Breaking News

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ထဲ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၅

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ထဲ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာ 

ယမန်နှစ် နှစ်လယ်ပိုင်းကတည်းက TNLA တအာင်းလက်နက်ကိုင်တပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ နောင်ချိုမြို့ထဲက ရပ်ကွက်တချို့ကို ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာကြောင်း သတင်းဌာနတချို့က ဖေါ်ပြထားကြပါတယ်။ ရှမ်းမြောက်ဒေသ အခြေစိုက် အွန်လိုင်း သတင်းဌာနတခုနဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနတို့က စတင်ဖေါ်ပြထားကြပြီး အဆိုပါသတင်းတွေ ပေါ်ထွက်မလာခင်လေးမှာ ထိုင်းနယ်စပ် အခြေစိုက် Myanmar Press photo Agency မှာ ဖေါ်ပြတဲ့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနဲ့ အင်တာဗျူး မှာတော့ နောင်ချိုမြို့အခြေအနေဟာ လက်ရှိအချိန်ထိ စိုးရိမ်စရာ မရှိသေးဘူးလို့ ဖြေဆိုထားပါတယ်။ 

ဒါပေမယ့် နာရီအနည်းငယ် အကြာမှာ စစ်ကောင်စီတပ်တွေ နောင်ချိုမြို့ထဲ စတင်ဝင်ရောက်လာတဲ့အကြောင်းနဲ့ မြို့တွင်းက အစိုးရရုံးဌာနတချို့နဲ့နေအိမ်တွေ မီးလောင်နေကြောင်း၊ အခြေအနေတွေ ရှုပ်ထွေးနေပြီး ဘယ်ဘက်မီးရှို့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိနိုင်သေးဘူးလို့ ဒေသန္တရ အွန်လိုင်းသတင်းက ဖေါ်ပြထားပါတယ်။ နောင်ချိုမြို့ထဲ စစ်ကောင်စီစတင်ဝင်ရောက်လာတဲ့ သတင်းပေါ်ထွက်ပြီး နာရီပိုင်းအကြာမှာတော့ ဂုတ်တွင်းတံတားကျိုးတဲ့သတင်းလည်း နောက် ဆက်တွဲအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ TNLA အနေနဲ့ မန္တလေး မူဆယ်ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချိုမြို့က ဆုတ်ခွာရတဲ့နောက် နောက်ထပ်ထိန်းချုပ်ထားတဲ့ မြို့တွေ အနေနဲ့ ကျောက်မဲ၊ သီပေါ နဲ့ လားရှိုးမြို့ မြောက်ဘက်မှာ ကွတ်ခိုင်မြို့ တို့ကျန်ရှိနေတာ ဖြစ်ပြီး အကယ်၍ နောင်ချိုမြို့ ကို လုံးဝလက်လွှတ်ခဲ့ရရင် စစ်ကောင်စီတပ်တွေ ကျောက်မဲမြို့ကို လွယ်လွယ်ကူကူ တက်မလာနိုင်အောင် ဂုတ်တွင်းတံတားကို ချိုးဖျက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ 

စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချိုမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် တောင်ခမ်းခံစစ်နဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီး ၁ နှစ်ဝန်းကျင်အကြာမှာ အခုလို နောင်ချိုမြို့ကို ပြန်လည်ချဥ်းကပ် ဝင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။ 

အခုလို နောင်ချိုမြို့ တဝိုက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာ မန္တလေးတိုင်းထဲက သပိတ်ကျဥ်း မြို့နယ်မှာလည်း MDY-PDF နဲ့ TNLA တို့ ပူးပေါင်းသိမ်းယူထားတဲ့ သပိတ်ကျဥ်းမြို့ကို ဦးတည်ပြီး ထိုးစဥ်ဆင်နေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ မန္တလေးတိုင်း မြောက်ပိုင်း နဲ့ ၄င်းနဲ့ထိစပ်နေတဲ့ ရှမ်းမြောက်က နောင်ချိုမြို့နယ်တို့မှာ တပြိုင်နက်ထည်း ထိုးစစ်ဆင်နေတဲ့ အနေအထားဖြစ်ပြီး မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့ အမျှ လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းက လူထုအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၂၀၂၃ အောက်တိုဘာလ နှောင်းပိုင်းကစပြီး မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရကာ အခြေအနေ အနည်း ငယ်တည်ငြိမ်လာချိန်မှာ မိမိတို့မြို့ကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပေမယ့် အဲဒီကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးကြရတဲ့အဖြစ်တွေ အခုလို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာ နောက်တကြိမ် မြို့ကို စွန့်ခွာ တိမ်းရှောင်ကြရပြန်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ကြရပါတယ်။ 

တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ တုန်းကလို အရှိန်အဟုန်ကောင်းတဲ့ စစ်ရေးအရှိန်အဟုန်မျိုး ၂၀၂၅ ခုနှစ်မှာ မတွေ့ရတော့ပါဘူး။ ထိန်းချုပ်နယ်မြေကျယ်ပြန့်လာခြင်း၊ မဟာမိတ်ပူးပေါင်းတပ်တွေလို့ဆိုရမယ့် PDF တပ်အင်အားတွေလည်း အဆိုပါကာလတွေတုန်းကလိုမရှိတော့တာ တွေ့ရပါတယ်။ အဆိုပါပထမလှိုင်းနဲ့ ဒုတိ ယလှိုင်းကာလတွေတုန်းက ကရင်နီ၊ ပအို့ဝ်၊ BPLA နဲ့ PLA နဲ့ စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့တွေလို ဗမာလူမျိုးလက်နက်ကိုင်တပ်တွေ အများအပြားပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး အရှိန်အဟုန်နဲ့ တမြို့ပြီးတမြို့ စခန်းတခုပြီးတခုသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကာလတုန်းက AA ၊ MNDAA နဲ့ TNLA တို့ရဲ့ ပူးပေါင်းလှုပ်ရှားမှုတွေလည်း အရှိန်အဟုန်ကောင်းခဲ့ပြီး နယ်မြေတွေ ထိန်းချုပ်နိုင်ပြီးနောက်မှာ နယ်မြေထိန်းချုပ်ပိုင်ခွင့်အပေါ် မူတည်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပိုမိုနားလည်လွယ်တဲ့ စကားနဲ့ ပြောရရင်တော့ အကျိုးစီးပွားပဋိပက္ခတွေ စတင်ပေါ်ထွက်လာတဲ့ အနေအထားမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ ၁၀၂၇ စစ်ရေး အရှိန်အဟုန်ကို ကြားဝင်တားဆီးတဲ့ အကြောင်းကလည်း အဓိက အချက်တချက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ကိုယ်၌က အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုတွေ၊ လားရှိုးမြို့ ပြန်လွှဲပေးဖို့ MNDAA က သဘောတူခဲ့ခြင်းက ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်ကို ရပ်တန့်လိုက်သလို ဖြစ်စေခဲ့တာပါ။ 

ခုလက်ရှိရောက်နေတဲ့အနေအထားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေဖြစ်တဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ၊ အညာနဲ့ မြေပြန့်ဒေသက တော်လှန်ရေးအဖွဲ့အစည်းအသီးသီးတွေနဲ့ လက်ရှိ NUG, PDF အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းတဲ့ တပ်ပေါင်းစုတစုဖြစ်စေ၊ မဟာမိတ်စုစည်းမှုဖြစ်စေ တစုတစည်းတည်း အာဏာရှင်ကို အပြီးတိုင်ဖယ်ရှားရေး ဘုံသဘောတူညီချက်နဲ့ ၁၀၂၇ တုန်းက စစ်ဆင်ရေးထုတ်ပြန်ချက် လိုမျိုး ပေါ်လာဦးမလားလို့ သဘောထားမျိုး ပေးကြသူတွေလည်း ရှိလာပါတယ်။ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတခုတည်းအနေနဲ့ စစ်ကောင်စီကို ဦးစားပေးမဖယ်ရှားနိုင်ရင် စစ်ကောင်စီ၏ရွေးကောက်ပွဲအရေး၊ အဓမ္မစစ်မှုထမ်း စုဆောင်းရေး၊ တရုတ်သာမက အမေရိကန်နဲ့ပါ ကုန်သွယ်ရေး ကုန်သွယ်ခွန်ဆက်ဆံမှုတွေ အစပြန်ထူထောင်ရေး၊ နယ်စပ်ကုန်သွယ်မှုတွေ ပြန်တည်ဆောက်ရေး စတဲ့ လမ်းကြောင်းတွေဖြန့်ထွက်မှုတွေနောက် တကောက်ကောက်လိုက်ပြီး ဖြေရှင်းနေတာနဲ့ အချိန်ကုန်ကြရတာမျိုး မဖြစ်လိုကြောင်း ထင်မြင်ချက်ပေးကြပါတယ်။  

မြေပြင်မှာလက်တွေ့လက်တွဲတိုက်ပွဲဝင်ရင်းကနေ မိမိတို့ထိန်းချုပ်စိုးမိုးထားနိုင်တဲ့နယ်မြေအလိုက် တာဝန် ၀တ္တရားတွေ၊ အခွန်အကောက်တွေ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို ညှိနှိုင်းချိတ်ဆက်မှုတွေကို ဆက်လက်ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတာမျိုး ရှိကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကနေ ဘယ်လိုမျိုး အကျိုးအမြတ် ဘယ်လိုမျိုး သင်ခန်းစာကို လက်ရှိ နွေဦးတော်လှန်ရေးအင်အားစုတွေ ထုတ်ယူကြသလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar