Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၆)

Art - Than Htay Maung


မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၆)

(မိုးမခ) မတ် ၇၊ ၂၀၂၀


ဝါဆိုသင်္ကန်းကပ်ပြီးတဲ့အချိန် ဇူလိုင်လဆန်းဟာ နွေရာသီမို့ကလေးတွေကျောင်းပိတ်ထားပြီ။ လူကြီးတွေတချို့လည်းခွင့်ယူပြီး‌ဗေကင်းရှင်းတွေဘာတွေသွားကြပြီ။ ပိုက်ဆံမတက်နိုင်တဲ့သူတွေကတော့ အိမ်မှာပဲနေပြီး စတေကေးရှင်းကြတယ်။ ရာသီဥတုပူတုန်းဆိုတော့ အိမ်မှာပဲနေရင်တောင်မှ အနီးအနားကတိရစ္ဆာန်ရုံတို့၊ ပန်းခြံတို့၊ ပြတိုက်တို့၊ သွားလို့ရတယ်။ ခြံထဲမှာ ဘာဘီကျူး ကင်စားလို့ရတယ်။ ဆပ်ပြာပူဖောင်းမှုတ်လို့ရတယ်။ လူတွေပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးရှိကြတယ်ပေါ့။ ဆောင်းရာသီတုန်းက နှင်းတွေကျပြီး ဒုက္ခရောက်ခဲ့တာကိုမေ့ပြီလေ။

မသင်းတို့မိသားစုတောင် စိတ်ပြေလက်ပျောက်ဆိုပြီး ပင်လယ်ကမ်းခြေဘက် တစ်ညအိပ်ခရီးသွားကြတယ်။ ဇာနည်ညွန့်ကလည်း သူနဲ့အီစီကလီတွေရှိတဲ့ ပြည်နယ်ကိုသွားတယ်။ လူပျိုကြီးဇံဇံကတော့ တလောကမှမြန်မာပြည်ကပြန်လာတာဆိုတော့ ခွင့်ရက်ရှည်သိပ်မရတော့ဘူး။ ဒါပေမယ့်အလုပ်ကမိတ်ဆွေတွေနဲ့ ဘာဘီကျူးကင်စားကြတယ်။ သူတို့ကလေးတွေရဲ့ ဘေ့စ်ဘောတို့၊ ဘောလုံးပွဲတို့တွေ သွားကြည့်ကြတယ်။ ရာသီဥတုကတော့ ဘာပူသလဲမမေးနဲ့။ အဲကွန်း မရှိတဲ့လူတွေတော့ဒုက္ခရောက်ကြတာပဲ။

ဦးစိုးနိုင်တို့ကတော့နဲနဲငြိမ်နေတယ်ပဲပြောရမယ်၊ ဘာသံမှသိပ်မကြားရဘူး၊ သူကောင်မကကားမောင်းသင်တန်းတက်ပြီး ကားမောင်းတယ်။ ကောလိပ်တက်မလို့လုပ်တယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေဘာတွေ တောင်ဖြေပြီးပြီ။ စိုးစိုးတတ်တဲ့ဒေသကောလိပ်မှာပဲ အချိန်ပိုင်း PART TIME တက်မှာဆိုတော့ သူ့ဆီဖုန်းဆက်ပြီးကျောင်းအကြောင်းတွေ မေးဖို့ဖုန်းဆက်တယ်၊ အဲဒီကိစ္စကိုဦးစိုးနိုင်သိပ်မသင်္ကာဘူး၊ ကိုယ်ကတော့စိတ်ထင်နေလို့လားတော့မသိဘူး၊ ဒီကောင်မ စိုးစိုးဆီဖုန်းဆက်ရင် အသံတွေကတုန်နေပြီး တယ်လီဖုန်းကိုလိုတာထက်ပိုပြီးဆုပ်ကိုင်ထားသလိုပဲ။ ဒါပေမယ့်နေရတကာမှာ လိုက်ပြောနေတယ်ဖြစ်မှာစိုးတာနဲ့ ဦးစိုးနိုင်ဘာမှမပြောပဲ အသားစောင့်ကြည့်နေတယ်။

မာလာတို့ကစိုးစိုးကိုခင်တော့ ၊ ကောလိပ်မှာအချိန်ပိုင်း ဘာညာတက်တာလဲသိတော့ ကျောင်းစာအုပ်ဝယ်ဖို့ဆိုပြီးပိုက်ဆံပေးတယ်။ ပညာသင်ချင်တဲ့စိတ်ရှိတာကို ကပဲချီးကျူးစရာဖြစ်နေပြီ။ အလုပ်တဖက်နဲ့ ကောလိပ်တက်ရတာဆိုတော့ဘယ်လွယ်မှာလဲ။ ဒါပေမယ့်ဖြေးဖြေးချင်းဒီလိုပဲတတ်သွားရမှာပဲ။တချိန်ချိန်မှာ ဒီပလိုမာတစ်ခုလောက်တော့ ရသွားမှာပေါ့။ မြန်မာတွေကမညံ့ကြပါဘူး။ အင်းအင်းနဲနဲပျင်းတာတစ်ခုတော့ရှိတယ်။ အဲဒါနဲ့ပဲခံနေရတာ။

ပူပြင်းတဲ့နွေရာသီကို အံတုကျရတဲ့သြဂုတ်လရဲ့တစ်နေ့မှာတော့ နိဗ္ဗာန်စျေးပွဲတော်လုပ်တယ်။ အန်တီအေးကမလာနိုင်ဘူး။ သူ့မိတ်ဆွေ ချိုချိုစားသောက်ဆိုင်ပိုင်ရှင် ဒေါပြုံးကြည်က စရိတ်ခံပြီးခေါ်တာနဲ့ နူးရော့ခ်မြို့ကြီးသွားလည်ကြတယ်။ ဟိုမှာအသိမိတ်ဆွေတွေ အိမ်မှာတည်းပြီးဘုန်းကြီးကျောင်းတွေသွားကြ၊ အထင်ကရနေရာတွေလျှောက်လည်ကြနဲ့ပေါ့။ ဒေါပြုံးကြည် မှာလည်းချမ်းသာတဲ့ ချွေးမရထားပေမယ့် ချွေးမကသိပ်အချိုးပြေပုံမရဘူး၊ ဒီတော့သူ့ခမျာ စိတ်ပြေလက်ပျောက် ခရီးထွက်ချင်ရှာတာပေါ့။

နိဗ္ဗာန်စျေးဆိုပေမယ့်တချို့လည်း ဘုန်းကြီးကျောင်းကို တစ်ရာ၊ နှစ်ရာ လောက်ပဲပြန် လှုကြတယ်။ အရင်းကိုပြန်နှုတ်ယူပြီး ကျန်တာအကုန် လှုတဲ့သူလည်းရှိတယ်။ ဘာပဲပြောပြောလှုကြတာကတော့ချီးကျူးစရာပါပဲ။

ချိုချိုစားသောက်ဆိုင်မှာအလုပ်လုပ်တဲ့အန်တီကြီးတွေက ဗူးသီးကြော်ရောင်းတယ်။ ဗူးသီးကတော့ ကျောင်းထွက်ပဲပေါ့။ မသင်းကတော့အုန်းနို့ခေါက်ဆွဲရောင်းတယ်။ မတူးမာ ကတော့မုန့်ဟင်းခါးနဲ့ မြန်မာဟင်းမျိုးစုံ၊ ဟင်းတွေကို ပလက်စတစ်ဗူးနဲ့ထည့်ရောင်းတာလေ။ အသုပ်စုံ၊ ကျောက်ကျော၊ ဒန်ပေါက်၊ ဘိန်းမုန့်၊ ဆနွင်းမကင်းစတာတွေလည်း ရောင်းကြတယ်။ ရေသန့်ဘူး၊ ကိုကာကိုလာ၊ ဆဲဗင်းအပ်စတာတွေလည်းပါတယ်။ အဓိကကတော့အမြတ်ရဖို့ထက်ကို ရာသီဥတုကောင်းတုန်း လူတွေ‌ပျော်ကြရဖို့ပါ။ ကလေးတွေလည်း ပျော်ကြတယ်။ ဘူးသီးကြော်တဲ့ဆီအိုးနားမှာ ပတ်ပြေးနေကြလို့ဆရာမ မသင်းကအသံပြဲကြီးနဲ့ အော်ထားတယ်။

ဇာနည်ညွှန့်ကတော့ ဝက်သားတုတ်ထိုးရောင်းတယ် ။ အသည်းလေးတွေပေးပရစေတဲ့။ လုပ်သေးတာလေ။ စိုးစိုးကတော့ထုံးစံအတိုင်း တောက်တိုမယ်ရတွေ ကူလုပ်ပေးနေပြီ။ ပန်းကန်ဆေးတာ၊ မီးမွှေးတာ၊ အိုးဆေးတာ၊ ပစ္စည်းသယ်တာ၊ အမှိုက်သိမ်းတာအစုံစုံပါပဲ။ လာတဲ့သူတွေကတော့ ဒီမှာလည်းစားကြတယ်။ အိမ်အတွက်လည်းဝယ်ကြတယ်။ ချဉ်ပေါင်ရွက်တို့၊ မြင်းခွာရွက်တို့၊ ဘူးသီးတို့လိုဟင်းသီးဟင်းရွက်တွေ လာရောင်းကြတဲ့သူတွေလည်းရှိတယ်။ မြန်မာ့ရိုးရာဝတ်စုံဝတ်လို့ရအောင် အထည်စတွေဘာတွေလည်းရောင်းတယ်။ ဒါပေမယ့် အဲ့တာတွေကစျေးကြီးတော့ ဘယ်သူမှသိပ်မဝယ်ဖြစ်ကြဘူး။

ဦးစိုးနိုင်တို့က ခါတိုင်းနှစ်တွေဆိုရင်ဖာလူဒါရောင်းနေကြပါ။ ရသမျှပိုက်ဆံတွေအကုန်လုံးကိုလည်း ဘုန်းကြီးကျောင်းကိုပြန်လှုတာပါပဲ။ ဒီနှစ်တော့အန်တီအေးကလည်း ခရီးထွက်သွားတယ်။ ရာသီဥတုအခြေအနေကလည်း မကောင်းဘူး၊ ဒါပေမယ့်ဦးစိုးနိုင်က ထုံးစံကိုအပျက်မခံချင်တော့ ကိုဖိုးမောင်မိန်းမအေးရီကို ဖာလူဒါရောင်းခိုင်းတယ်။ သူကအရင်းအနှီးစိုက်ထုတ်ပေးရတာပေါ့။ ဆရာတော်ကလည်း ခွင့်ပြုဖို့စိတ်လေးပေမယ့် သူ့စေတနာကိုတော့မတားချင်ဘူး။

ဒီတော့ အေးရီကဖာလူဒါရောင်းတယ်။ လူတွေကလည်းနွေရာသီမှာဆိုတော့ အားပေးကြတာပါပဲ။ ဦးစိုးနိုင်တို့စုံတွဲကတော့ အတော်နောက်ကျမှရောက်လာတယ်။ လူတွေနဲ့သိပ်မရောဘဲ ဖာလူဒါဆိုင်နောက်ဘက်ခပ်လှမ်းလှမ်းက သစ်ပင်ရိပ်မှာထိုင်နေကြတယ်။ တချို့ကလဲ စပ်စုချင်တော့ဦးစိုးနိုင်ကိုနှုတ်ဆက်ကြတယ်။ ဘာမှတော့မပြောကြပါဘူး။ ဦးစိုးနိုင်ကတော့ခပ်တည်တည်ပဲ။ မသင်္ကာတော့ဦးစိုးနိုင်ကြီး ဘယ်နှယ့်လဲ။ မတွေ့တာကြာပြီနော်တဲ့။ အုန်းနို့ခေါက်ဆွဲအားပေးဦးလေဆိုတော့ ကျွန်တော်က သွေးတတ်မှာကြောက်လို့မစားတော့ဘူးတဲ့။ အမှန်က မသင်းပါးစပ်ကိုကြောက်လို့ပါ။ ဦးစိုးနိုင်ဟိုဘက်လှည့်သွားတော့ မသင်းကမဲ့ပြတယ်။

လူပျိုကြီး ဇံဇံကတော့ ဒီမှာစားဖို့ထက် အိမ်ကိုသယ်ဖို့ရိက္ခာစုတယ်။ ကိုယ်စုမှ ကိုယ်စားရမှာလေ။ မတူးမာ စီကဟင်းခွက်တွေ များများ ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်၊ တချို့ကိုတော့ ဆရာတော်ကိုလှုမှာပေါ့။

ကိုမျိုးနဲ့မမာလာတို့ကလဲ အစားအသောက်တွေစုကြတယ်၊ သူတို့ကတော့ အခြောက်အခြမ်းတွေပါ စုကြတာ။ ပိုက်ဆံက လူကျန်းမာနေရင်အချိန်မရွေး ပြန်ရှာလို့ရတယ်၊ အစားအသောက်က တွေ့တုန်းဝယ်ထားမှ။ ဆရာ၀န်ကြီး ဦးပေါ်ဦးတောင်ဒါမျိုးပွဲတော့ ရောက်လာတယ်။ သူ့မိန်းမ မရှယ်လီလဲပါတယ်။ ဒါပေမဲ့လူတွေက ကိုယ့်အာရုံနဲ့ကိုယ်ရှုပ်နေကျတော့ သိပ်မနှုတ်ဆက် ဖြစ်ကြဘူး၊

ဘယ်ကမှန်းမသိရောက်လာတဲ့ စကတ်တိုတိုနဲ့ ကော့လန်၊ ကော့လန်ကောင်မလေးတွေလဲ တွေ့ရတယ်။ ဒါမျိုးးဝတ်ထားလို့ကတော့ ဆရာတော်ကို ဘယ်လိုကုန်းပြီးဦးချကြမလဲမသိဘူး။ မိဘတွေကလည်းမဆုံးမကြဘူးထင်ပါရဲ့။ နိုင်ငံခြားသားတွေတောင် သူတို့ဘုရားရှိခိုးကျောင်းသွားရင် သိက္ခာရှိရှိ လုံလုံခြုံခြုံ ဝတ်ရမယ်ဆိုတဲ့ အသိစိတ်တော့ရှိကြတယ်။ တို့မြန်မာတွေကတော့ နေရာဒေသအလိုက် မဝတ်တတ် မစားတတ်လိုက်တာ။ ရှက်ဖို့ တောင်ကောင်းတယ်။

နိဗ္ဗာန်စျေးတို့ သင်္ကြန်ပွဲတော်တို့ဆိုရင် ဒီလိုပဲ။ ဘယ်ကမှန်းမသိရတဲ့ လူတွေလဲတွေ့ရတတ်တယ်၊ ဒါမျိုးဆိုရင် ရောက်လာကြပြီလေ။ တရားပွဲလုပ်မယ်ဆိုရင်တော့ လူကလက်ချိုးရေရင် ရေရမယ်။ ဒါတောင် မုန်ဟင်းခါးတို့၊ ကြာဇံဟင်းခါးတို့ ကျွေးပါမယ်ဆိုပြီး တရားပွဲ လုပ်တာနော်။

ဆရာတော်ကိုလဲနိဗ္ဗာန် ဈေးနေ့ဆိုရင်တော့ အစားအသောက်မျိုးစုံနဲ့ ဆွမ်းကပ်နိုင်တယ်ပေါ့။ ဦးစိုးနိုင်ကြီးကတော့ န၀ကမ္မအလှုငွေ ကပ်တယ်။ သူတို့စုံတွဲက နောက်ကျမှ ရောက်လာတော့ လူတွေအများကြီး နိဗ္ဗာန်ဈေးမှာရှိနေပြီလေ။ အားလုံးက ကိုယ့်အာရုံနဲ့ ကိုယ်စားသောက်၊ စကားပြောနေကြတော့ သူတို့ကိုသိပ်စိတ်မ၀င်စားနိုင်ကြဘူး။ သူတို့ကလဲ ဖာလူဒါဆိုင်နောက်မှာပဲ ခပ်ကုတ်ကုတ်နေကြတယ်။ အေးရီက သွားပြီး ဘူးသီးကြော်တို့၊ အသုပ်စုံတို့ ဝယ်လာပေးတာကိုစားကြတယ်။ ကျန်တဲ့အခြောက်အခြမ်းစားစရာတွေကိုတော့ ဦးစိုးနိုင်သိပ်စိတ်မ၀င်စားဘူး။ သူ့မှာဆိုင်ရှိတယ်ဆိုတော့ အစားအသောက်ကို သိပ်မက်လှဘူး။ ကျန်တာကတော့ ဟင်းနဲနဲပါးပါးနဲ့ ဆနွင်းမကင်းတွေ ဝယ်သွားတယ်။ မတူးမာရဲ့ ဟင်းတွေက အန်တီအေးလိုပဲ လက်ရာကောင်းတယ်လေ။

ဟိုဘက်အိမ်က ဒယ်နီရယ်လ် ကလဲလာဝယ်စားတယ်။ ကိုပေါ်ဦးက သူ့ခွေးကြီးပါ ခေါ်လာတော့ ဒယ်နီရယ်ရဲ့ ကြောင်တွေအဝေးကို ပြေးပြီ။ ကလေးတွေကတော့ နဲနဲမှ အကြောက်အလန့်မရှိကြ၊ ခွေးကိုဘိန်းမုန့်တွေချကျွေးနေကြတယ်။ အစားအသောက်တွေဝယ်ပြီး ရေခဲဗူးထဲမှာနေရာချထားရေးလုပ်နေရတဲ့ မာလာတို့လင်မယားက ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဖြစ်ဘူး။ ဇံဇံကတော့ သူ့ရိက္ခာတွေကိုရေခဲသေတ္တာထဲမှ ခဏလှောင်ထားတယ်။ အုန်းနို့ခေါက်ဆွဲထိုင်ရောင်းနေတဲ့မသင်းကတော့ သစ်ပင်နောက်မှာစတယ်လာနဲ့ စိုးစိုးစကားပြောနေတာမြင်တယ်။ လာဖြစ်အောင်လာခဲ့နော်လို့ ပြောသံလဲကြားသလိုလိုပဲ။ သေတော့မသေချာဘူး၊ ဒီကောင်မအခုကားမောင်းချင်တာကလဲအလွန်ပဲ။ တက္ကသိုလ်ကလဲ တတ်ချင်လိုက်တာ၊ ပြောတာကတော့သူ့ဘဝရှေ့ရေးအတွက်ပါတဲ့။ ဒီနိုင်ငံမှာပညာတတ်ထားမှ ဖြစ်မှာတဲ့။ သူပြောတာလဲဟုတ်နေတော့ ဦးစိုးနိုင်တားလို့မရဘူးဖြစ်နေတယ်။ ဒါပေမယ့် ဒီကောင်မကို ဦးစိုးနိုင် သိပ်မသင်္ကာဘူး၊ စိုးစိုးက ရိုးပုံရပေမဲ့ ဒီကောင်မကရိုးချင်မှ ရိုးမယ်ဆိုတာ သူသိတယ်လေ။ နောက်ပြီး ဦးစိုးနိုင်က အသက်ကြီးနေပြီ၊ ပိုက်ဆံရှိတယ်၊ ဆိုင်ရှိတယ်ဆိုပေမဲ့ ဦးစိုးနိုင်နဲ့ တရားဝင် လက်ထပ်ထားလို့မရဘူးဆိုရင် ဘယ်လိုမှဂရင်းကတ်ရဖို့သိပ်နည်းမမြင်ဘူး။ ဒီတော့လူငယ်၊ လူလွတ်ဖြစ်တဲ့စိုးစိုးကိုများ ချိန်နေသလားမသိဘူး။ ဦးစိုးနိုင်ကလျှောက်တွေးကြည့်တာပေါ့နော်။ ကိုယ်ကမဟုတ်တာလုပ်ထားတာဆိုတော့ သူများကလဲမဟုတ်တာလုပ်မှာပဲဆိုပြီး အမြဲတွေးပူနေတာလဲ ပါရင်ပါမှာပေါ့။

ကလေးတွေကနွေရာသီ နေပူတယ်ဆိုတော့ ပလတ်စတစ်ရေသေနတ်တွေနဲ့ ရေပက်ကစားနေကြပြီ။ အပြင်မှာရာသီဥတုပူသလိုပဲ။ ဦးစိုးနိုင်ရဲ့ရင်ထဲမှာလဲပူနေတယ်။ ဘယ်သူနဲ့တိုင်ပင်ရမလဲမသိဘူး။ မအေးကလဲသူ့ကိုစကားမပြောဘူးလေ။ ဆရာတော်ကိုပြောရအောင်ကလဲ မသင့်တော်ဘူးထင်တယ်။ တခြားမြန်မာမိတ်ဆွေတွေနဲ့ ပြောရအောင်ကလဲ ကိုယ့်အစုတ်ထုတ်ကိုယ်ဖြေပြသလိုဖြစ်နေမှာ။ နောက်ပြီးအတင်းပြောတာခံရဦးမယ်။ ကိုယ်ကတစ်သက်လုံးက သူများတွေအပေါ်ဆရာကြီးလုပ်နေကြသူဆိုတော့ ကိုယ်ကဘယ်သူ့ဆီကမှအကြံမတောင်းချင်ဘူး။

နေကအရမ်းကိုပူနေပြီ။ လူတွေကလဲများပြီးရှုပ်ရှက်ခတ်နေတာပဲ။ ကလေးတွေကလဲအော်ကြ၊ ပြေးကြ၊ သူတို့ကိုအော်နေတဲ့မသင်းရဲ့အသံ၊ လဖက်ရည်ဆိုင်ဆောင်းဘောက်စ်ထဲက အပြင်းစားရော့ခ်သီချင်းတွေ၊ လူတွေရဲ့အချင်းချင်းနှုတ်ဆက်ကြသံ၊ စကားပြောသံ၊ ခွေးဟောင်သံ၊ စတာတွေဟာဦးစိုးနိုင်ရဲ့စိတ်ကိုရှုပ်စေတယ်။ ကမ္ဘာမြေကြီးသွပ်သွပ်ခါနေသလိုပဲ စိတ်ထဲမှာထင်နေတယ်။

မာလာကတော့ အသိတစ်ယောက်ကအတင်းလာပြောလို့ မကောင်းတတ်လို့ နားထောင်နေရတယ်။ ဆရာမ,ရယ်တဲ့ ကျွန်မတို့ကပိုက်ဆံသိပ်မရှိပါဘူးတဲ့။ အဲ့ဒါတစ်လောကသားလေးမှာ အပူဖုတွေပေါက်လာတာ ဆရာကိုပေါ်ဦး ဘုန်းကြီးကျောင်းလာတုန်းကြုံတုန်း မေးကြည့်မိပါတယ်။ ဘာပြောတာ်ထင်သလဲ။ ခင်ဗျားအခုလိုမေးတာ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေတဲ့၊ အခုတော့ကြည့်ပေးလိုက်မယ်။ နောက်ဆိုသက်ဆိုင်ရာ က‌လေးဆရာဝန်ဆီသွားပြပါတဲ့။

ကိုပေါ်ဦးဆိုတာမြန်မာနိုင်ငံကဆေးရုံတွေ၊ ဆေးခန်းတွေအတွက်ငွေတွေအများကြီးလှုနေ၊ ပရောဂျက်တွေအများကြီးဆွဲပြီးလုပ်နေတဲ့ဆရာဝန်ကြီးနော်။ ရည်ရွယ်ချက်တွေ၊ စေတနာတွေကအများကြီးကောင်းတယ်။ ဒါပေမဲ့အချင်းချင်းကို ဒီလိုဆက်ဆံတာတော့ဘယ်ကောင်းမလဲ။ တကယ်တော့ကလေးလူနာတွေဆိုတာ သာမာန်ဖျားနာတာတို့၊ ယားနာပေါက်တာတို့၊ အယ်လာဂျီဖြစ်တာတို့၊ ခြင်ကိုက်တာတို့လောက်ဖြစ်မှာပါ။ နဲနဲပါးပါးကြည့်ကျက်ပြီး အာဖျံကွီးလုပ်လိုက်ရင်တောင် လူနာရှင်ကအမြဲကျေးဇူးတင်သွားတော့မှာ၊ ဘာပဲပြောပြောလူဆိုတာ ကိုယ့်ကိုတလေးတစားဆက်ဆံရင်၊ စကားပြောရင်ကျေနပ်ကြတာပဲ။ ဟိုးမိုင်ပေါင်းထောင်သောင်းဝေးတဲ့ မြန်မာနိုင်ငံကလူနာတွေ၊ ဆေးကျောင်းသားတွေကို ကူညီချင်ရှာတဲ့ဆရာဝန်ကြီးကတော့ ကိုယ့်ပတ်ဝန်းကျင်မှာတော့မကူညီချင်ဘူးတဲ့လား။ တကယ်တော့လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့သူကိုတောင် ကူသင့်ရင်ကူရသေးတာပဲ။

မာလာကမကောင်းတတ်လို့ အဲဒီအမျိုးသမီးရင်ဖွင့်တာတွေ နားထောင်နေရတာ။ နေကပူတော့ရေငတ်လာပြီ။ အစားအသောက်တွေကလည်း ဝယ်တာစုံသလောက်ရှိပြီဆိုတော့ အိမ်ပြန်ရင်ကောင်းမလားစဉ်းစားနေတယ်။

ဇံဇံကတော့ ပတ်ဝန်းကျင်ကိုဘာမှသိပ်ဂရုမစိုက်ပဲ သီချင်းဖွင့်ထားတဲ့ လဖက်ရည်ဆိုင်မှာ ထိုင်သောက်နေတယ်။ မြန်မာပြည်မှာလိုပေါ့ဗျာဆိုပြီး တွေ့ကရာလူတွေနဲ့စကားပေါနေတယ်။ ဒါပေမယ့်သူကလည်း ညဘက်တွေအလုပ်ဆင်းရမှာဆိုတော့ ခနနေရင်အိမ်ပြန်အိပ်မှဖြစ်မှာ။

မသင်းကတော့ အုန်းနို့ခေါက်ဆွဲရောင်းရလို့ဝမ်းသာနေတယ်။ အရင်းအနှီး ကသိပ်မရှိပါဘူး။ ကြက်သားတော့ဝယ်ရတာပေါ့။ ဆရာတော်ကို ရန်ပုံငွေပြန်အပ်နိုင်မယ်လေ။ လူတချို့ကအိမ်ကို ပါဆယ်ဝယ်ကြတယ်။ မသင်းကတော့ရတယ်၊ တနင်္လာနေ့အလုပ်ဆင်းစရာမလိုတော့ အေးဆေးပဲ။ စိုးစိုးနဲ့အတူပတ်စာခွာ၊ ဖျာသိမ်းလုပ်ပြီးမှပြန်မှာ။ စောစောကသစ်ပင်ရိပ်မှာ ဟိုကောင်မကစိုးစိုးကို ဘာတွေမှာနေသလဲမသိဘူး။ ပြီးမှစပ်စုရင်စပ်စုကြည့်ရဦးမယ်။ လူတွေကများတော့ထုံးစံအတိုင်း အမှိုက်ကများပြီပေါ့။ အဲဒီအမှိုက်တွေကိုရှင်းလင်း၊ အမှိုတ်ထုတ်ထဲထည့်ပြီးသွားပြီရဦးမှာ၊ အိမ်ကသားနှစ်ကောင်လည်း ဘယ်ရောက်သွားပြီလဲမသိဘူး။ စားစရာရှိရင်တော့စားမယ်၊ အလုပ်လုပ်စရာရှိရင်တော့ လိုက်ရှာရမလားမသိဘူး။ ယောက်ျားလုပ်တဲ့သူကတော့ အသက်ကြီးပြီဆိုတော့သိပ်မခိုင်းချင်ဘူး။

နိဗ္ဗာန်‌ဈေးပြီးသွားတော့ စုစုပေါင်းရန်ပုံငွေသုံးထောင်နီးပါးလောက်ရတယ်။ မသင်းကတော့ ရောင်းလို့ရသမျှငွေတွေအားလုံး ဆရာတော်ကိုအပ်တယ်။ သိပ်တော့မများပါဘူး။ အုန်းနို့ခေါက်ဆွဲတစ်ပွဲမှ ငါး‌ဒေါ်လာထဲဆိုတော့သိပ်မရပါဘူး။ ဒါပေမယ့်ဘာပဲပြောပြော ကိုယ်ကပင်ပင်ပန်းပန်းဈေးဝယ်၊ ချက်ပြုတ်၊ ပြင်ဆင်လို့ရလာတဲ့အသီးအပွင့်လေးတွေကို လှုရတာလောက်ကျေနပ်စရာကောင်းတာမရှိဘူး။ မောတော့မောတာပေါ့။ ဒါပေမဲ့မမောဘူးဆိုသလိုပဲ။

ပွဲပြီးလို့လူတွေပြန်သွားပြီးတော့၊ ပစ္စည်းတွေသိမ်းကြတော့ မသင်းကစိုးစိုးကို တိုးတိုးတိတ်တိတ်ကတ်မေးကြည့်တယ်။ ခုနကဟိုကောင်မက ဘာတွေလာပြောနေတာလဲဆိုတော့ စိုးစိုးကမဖြေချင်သလိုလိုနဲ့ဘာမှမဟုတ်ပါဘူးတဲ့။ တစ်ခုခုတော့တစ်ခုခုပဲလို့ မသင်းကစဉ်းစားနေတယ်။ ပစ္စည်းတွေသိမ်းတော့မှ ထိုင်ခုံပေါ်မှာပုဝါတစ်ခုကျန်ခဲ့တာတွေ့တယ်။ ဒေါ်မာလာတို့ကတော့လုပ်ပြီ။ သူဝယ်ချင်တဲ့စားစရာတွေ လောဘတကြီးဝယ်နေတာနဲ့ ပုဝါမေ့ကျန်မှန်းတောင်မသိတော့ဘူး။ မသင်းကဘုန်းကြီးကျောင်းပေါ်မှာ သိမ်းထားပေးလိုက်တယ်။ ညကျမှဖုန်းဆက်ပြီး အသိပေးရတော့မယ်။

မိုးချုပ်လာတော့အပူချိန်‌လျော့ပြီး မှောင်မှိုင်းလာတယ်။ တိမ်တွေများလာပြီး ခါတိုင်းထက် ခပ်စောစောနေဝင်မယ့်ကိန်းရှိတယ်။ မိုးလေဝသသတင်းကတော့မုန်တိုင်းလာမယ်တဲ့။ ဒါတွေကတော့မုန်တိုင်းရဲ့ ရှေ့ပြေးတွေပေါ့။

(ဆက်လက်ဖော်ပြပါမည်)