Breaking News

ကိုသန်းလွင် - ဗီးဆူးဗီးယပ်မီးတောင်



ကိုသန်းလွင် - ဗီးဆူးဗီးယပ်မီးတောင်

(မိုးမခ) မတ် ၉၊ ၂၀၂၀
(၁)

ကျွန်တော်တို့သည် ဖရန့်ဖတ်မှ လေယာဉ်စီးပြီး ရောမမြို့သို့ နှစ်နာရီကျော်အကြာမှာရောက်သည်။ ရောမမြို့မှာ နှစ်ညအိပ်ပြီး ပွန်ပီမြို့သို့ မီးရထားဖြင့်သွားကြသည်။ ဘူးလက်ထရိန်း တွေလိုအမြန်ကြီး မသွားသော်လည်း စီးရ သည်မှာ ငြိမ်သက်အေးဆေးလှသည်။ ပါတ်ဝန်းကျင်က ရူခင်းတွေက လည်း ဆောင်းခါမို့ စိမ်းစိမ်းစိုစိုရှိသည်။ ရထားပေါ်မှာ ၂နာရီကျော်ကျော်ကြာပြီးပွန်ပီမြို့တည်းခိုရာဟိုတယ်သို့ရောက်ခဲ့ကြပါသည်။ မြို့မှာအမှိုက်တပင်မှ မရှိ။ မြူနီစပါယ်အလုပ်လုပ်ဟန်ရှိသည်။ ပြည်သူပြည်သားများကလည်းစည်းကမ်းရှိတာပါ ပါလိမ့်မည်။

ဟိုတယ်သည် ပွန်ပီမြို့ဟောင်းကအထွက် ဂိတ်ပေါက်မှာရှိသည်။ ပွန်ပီမှာ ပျက်စီးသွားသောမြို့တော်ကြီးဟုဆို သော်လည်း မြို့ဟောင်းပြင်ပမှာ အပျက်အစီးမတွေ့ရ။ ယခုကျွန်တော်တွေ့ရသော ပွန်ပီမှာအသစ်ပြန်လည်ရုန်း ထလာသောမြို့တော်ကြီးဖြစ်နေပြီ။

(၂)

အေဒီ ၇၉ ခုနှစ် သြဂုတ်လ ၂၄ရက် နေ့လည် ၁ နာရီခန့်တွင် ဗီဆူးဗီးယပ်မီးတောင်စတင်ပေါက်ကွဲခဲ့ပါသည်။ မပေါက်ကွဲမီ ၄ ရက်ခန့်ကြိုတင်၍ မြို့နေလူထုသည် ထိုနေရာ၌ ဆိုက်စမစ်လှုတ်ယှားမှုများဖြစ်ပေါ်နေကြောင်း သတိပြုမိရပါသည်။ ပထမဦးစွာမှိုပွင့်သဖွယ် မီးခိုးလုံးများသည်မီးတောင်ထိပ်မှ ထွက်ပေါ်လာသည်။ တဖြည်း ဖြည်းကြီးလာပြီး မီးလောင်နေသည့် ချော်ရည်များ၊ ပြာများဖြာပြီးဆင်းလာပါသည်။

အနောက်တောင်အရပ်မ လေကြောင်းကျသောပွန်ပီမြို့စတာဗီးယား (Stabiae) မြို့နှင့်လေပေါ်အရပ်မှာရှိသော (Heculaneum) မြို့များအထိ ချော်ရည်များ ဖုံးလွှမ်းခဲ့ရာ အချို့နေရာများတွင် ၂.၈ မီတာနှင့် အချို့နေရာများ တွင် ၂၀ မီတာအထိရှိခဲ့ပါသည်။

ပွန်ပီမြို့အရှေ့ဘက်ဂိတ်တွင် မီးခိုးလုံးများ စတင်မြင်ရချိန်နှင့် ချော်ရည်များမှ လွတ်ရန်ပြေးလာကြသော မြို့သူ မြို့သား ၂၀ခန့်၏ ရုပ်အလောင်းများကို နှောင်းခေတ်လူများက တူးဖော်တွေ့ရှိခဲ့ကြပါသည်။ အနောက်ဘက်ဂိတ် တွင်အိမ်ကိုသော့ပိတ်၍ ထွက်ပြေးလာကြသော ဇနီးမောင်နှံကို အိမ်သော့နှင့်အတူသင်းချိုင်းကုန်းအနီးတွင်တွေ့ ရသည်။ လူသေများကို မြုပ်လေ့ရှိသောလူ့နာမည်များပါ သော ကျောက်တုံးမှစာများများကိုလည်းဖတ်ရူနိုင်ကြ ပါသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်ဖုံး၍ သေဆုံးရသူအလောင်းများမှာ ၁၁၀ဝ ကျော်ကျော် တူးဖော်ရရှိခဲ့ပါ သည်။ သူတို့သည် ချော်ရည်များဖြင့် အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံခဲ့ကြရခြင်းဖြစ်ပါသည်။ အချို့မှာ အိမ်မှာနေရင်း အိမ်အမိုးပြိုကျပြီး အိပ်နေရင်းသေသွားကြရသူများရှိသည်။ ရင်ခွင်တွင် ကလေးကို ထည့်၍ နို့တိုက်ရင်းသေကြရသော အလောင်းများကိုတွေ့နိုင်သည်။ တချို့လည်း ပြေးရင်းလွှားရင်းလက်မြှောက်လျက် ၊ ခြေလှမ်းလျက်၊ မိမိကိုယ်ကိုဘာဖြစ်မှန်းမသိရဘဲ သေသွားကြရသူများလည်း ရှိပါသည်။

၁၉ရာစုနှစ်မှာ ထိုလူများကို ပုံစံမပျက် ပလပ်စတစ်လောင်းသောစနစ်ကို တီထွင်လာကြသည်။ လူ၏နေရာတွင် အဝတ်အစားပုံစံမပျက်စေဘဲ ပလပ်စတစ်ကိုလောင်းထည့်သောအခါ သေစဉ်ကပုံစံအတိုင်း လူ့ရုပ်အလောင်း ပုံစံရရှိပါသည်။ ပွန်ပီမြို့ပြတိုက်ထဲတွင် ထိုကဲ့သို့လူသေနေပုံများ တွေ့နိုင်ပါသည်။

ဆရာဝန်တစ်ယောက်မှာ သူ၏ဆေးအိပ်ကို ကိုင်ရက်သားသေနေသည်ကို တွေ့ရသည်။ မြို့လယ်ခေါင်က အိမ်အကျယ်ကြီးတွင် အလုပ်လုပ်နေသောကျွန်များကိုလည်း သံကြိုးသံကွင်းတွဲလဲဖြင့် သေနေသည်ကို တွေ့ရသည်။ ဂလဲဒီရေတာများ (Gladiiator) ၏ ဘားတိုက်တွင်လက်ဝတ်ရတနာများ ဝတ်စားထားသော အမျိုးသမီးတစ်ယောက်၏ အလောင်းကိုတွေ့ရပါသည်။

၁၇ ရာစု နှင့် ၁၈ ရာစုများတွင် နိုင်ငံခြားမှ အရေးကြီးပုဂ္ဂိုလ်များလာတိုင်း ထိုအသစ်အသစ်သောလောင်းများ ကို တွေ့ကြရသည်။ ၁၇၇၀ ခုနှစ်တွင် ပလပ်စတစ်လောင်းသည့် စနစ်မရှိသေးချိန်၊ အမျိုးသမီး နို့တခုကို အကြောင်းအရာမသိရဘဲတူးဖော်ရရှိ ရာပြတိုက်တွင် ပြသထားရာမှ လူအများက စွဲလမ်းမှုရှိသည်ကို တွေ့ ရသည်။ ထိုနို့ကို မြင်သွားသော ပြင်သစ်လူမျိုးတစ်ယောက် မှာ ပြတိုက်သို့ ခဏခဏလာရင်း ထိုနို့ကို စွဲလမ်းနေသည်။ ၁၉၅၀ခုနှစ်ရောက်လာသောအခါ ထိုနို့မှာ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပါသည်။

တစ်အိမ်တွင် တစ်မိုးအောက်မှာလူ၁၂ ယောက်ကိုတွေ့ရသည်။ အိမ်ထောင်ဦးစီးနှင့်အတူ ကျေးကျွန်များအပါ အဝင်ကလေး ၆ဦးနှင့်လူကြီး၆ ဦးတို့ပါဝင်သည်။ အမိုးပြိုကျပြီး အားလုံးကို မထဲတွင်ပိတ်မိဟန်တူသည်။ အမျိုး သမီးဖြစ်သူမှာ ကိုယ်ဝန်၉လနှင့် နေ့စေ့လစေ့ မှာကြမ္မာဆိုးနှင့် ကြုံရသည်။ ဤမိသားစုကို ၁၉၇၅ မှာတွေ့ခဲ့ကြ ခြင်းဖြစ်ပါသည်။

ပွန်ပီမြို့နည်းတူမြို့တော် ဟာကျူလီနီယံ (Herculaneum) တွင် Boat house ခေါ်အိမ်များတန်းစီပြီး ကမ်းခြေ တလျှောက်ဆောက်ထားသည်ကိုတွေ့ကြရသည်။ ၁၉၈၀ ခုနှစ်မှ ယခုအချိန်အထိ ထိုအိမ်ကလေးများတွင် အလောင်း ၃၄၀ ကိုတူးဖေါ်၍ရခဲ့ပါသည်။ သူတို့သည်အိမ်ထဲတွင်မိသားစုလိုက် လှဲအိပ်နေရင်းသေကြရခြင်း ဖြစ်ပါသည်။ သူတို့အပေါ်မှ အမိုးအကာများအောက်တွင်နေ၍ချော်ရည်ဖုံးလွှမ်းကာသေကြရပါသည်။ တူးဖေါ် ကြသူများကသူတို့အပေါ်မှာ အမိုးအကာများကြောင့် အပူချိန်မှာ ထင်သလောက်မများနိုင်ဘဲလေမရသော ကြောင့်ဖြစ်စေ၊ ချော်ရည်ပူများဖုံးလွှမ်းခံရင်း ဘဝဆုံးကြရပါသည်။

ထိုမြို့ထဲမှ အနည်းဆုံးတစ်ယောက်၏ ဦးနှောက်မှာ အပူဒဏ်ကြောင့် ဖလ်သား (Glass) သဖွယ်ဖြစ်သွားရပါ သည်။ သုတေသန လုပ်သူများတွေ့ရသည့်အချိန်အထိ မပြောင်းလဲဘဲ တွေ့ရသည်ဟုဆိုပါသည်။

(၃)

မီးတောင်ထိပ် အနီးရောက်အောင် ကျွန်တော်တို့ဘတ်စ်ကားဖြင့်တက်ရပါသည်။ တောင်ထိပ်ရောက်ရန် အ တက်လမ်းမှာ မက်စောက်လှသဖြင့် ဘတ်စ်ကားတက်ခွင့်မပေးပါ။ တောင်တက်ခ ၁၀ယူရိုပေးရပါသည်။ တောင်ကို ချည်းကပ်လာစဉ် ကားမှာ မြွေလိမ်မြွေကောက်လမ်းများအတိုင်းလူနေရပ်ကွက်ကိုဖြတ်ကျော်လာရ ပါသည်။ မီးတောင်နှင့်နီးပြီး အန္တရာယ်ရှိရာအရပ်မှာ နေသောလူဦးရေမှာ ၆ သောင်းခန့် ရှိပါသည်။

ထိုမီးတောင်မှာ နှစ်ပေါင်း ၁၇,ဝ၀ဝ မှ ၁၈,ဝ၀ဝအတွင်း အကြိမ် ၅၀ ခန့်ပေါက်ကွဲခဲ့ပြီးပြီဟုဆိုရာ ထိုသူများမှာ အန္တရာယ်ကြီးလှပါသည်။ အချို့ကလည်း မီးတောင်ကြီးသေသွားပြီ၊ (Dormant) ဖြစ်သွားပြီဟု ပြောဆိုနေကြပါ သည်။

ကျွန်တော်တို့သည် တောင်တက်လမ်းကို တောင်မွှေးကိုယ်စီကိုင်ကာ တက်ကြရပါသည်။ ရာသီဥတုက အေး သောကြောင့် လူကချွေးမထွက်၊ မပင်ပန်း၊ လမ်းဖောက်ထားပုံကည်း ပြေပြစ်လှပါသည်။ ကျောက်ခဲငယ်ငယ် လေးတွေ ပြည့်နေသောလမ်းမှာ အနည်းငယ်မတ်စောက်သည်။ ဟိုဘက်ဘေးမှာ နေပယ်ပင်လယ်ကွေ့ကို မှုန်မှုန်မွှားမွှားမြင်နေရသည်။ အထက်ရောက်လေလေ တိမ်ခိုးတွေ ဝေနေသော ပတ်ဝန်းကျင်မှာပို အေးလေ လေဖြစ်သ ည်။

တောင်ထိပ်မှာ ဘောလုံးကွင်း ၄ ကွင်းစာလောက်ကြီးသည့် ချိုင့်ဝှမ်းကြီးကို တွေ့ရလေသည်။ ဤနေရာသည် မီးတောင်၏အဝဖြစ်သည်။ အနက်ကလည်း ဘောလုံးကွင်းနှင့် တိုင်းတာလျှင်တစ်ကွင်းစာလောက် အနည်း ဆုံးနက်မည်။ အောက်ခြေမြေသားတွေကို မြင်နိုင်သည်။ အောက်ခြေမြေသားတွေက မာနေပါပြီ။ ဤမီးတောင် သည် တကယ်သေသွားပါပြီ။

ဤနေရာသည် တက်တိုးနစ်နည်းပညာ (Tectonics) အရ အာဖရိကန်နှင့် ယူရေရှန်ပလိပ် ၂ခုတို့တွေ့ဆုံရာနေ ရာမှာရှိပါသည်။ အာဖရိကန် ပလိပ်က မြေအောက်သို့ ငုပ်လျှိုးသွားရာ နုတ်ခမ်းမှာကတော့ ပုံစံမီးတောင်ဖြစ်ရစ် ပါသည်။ ကြီးမားသော ကတော့ကြီးကို မောက်ထားသလိုဖြစ်နေသော မီးတောင်ကြီးမှာ သမိုင်းတစ်လျှောက် မီးတောင်ပေါက်ကွဲတိုင်း မြင့်တက်လာခဲ့သည်။ ၂၀၁၀ တိုင်းတာချက်များအရ အမြင့် ၁၂၇၁ မီတာ သို့မဟုတ် ၄၂၀၃ ပေမြင့်သည်။

ဤနေရာသည် ပွန်ပီမြို့သားတွေကို အသေသတ်ခဲ့သော ချော်ရည်ပူများထွက်လာသည့် အပေါက်ဖြစ်ပါသည်။ အမြင့်ပေ ၃၃ကီလိုမီတာ (၂၁ မိုင်) အမြင့်ထိမီးခိုးလုံးကြီးများက မြင့်တက်လာသည်။ အီဂျစ်ပြည် အလက်ဇန္ဒား မြို့က လှမ်းကြည့်လျှင်ပင်မြင်ရသည်။ ပြာမှုန့်များမှာ တောင် အာဖရိကနိုင်ငံအထိ ရောက်သည်ဟု အဆိုရှိ သည်။ ဤတွင်းဝမှ အရည်ပျော်နေသော ကျောက်တုံးကျောက်ခဲများသည် တစ်စက္ကန့်လျှင် ကုဗမီတာ ၆သိန်း (၇.၅ ကုဗယာဒ်) မျှ ထွက်လာခဲ့သည်။ အပူချိန်ပမာဏမှာ ပွန်ပီမြို့သို့ရောက်ချိန်တွင် ၃၀ဝ ဒီဂရီစင်တီဂရိတ် ရှိသည်။ ထွက်လာသည့်အပူစွမ်းအင်မှာ ဟီရိုရှိမားနှင့် နာဂါစာကီမြို့ပေါ်မှာ ပေါက်ခဲ့သည့် ဗုံးထက် အဆ ၁ သိန်းခန့် ပို၍ကြီးပါသည်။

ကိုသန်းလွင်

Ref: The Shadow of Vesuvius by Daisy Dunn