Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၈၊ ၂၀၂၁

နေ့စဥ် ပုဒ်မ ၅၀၅ (က) နဲ့ အရေးယူထားတယ်ဆိုတဲ့ သူတွေစာရင်းကို ကြေညာရာမှာ ကျန်းမာရေးဌာနဝန်ထမ်း ဆရာဝန်တွေ၊ ပညာရေး နယ်ပယ်က တက္ကသိုလ်ဆရာ ၊ ပါမောက္ခ အစရှိတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂတွေ စသဖြင့် နယ်ပယ် အလိုက် ခွဲပြီးကြေညာတာဖြစ်ပါတယ်။ နယ်ပယ်တခုမှာ အနည်းဆုံး ၁၀ ဦးကနေ ၂၀ လောက်ထိ ပါဝင်တာပါ။

ဆရာဝန်တွေဆိုရင် လက်ထောက်ဆရာဝန်တွေက စလို့ အထူးကုဆရာဝန် အလယ်၊ ပါမောက္ခ အဆုံးပါရှိတာပါ။ ပညာရေးနယ်ပယ်က တက္ကသိုလ်ဆရာတွေဆိုရင်လည်း ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကအထိ ပါဝင်တာတွေ့ရပါတယ်။ အလားတူ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေလည်း ဒါဇင်နဲ့ချီ စာရင်းထဲပါဝင်နေတာဖြစ်ပါတယ်။ အခုလို ပညာရေး၊ ကျန်းမာရေးနယ်ပယ်က သူတွေကို နိုင်ငံရေး အမြင်ချင်းမတူယုံနဲ့ နိုင်ငံတော်မတည်ငြိမ်အောင် လုပ်တယ် တပ်ကို အကြည်ညိုပျက်အောင် လုပ်တယ် ဆိုတဲ့ ပုဒ်မနဲ့ တပ်ပြီး အရေးယူဖို့ လုပ်နေတာ မှားကြောင်း ဝန်ခံချက်ပေးပြီး အလုပ်ပြန်ဝင်အောင် လုပ်နေတာဟာ တော်တော်ကို ရုပ်ဆိုးတဲ့ လုပ်ရပ်ဖြစ်ရုံမက တနိုင်ငံလုံးနဲ့ စစ်ကောင်စီနဲ့ ရန်ဖြစ်နေသလိုဖြစ်နေပါတယ်။

ကြေညာရာမှာလည်း ဖေ့စ်ဘွတ်အကောင့်က ဓါတ်ပုံတွေကို ကူးယူပြီး တင်တာတွေ၊ တခါတရံ အမည်နဲ့ ဓါတ်ပုံလွဲမှားနေတာေတွ၊ တကြိမ်မက ထပ်ပြီးကြေညာနေတာတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက လုပ်ပုံလုပ်နည်းတွေက ကျွမ်းကျင်မှုမရှိတဲ့ ၊ ပြီးစလွယ် လုပ်တဲ့ ၊မှန်ကန်တိကျတယ် ဆိုတာထက် ခြိမ်းခြောက်ဖို့ စိတ်စောပြီး ထုတ်ပြန်နေတဲ့ သဘောလည်း တွေ့ရပါတယ်။

ကြုံခဲ့ဖူးတဲ့ ခေတ်တွေအနက် အပျက်ဆုံးခေတ် တခေတ်၊ လုပ်ချင်ရာ လုပ်တဲ့ ခေတ်တခေတ် ၊ တရားဥပဒေ နဲ့အညီဆိုတဲ့ စကားလုံးကို သတင်းထဲ ရေလဲ သုံးပြီး မတရားမှုအားလုံးကို ကျူးလွန်နေတဲ့ ခေတ်တခေတ်ကို ကြုံတွေ့နေကြရတယ်လို့ လူအများ ခံစားနေကြရတာဖြစ်ပါတယ်။

နိုင်ငံရေး အတိုက်အခံတွေကိုသာ ဖိနှိပ် ဖြိုခွဲနေတာမဟုတ်ပဲ နိုင်ငံရဲ့ လူဦးရေ ၉၅ ရာနှုန်းလောက်က အတိုက်အခံနိုင်ငံရေးသမားတွေ လှုပ်ရှားမှုတွေကို ထောက်ခံနေလို့ လူဦးရေရဲ့ ၉၅ ရာနှုန်းလောက်ကို သက်မွေးဝမ်းကျောင်း အလိုက်၊ ကျွမ်းကျင်မှု အလုိက် အုပ်စုခွဲပြီး ရန်သူအဖြစ် သတ်မှတ်ကြေညာနေတာမျိုး ဖြစ်ပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ လက်နက်ကိုင် တပ်ဖွဲ့တွေကလွဲလို့ ထောက်ခံမှု ကျဆုံးနေတာကို သက်သေထင်ရှား မြင်နိုင်ပါတယ်။

တနိုင်ငံလုံးကို တိုင်းပြည် မတည်ငြိမ်အောင်လုပ်သူတွေလို့ ကြေညာမယ့်အစား စစ်ကောင်စီ အဖွဲ့ကို ထောက်ခံသူ ၅ ရာနှုန်းမျှရဲ့ အမည်ကိုသာ ကြေညာလိုက်ပြီး ကျန်သူတွေအားလုံးကို မတည်ငြိမ်အောင် လုပ်သူ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ အဖြစ်ကြေညာ လိုက်ခြင်းက ပိုမြန်မယ်လို့ ဆိုချင်ပါတယ်။

နို့မဟုတ်ရင် တနေ့တနေ့ ကြေညာနေရတာ အချိန်ကုန်ပြီး ၊ စာရင်းတွေလည်း ပြီးနိုင်စရာမရှိဘူး လို့ထင်ပါတယ်။ သက်ဆိုင်ရာ သက်မွေးဝမ်းကျောင်း နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်သူတွေ၊ လူအများ လေးစားတန်ဖိုးထားသူတွေ၊ ဂုဏ်သိက္ခာရှိရှိ ပညာရှင် ဆန်ဆန်် လုပ်ကိုင် နေသူတွေကို နိုင်ငံကို ဆူပူအောင် လှုံ့ဆော်နေသူတွေ အဖြစ်လည်းေကာင်း၊ စစ်ကောင်စီကို မယုံကြည်အောင် ပြောဆို နေသူတွေ အဖြစ်လည်းကောင်း ပုံဖေါ် အမှုဖွင့် ဝရန်းထုတ်တာ မြန်မာနိုင်ငံမှာ ခု တကြိမ်က ပထမဆုံးလည်း ဖြစ်သလို သိက္ခာအကျဆုံး မရှိဆုံး အစိုးရအမည်ခံထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အမှားတွေကို မလွဲအောင်လုပ်နိုင်ရင် သက်ဇိုးရှည်နိုင်ပါသေးတယ် ၊ အမှားတွေကို လွဲချော်ပြီး လုပ်ရင်တော့ အသက်တိုဖို့ သေချာပါတယ်။ Do the wrong thing the right way or Do the wrong thing the wrong way ဆိုတာမျိုးပေါ့။

ဒီနေ့မှာ ကြားသိေနရတဲ့ သတင်းတွေကတော့ မင်းတပ်မှာ စစ်ကောင်စီဖက်က ဖမ်းဆီးထားတဲ့ ဒေသခံ ၇ ဦးကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်း၊ မင်းတပ်ဒေသံခံတွေ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေး အဖွဲ့က ခုခံတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၄/၅ ရက်အတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၃၀ နီးပါး ရှိလာပြီဆိုတဲ့ သတင်းလည်း ဖတ်ရှုရပါတယ်။ စစ်ကောင်စီဘက်က အင်အားဖြည့်ဖို့ အတွက် ဒေသခံ ကာကွယ်ရေး တပ်နဲ့ မြို့မိမြို့ဖကို ကြားခံပြီး အပစ်ရပ်ဖို့ ပြောဆိုတာတွေ၊ ပခုက္ကူဘက်က စစ်ကောင်စီ တပ်ဖွဲ့တွေကို အဝင်ခံဖို့ ညှိနေတဲ့ သတင်းတွေ အရင်ရက်တွေက ကြားသိခဲ့ရတာပါ။ လက်နက်နဲ့ လူအင်အားဖြည့်တင်းပြီး မင်းတပ် ခုခံမှုကို ပြင်းထန်စွာ ဖြိုခွဲမယ့် အလားအလာလည်း ရှိနုိင်တာကို ဒေသခံတွေ သတိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်သူတွေ တန်းစီနေကြဆဲ ဘဏ်ခွဲတွေအားလုံး မဖွင့်နုိင်ခင်မှာ လက်ရှိအပ်ငွေကို တရက်ဘယ်လောက်၊ တပတ်ဘယ်လောက် ဆိုတဲ့ ငွေပမာဏ အကန့်အသတ် နဲ့ ထုတ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားပြီး သက်ဆိုင်ရာ ဘဏ်အလိုက်လည်း အနည်းအကျဥ်းကွာဟတဲ့ ပမာဏ သတ်မှတ်ပြီး ထုတ်ခွင့်ပေးနေတာ ဖြစ်ပြီး အကြပ်အတည်းက ကြာလာသည်နှင့်အမျှ နက်ရှိုင်းလာတဲ့ အရိပ်အရောင်တွေ မြင်တွေ့နေရပါပြီ၊ စစ်အာဏာသိမ်းမှုရဲ့ ဂယက်၊ စီဒီအမ်ရဲ့ ဂယက် စသဖြင့် ယူဆကြတဲ့ အကြောင်းရင်းတွေက တခုထည်းကြောင့်မဟုတ်တော့ပဲ အကြောင်းပေါင်းဆုံပြီး ငွေအပ်ထားသူတွေရဲ့ မယုံကြည်မှု က ကြာလေ ပိုမိုကြီးထွားလာပြီးဘဏ်တွေထဲက ငွေတွေကို ရသလောက် ပြန်ထုတ်ဖို့ ကြိုးစားလာကြတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

မနေ့ကတော့ ဗဟိုဘဏ်က ကြေညာချက်တခု ထုတ်လိုက်ရာမှာ မေလ ၃ ရက်နေ့ နောက်ပိုင်း ဘဏ်အကောင့်အသစ်ဖွင့်ပြီး ငွေအပ်ခဲ့ရင် အဲဒီအကောင့်သစ်ထဲမှာ ရှိတဲ့ငွေကို ပမာဏ အကန့်အသတ်မရှိပဲ ထုတ်ခွင့် ပေးမယ်ဆိုတဲ့ သဘော ထုတ်ပြန်ခဲ့တာပါ။ နကိုရှိရင်း ဘဏ်စာရင်းကတော့ ခု သတ်မှတ်ထားတဲ့ ကန့်သတ်ပမာဏ အတိုင်း ထုတ်ခွင့်ရှိမယ်ဆိုတာပါ။ တကြိမ်မှာ မကြားဖူးတဲ့ နည်းနာတွေ သတ်မှတ်ချက်တွေ စည်းကမ်းတွေ သတ်မှတ် ထုတ်ပြန်နေတာကို ကြည့်ရင် ပြဿနာက နက်ရှိုင်းလာတဲ့ သဘောကောက်ချက်ချ ရမယ့်သဘောပါ။

စစ်အာဏာရှင်တွေက ဘဏ်လုပ်ငန်းလုပ်နိုင်ဖို့ ဒေတာလိုင်းတွေ မိုဘိုင်းနက်ဝပ်ထဲမှာ အတားအဆီးမရှိ ပြန်ဖွင့်ပေးပါတယ်။ ဖိုင်ဘာနက်ဝပ်ကိုလည်း ညပိုင်းတွေပါ ဖွင့်ထားပေးပါတယ်။ VPN ခံစရာမလိုဘဲ ဘဏ်စနစ်ကို သုံးဖို့ မက်စိတွေ ဖုံးအော်ပရေတာတွေက ပို့ပေးပါတယ်။ အခြား ဖေ့စ်ဘုတ် ဘာညာတွေအတွက်က VPN ခံပြီး လူတွေက သုံးနေကြတုန်းပါပဲ။ ဒါက အရေးပေါ်ဖြေရှင်းနည်းဆိုပေမယ့် လူထုကတော့ သူတို့ကို ကျေးဇူးတင်မယ့်ပုံ မရှိပါဘူး။ အေတီအမ်ကနေ ပိုက်ဆံထုတ်ဖို့ တန်းစီတဲ့ လူတန်းကြီးတွေအကြောင်းကို ဆိုရှယ်မီဒီယာတွေမှာ လူတွေက တင်ကြပါတယ်။ တိုင်းပြည်ဘဏ်စနစ် ပြိုကွဲရင် ငွေကြေးစနစ်ပြိုလဲရင် စစ်အစိုးရပါ တခါတည်း ပြိုကျမှာ ဖြစ်ပြီး စင်ပြိုင်ရှိပြီး လူထုထောက်ခံတဲ့ CRPH - NUG အစိုးရ၏ ငွေကြေးစနစ် ဘဏ္ဍာရေးစနစ်ကို လူတွေက မလွဲမသွေ ပြောင်းလဲသုံးစွဲပြီး စနစ်တခုကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

စီးပွားရေး နဲ့ပတ်သက်လို့ အရိပ်အရောင်တွေ က ကောင်းတဲ့အရာ တခုမှျ မတွေ့ရချိန် လက်နက်ကိုင် တိုက်ပွဲတွေကလည်း ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်၊ အာလောဘွမ် တောင်ကုန်း တဝိုက်၊ ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေ၊ တပ်မဟာ ၁ သထုံ ကျိုက်ကော်ဘီးလင်း နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ သတင်းတွေ ယမန်နေ့ကရော ဒီနေ့မှာပါ ကြားသိနေရတာဖြစ်ပါတယ်။

ဒီသတင်းတွေ အပြင် လက်လုပ်မိုင်း၊ မီးပုလင်းနဲ့ ပစ်ခတ်မှု ပေါက်ကွဲမှုတွေက မြန်မာနုိင်ငံမြို့ကြီးအများအပြားမှာ နေ့တိုင်း ဖေါ်ပြနေတာ တွေ့နေ ရပါတယ်၊ ရန်ကုန် တောင်ဥက္ကလာ မြို့နယ် ရဲစခန်းအနီးမှာလည်း ပေါက်ကွဲမှု ဖြစ်တဲ့သတင်း၊ အင်းစိန်က ပေါက်ကွဲမှု သတင်း ၊ မန္တလေး အမရပူရ ပေါက်ကွဲမှု သတင်း အစရှိတဲ့ ပေါက်ကွဲမှု နဲ့ ရပ်ကွက် အုပ်ချုပ်ရေး ရုံး မီးလောင်တဲ့ သတင်းတွေက ဒီနေ့ အတွက် ကြားသိရတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

သည်ပုံတိုင်းဆိုရင် ပြည်သူလူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုက်ပွဲဝင်အင်အားစုတွေဟာ စစ်အုပ်စုကို ဘယ်လိုနည်းနဲ့မှ ဆက်လက်အုပ်ချုပ်ခွင့် မရှိစေရ ဆိုတဲ့ သံန္နိဌာန်ကို ပိုင်ပိုင်ကြီး ချလိုက်ပြီဆိုတာ ထင်ရှားသွားပါတယ်။ သည်တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချေမှုန်းသဂြိုလ်ရေး အဆုံးသတ်တိုက်ပွဲလည်း ဖြစ်ပါတယ်။ Civil War ဆိုတာထက် Attrition War - ရန်သူကို ခြေကုန်လက်ပန်းကျ အင်အားတွေ ကုန်ခန်း ပြုံးတီး လုံး၀အသက်ကုန်သွားသည်အထိ လူအင်အား လက်နက်အင်အား ငွေကြေးဓနအင်အားတွေ ဆုံးရှုံးပျက်စီးအောင် တိုက်ခိုက်သွားတာမျိုး ဖြစ်ပါတယ်။

CDM က ဝန်ထမ်းသပိတ်ကနေ စတင်လိုက်တာ အစိုးရယန္တယား မလည်နိုင်တော့ပါဘူး။ ဘဏ်လုပ်ငန်းတွေကို အရုပ်ကြိုးပြတ်ဖြစ်အောင် လုပ်လိုက်ပါတယ်။ လမ်းပေါ်ထွက် သပိတ်မှောက် တောင်းဆိုသူတွေကို စစ်အုပ်စုက ရက်စက်စွာ လူမဆန်စွာ သတ်ဖြတ် နှိမ်နင်းပြီးနောက်မှာ လူထုက ခုခံစစ်ဖြင့် တုန့်ပြန်ပါတယ်။ ဒါကိုလည်း စစ်မြေပြင်မှာ စစ်တိုက်သလို ခြေမှုန်းတဲ့အတွက် ပြည်သူတွေဟာ စစ်တပ်ကို တိုင်းပြည်နဲ့ လူသားမျိုးနွယ်အားလုံးအတွက် ရန်သူအဖြစ်သတ်မှတ်ပြီး အမြစ်ဖြတ်ချေမှုန်းရေးလမ်းကိုသာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ စစ်အုပ်စုလက်နက်ကိုင်တပ်တွေ နောက်လိုက်တွေ၊ သူတို့မိသားစုတွေ အိုးအိမ်စည်းစိမ်တွေကို လူထုက ပစ်မှတ်ထား တိုက်ခိုက်နေပါပြီ။

ဒီနေ့ ပညာရေးဝန်ကြီး သပိတ်ခေါင်းဆောင် ဒေါက်တာဇော်ဝေစိုး ပညာရေးဆိုင်ရာ မိန့်ကြားချက်မှာလည်း သည်သဘောထားတွေ ပါဝင်နေပါတယ်။ တကမ္ဘာလုံးက CRPH - NUG ကို ထောက်ခံတယ်။ ထုတ်မပြောသော်လည်း အားလုံးသိတယ်။ မသိချင်ယောင်ဆောင်နေတာဆိုလို့ စစ်အုပ်စု မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေပဲ ရှိတယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင်တွေကလည်း ဝိုင်းပြီး ထောက်ခံတယ်၊ လေ့ကျင့်သင်ကြားမှုတွေ ရှိတယ်။ အင်အားတွေ ပေးထားတယ်။ နိုင်ငံတကာကလည်း ကူညီပံ့ပိုးနေပြီးသားပဲ။ ပြည်သူလူထု သန်း ၅၀ ဟာ တော်လှန်ရေး တပ်သားတွေ အားလုံး ဖြစ်တယ်။ ကာကွယ်ရေးကို အားလုံးလုပ်ကြရမယ်။ CDM အောင်မြင်ရေးကော်မီတီ ဖွဲ့စည်းပြီးပြီ။ ဝန်ထမ်းအားလုံးကို လစာပေးထားမယ်။ အခြားအကူအညီတွေ ပေးမယ်။ ပြည်တွင်း ပြည်ပ ကူညီမှုတွေ ရရှိထားပြီး ဖြစ်တယ်။ လွတ်မြောက်နယ်မြေတွေအားလုံးမှာ ပြည်သူတွေအတွက် ကျောင်း ဆေးရုံ တည်ဆောက်ရေးအခြေခံတွေ ဆောင်ရွက်သွားမယ်လို့ ရဲရဲကြီး ပြောသွားပါတယ်။ NUG အစိုးရကတော့ R2P တွေ ASEAN UN UNSC EU ဘာတွေ ညာတွေ Drone တွေ No Fly Zone တွေ မပြောတော့ပါဘူး။ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကိုယ်တော်လှန်ရေးကို ကိုယ့်ဖာသာ အနိုင်တိုက် အဆုံးသတ်အထိ တိုက်ဆိုတဲ့ သဘောမျိုး ပိုပိုပြီး ဖိပြောနေပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar