ဆေး Sanitizers အသုံးပြုတာကို ကျွမ်းကျင်သူတွေက သိပ်အားမပေးချင်ကြတော့ဘူး။ ဒီလို ပိုးသတ်ဆေး လိမ်းတာဟာ ပဋိဇီဝ မတိုးတော့တဲ့ အခြေအနေကို မြင့်မားလာနိုင်စေတယ် တနည်းပြောရရင် ရောဂါပိုး ခံနိုင်ရည်ကို လျော့သွားစေနိုင်တယ်လို့ ယူဆကြတယ်။ တိုတိုပြောရရင်တော့ လက်ကို ပုံမှန်ဆေးပါ၊ ဖြစ်နိုင်ရင် မျက်နှာကို မထိပါနဲ့။

“ဘယ်သူတွေ အန္တရာယ် အများဆုံးလဲ”
ကလေးတွေတော့ မဟုတ်ဘူး။ ဖေဖေါ်ဝါရီနှောင်းပိုင်း လေ့လာချက်တခုအရ ဆယ်နှစ်အောက် ကလေးတွေ COVID-19 ကူးစက်မှုဟာ ၁% လောက်သာရှိပြီး အသက် ၃၀ ကနေ ၇၉ နှစ်ကြား လူကြီးတွေရဲ့ ကူးစက်မှု ကတော့ ၈၇% အထိ ရှိတာတွေ့ရတယ်။ သက်ကြီးရွယ်အိုတွေဟာ ဝေဒနာခံစားရမှု ပြင်းထန်ပြီး အသက်ဆုံးရှုံး နိုင်တယ်။ ဒါကိုကြည့်ရင် COVID-19 ဟာ ရာသီအလိုက် ဖြစ်နေတဲ့ တုတ်ကွေးနဲ့ အတော်ဆင်တယ်။

“ကာကွယ်ဆေး မကြာခင် တွေ့ရှိနိုင်သလား”
နောက်တနှစ်အတွင်းမှာတော့ မဖြစ်နိုင်သေးဘူး။

“ပူနွေးတဲ့ ရာသီဥတုက အကာအကွယ်ပေးနိုင်မလား”
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အင်ဒိုနီးရှား အစိုးရတို့က ပူနွေးတဲ့ရာသီဥတုဟာ ဒီရောဂါကို ဟန့်တားနိုင်မယ်လို့ ယူဆပြောဆိုကြပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒါကို အဖြေတရပ်အနေနဲ့ မသတ်မှတ် ကြဖို့ သတိပေးထားတယ်။
တုတ်ကွေးနဲ့ အအေးမိတာတွေဟာ နွေရာသီမှာ အရှိန်လျော့သွားတဲ့ အကြောင်းရင်း များစွာရှိတယ်။ စိုထိုင်းတဲ့ ရာသီဥတု (Humid weather)ဟာ အသက်ရှုလမ်းကြောင်း အရည်စက် ကလေးတွေကတဆင့် ဗိုင်းရပ်စ်ပိုး ဖြန့်ရ ခက်ခဲစေတယ်။ ပြီးတော့ လူတွေဟာလည်း နွေရာသီမှာ အဆောက်အဦအတွင်း နေချိန် နည်းပါးလာတဲ့ အတွက်ဖြစ်တယ်။
ဒါပေမဲ့ COVID-19 ကတော့ ဒီလိုဖြစ်ချင်မှ ဖြစ်မယ်။ COVID-19 ဟာ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်လာတာ မဟုတ်ဘူးဆိုတာ သိရှိရပြီးဖြစ်တယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်း နွေရာသီမှာ သက်သာမှုရနေတယ် ဆိုရင်တောင်မှ တောင်ဘက်ခြမ်းမှာ ဖြစ်ပွားနေပြီး ရာသီဥတုပြောင်းလဲသွားတဲ့အခါ မြောက်ဘက်ခြမ်းကို တဖန် ပြန်လည်ကူးစက် လာနိုင်တယ်။ ဒါကြောင့် မူဝါဒ ချမှတ်သူတွေ ကျန်းမာရေးအရာရှိတွေ အနေနဲ့ ဒီရောဂါ ကာကွယ်ရေးအတွက် ရာသီဥတုအပူချိန်ကို အားကိုး မနေသင့်ဘူး၊ လူထု ကျန်းမာရေး ပြင်ဆင်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားတယ်။