Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၄)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၄)

(မိုးမခပြန်လည်ဆန်းသစ်) မတ် ၆၊ ၂၀၂၀

(၁)
ဆရာဇော်ဂျီရဲ့ကဗျာကို သတိရမိတယ်။

တက်လူသာလျှင်
မြန်မာပြည်မ၊ အားသစ်ရ၍
ဇေယျအောင်လံ ထူမည်တည်း … တဲ့။

ဟုတ်ပါရဲ့။ တက်လူခေါ်တဲ့ လူငယ်တက်သစ်စတွေ ကြိုးစားအားထုတ်ပါမှ ငါတို့မြန်မာပြည်သူပြည်သားတွေ အားသစ်အင်သစ်ရပြီး အောင်လံတခွန်ထူမှာ မုချ .. တဲ့။

မြန်မာနိုင်ငံရဲ့အင်အားဟာ လူငယ်များ၊ ကျောင်းသားများဖြစ်တယ်။ လူငယ်ကျောင်းသားတွေဆောင်ခဲ့လို့ အတိတ်ကအောင်ခဲ့ပြီ။ အနာဂတ်မှာလည်း လူငယ်တွေဆောင်မှ အောင်မှာပဲ။ အဲ … တခုတော့ရှိရဲ့။ အင်အားတွေမပြိုကွဲစေနဲ့။
ဖရိုဖရဲမဖြစ်စေနဲ့။ ညီညွတ်ဖို့အရေးကြီးတယ်။ ညီညွတ်ရင် မိုးကိုတက်ပြီး ဒူးနဲ့တိုက်နိုင်တယ်။

(၂)
“ညီညွတ်ရေး” … တဲ့။ အလွန်လှပတဲ့ စကားကလေးပါ။ စကားလှသလောက် လက်တွေ့ကျင့်သုံးဖို့ အတော်ခက်တယ်။ “ညီညွတ်ကြပါ” လို့ ပြောရင်းဟောရင်း အစိတ်စိတ်အမြွှာမြွှာ ကွဲခဲ့ကြပြီ။ အချင်းချင်းသတ်ကြဖြတ်ကြ နှိပ်စက်ကြလို့ ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီ။ ဒါပေမယ့် နောင်တမရသေး၊ သတိမရသေး။ “မာန်တရှေးရှေး၊ တသွေးသွေးနှင့်၊ နွားချေးထက်ဝယ်၊ ဖားသူငယ်” သို့ လူတွင်ကျယ် တွေများခဲ့ပြီ။ ဘယ်မှာရင်ကြားစေ့နိုင်ပါ့။ ဘယ်မှာ အောင်လံကိုင်နိုင်ပါ့။

သူတလူ ငါတမင်းမို့ ပြည်သူတွေဖျင်းခဲ့ပြီ။ ကိုယ့်သမိုင်းကိုတောင်မှ လှန်မကြည့်ချင်တော့။ “ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကရင်ကတနဲဖြစ်နေရင် ဒီနိုင်ငံကြီးဟာ ဟိုနိုင်ငံကြီးဖြစ်သွားမယ်” လို့ ဗိုလ်ချုပ်အောင်ဆန်း က ကရုဏာဒေါသောနဲ့ ကြိမ်းမောင်းခဲ့ဖူးပြီ။ “တို့ဗမာ၊တချို့ဝါစာကမာနဲ့” လို့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းကလည်း ဝါစာကမာ ဗမာတွေအကြောင်း ညည်းညူခဲ့ဖူးပြီ။ တရားရကြပါရဲ့လား။ သတိကော ထားမိကြပါရဲ့လား။ ပုရွက်ဆိတ်လောက်မှ ဉာဏ်မရှိတာကိုကော စဉ်းစားမိကြပါရဲ့လား။ အင်း … အင်း။

(၃)
လွတ်လပ်ရေးရခဲ့တယ်။ ၁၉၄၈ ခုနှစ်က။ လွတ်လပ်ရေးရတာ ညီညွတ်ခဲ့ကြလို့ မဟုတ်လား။ ဟုတ်ပါပေ့။ ညီညွတ်လို့ ပြည်လွတ်ခဲ့ရတယ်။ နယ်ချဲ့သမားနဲ့ဖက်ဆစ်များကို တိုက်ထုတ်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေးအောင်စည်သံမှ မစဲသေး။
ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ အခုအထိ။ လွတ်လပ်တယ်ဆိုခါမှ လွတ်လွတ်လပ်လပ် ကွဲကြပြဲကြ။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြတာ ကိုယ်တွေ့မဟုတ်လား။ ခါးသီးလှတဲ့ ပြည်တွင်းစစ်ဒဏ် အခုထိခံရဆဲ။ သေနတ်သံမစဲသေး။ တိုက်ပွဲကမဆုံးသေး။ သွေးတွေကစီးဆင်းဆဲ။

ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့၊
စိုးနဲ့သန်းကိုလဲ၊ တမျိုးကွဲ့ လွမ်းသူ ဆရာဖအေမှာဖြင့်
“မာပါစေ သာပါစေ ဆုမွန်တောင်းခဲ့ရ” သတဲ့။
ဆရာကြီးမှိုင်းရဲ့ မေတ္တာရေစင်။

ကမ္ဘာအေးစေတီ ဒါယကာ မောင်ရွှေနုကိုလဲ “အောင်ဇေယျတု … အောင်ဇေယျတု…” လို့ မြွက်ခဲ့ပါသတဲ့။ မှိုင်းရဲ့ ငြိမ်းချမ်းရေးတရား၊ ညီညွတ်ရေးတရားကိုလည်း မည်သူကမှ နားမဝင်ခဲ့ပါကလား။ မှိုင်းလည်း ဆုံးပြီ။ စိုးနဲ့သန်းလဲ မရှိပြီ။ မောင်ရွှေနုလည်းမရှိပြီ။ သြော် … တလောက ဗိုလ်မှူးအောင်တို့၊ ဦးကြည်မောင်တို့တောင် သမိုင်းဝင်ပုဂ္ဂိုလ်တွေ ကွယ်လွန်ကုန်ကြပါပကော။ များလှပြီ။

အခုထက်ထိ ပြဿနာမရှင်းနိုင်သေး။ ပြည်တွင်းစစ်ပွဲ မငြိမ်းနိုင်သေး။ ပြည်သူတွေက ပြေးရတုန်း၊ ပုန်းရတုန်း၊ ငတ်ရပြတ်ရတုန်း။ ရွာတွေ၊ ယာတွေစွန့်ပြီး တောင်မြောက်ဝဲယာ ပြေးစရာနေရာ ရှာနေရတုန်းပါကလား။ မောလိုက်တာ။

မောလဲမော၊ မိုက်လဲမိုက်ဆဲကို။
မနောဖြူတဲ့ တောသူဒကာမတို့မှာလဲ
မောမူဟတွေနဲ့ ကျောပူကြလို့
ဇောဆူကြွတုန်းပါကလားဟရို့။

(၄)
ခုတလော သတင်းတွေက စိတ်ဝင်စားစရာ။ သွားလေသူ ဦးနေဝင်းကြီးမွေးခဲ့တဲ့ ထောက်လှမ်းရေးတွေ ပြေးပေါက်မှားနေကြသတဲ့။ သူတို့နှိပ်စက်ခဲ့တဲ့ အကျဉ်းသားတွေကို လွှတ်ပေးကြသတဲ့။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်လွတ်ပြီ…တဲ့။ ဝမ်းသာစရာ သတင်းရောင်ခြည်တွေ ဖြာလာတယ်။ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ရမှာပေါ့။ ထောက်လှမ်းရေးက မတရားဖမ်းထားတာချည်းပဲ။ ထောက်လှမ်းရေးဥပဒေဖြစ်တဲ့ ခေတ်ဆိုးကိုကျော်ဖြတ်ဖို့ ကြိုးစားနေကြတယ်။ ကောင်းလေစွ။

စစ်တပ်ဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမယ်။ ပြည်သူကိုသာ ကိုးကွယ်ရာလို့ မှတ်ယူရမယ်။ “ညီညွတ်ရေးဆိုလို့ ဓားပြတွေညီညွတ်တာကို မဆိုလိုဘူး” ဆိုတဲ့ ဗိုလ်ချုပ်စကားကို မမေ့စေရ။ ပြည်သူကိုအကျိုးပြုတဲ့လူတွေ ညီညွတ်ရမယ်။ အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်။ တို့တတွေနာခဲ့တာကြာပြီ။ နာတာရှည်ဖြစ်ခဲ့ပြီ။
ဒီနာတာရှည်ကို ကုမှဖြစ်မယ်။ ကမ္ဘာပေါ်မှာ သူ့ထက်ငါ တည်ဆောက်နေကြချိန်မှာ တို့က မသာအိမ်မှာ နောင်ဂျိန်ဇာတ်ခင်းနေလို့ တော်ပါ့မလား။ ဒီမိုကရေစီအောင်လံလွှင့်ထူပြီး ပြည်သူတွေမျက်နှာကြီးတဲ့ ခေတ်ရောက်ပါစေ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၉)၊ ဒီဇင်ဘာ ၂၀၀၄