Breaking News

မောင်လူမွှေး - ကလေးတွေရဲ့ အခွင့်အရေး

မောင်လူမွှေး - ကလေးတွေရဲ့ အခွင့်အရေး

မိုးမခ ၊ ဇူလိုင် ၁၃ ၊ ၂၀၂၅

တောထဲက မောင်လူမွေးရဲ့ မိလေး တဲမှာထိုင်ရင်း ရေနွေးပန်းကန်ထဲကို ရေနွေးကြမ်းထည့်ပြီး သောက်လိုက်တယ်။ ရေနွေးကြမ်း ပါးစပ်ထဲကို စဝင်ဝင်ချင်း နို့မှုန့်နံ့ ရလို့ ခွက်ကိုပြန်ချပြီး ကြည့်လိုက်တော့ ခွက်ဟာ ဆေးထားတာ ပြောင်နေတာပါပဲ။ ဒါပေမဲ့ နို့မှုန့်အနံ့ဟာ ကျန်ခဲ့တယ်။ ခုသောက်နေကြတဲ့ အချို့ နို့မှုန့်တွေ၊ လက်ဖက်ရည်ထုပ်၊ ကော်ဖီထုပ်တွေဟာ အနံ့တွေ စွဲကျန်ခဲ့တယ်။ ဒါဟာ ကျန်းမာရေးအတွက်တော့ မကောင်းတဲ့လက္ခဏာဆိုတာ ယေဘုယျသဘောမျိုး မောင်လူမွှေး သိပါတယ်။

မေးကြည့်တော့ မောင်လူမွှေးရဲ့ မိလေးဟာ သူ့တစ်လသားကလေးငယ်ကို လူကြီးတွေ သောက်တဲ့ တစ်ခါသောက် နို့မှုန့်ထုပ်ကို ဖျော်ပြီး နို့ဘူးလေးနဲ့ တိုက်နေတာပါ။ "အစက တစ်ခါဖျော်တစ်ထုပ်လုံးဖျော်တာ။ အဲဒါ ချိုလွန်းလို့ တစ်ဝက်ပဲ ဖျော်ပြီး တိုက်တော့တာ" လို့ မောင်လူမွှေးကို ပြောပါတယ်။

နို့မှုန့်ထုပ်ရဲ့ တံဆိပ်ကိုကြည့်လိုက်တော့ မောင်လူမွှေး အင်မတန်ရင်းနှီးနေတဲ့ တံဆိပ်ပါ။ အဲဒီနို့မှုန့်ထုပ်ကို မောင်လူမွှေးအရီးက ကြိုက်တော့ မောင်လူမွှေး ကြုံတိုင်း ဝယ်ဝယ်ပေးပါတယ်။ သူကလည်း သောက်ပါတယ်။ ကြာလာတော့ သူ အသက်ရှူကြပ်လာတယ်။ ရင်ကြပ်လာတယ်။ မောင်လူမွှေးလည်း သူ့ကို နို့မှုန့်ထုပ်ဝယ်ပေးတာ ရပ်ထားလိုက်ရပါတယ်။ 

ကာရန်မသင့်ရင်၊ အသောက်များရင် သလိပ်ထ ရင်ကြပ်ပြီး အသက်ရှူခက်စေတဲ့ နို့မုန့်ကို တစ်လသားအရွယ် ကလေးကို နေ့တိုင်း တိုက်နေတာမြင်ရတော့ မောင်လူမွှေး စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရပါတယ်။ " ရွာထဲမှာ ကလေးနို့မှုန့်မရှိဘူးလား မိလေး" ဆိုတော့ " မသိဘူး" လို့ ဖြေပါတယ်။

နောက်တစ်နေ့ မောင်လူမွှေး ရွာထဲရောက်တော့ ကလေးနို့မှုန့် ရှိ၊ မရှိ ဆိုင်တွေမှာ မေးကြမလားလို့ မစ်စမွှေးကို တိုင်ပင်ပါတယ်။ မစ်စမွှေးက " ကလေးနို့မှုန့်က စျေးကြီးတယ်နော်။ ပိုက်ဆံက ဘယ်လောက်ပါသလဲ " ဆိုလို့ မောင်လူမွှေးရဲ့ ပုံတုံး  ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရပါသေးတယ်။ မောင်လူမွှေး ပိုက်ဆံအိတ်ထဲမှာ တစ်သောင်းတန် ငါးရွက်နဲ့ ငါးရာတန်တစ်ရွက် ရှိပါတယ်။ " ဒါဆို ရနိုင်တယ်" လို့ မစ်မမွှေးက ထောက်ခံပါတယ်။

ရွာကြီးထဲမှာ တစ်ဆိုင်ပြီးတစ်ဆိုင် မေးလာတာ လေးဆိုင်မြောက်ကြမှ ကလေးနို့မှုန့်ကို တွေ့ပါတယ်။ အသေးဆုံးထုပ်က သုံးသောင်းခွဲ။ အလတ်ဆိုဒ်က ခြောက်သောင်း။ အကြီးဆုံးအထုပ်က ခုနစ်သောင်းခွဲတဲ့။ အသေးဆုံးထုပ်ကိုပဲ ဝယ်နိုင်ခဲ့ပါတယ်။ မနက်ဖြန်ဆို တောထဲကို ဒီနို့မှုန့်ထုပ်လေးသွားပေးရဦးမယ်။

တကယ်တော့ မောင်လူမွှေးဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကလေးတစ်ယောက်ကို နို့မှုန့်ထုပ် ဝယ်ပေးဖို့ စိတ်ကူးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စစ်ရှောင်စခန်းတစ်ခုမှာ သုံးလေးလအရွယ် ကလေးလေးကို လူကြီးတွေ တိုက်တဲ့ တစ်ခါသုံး နို့မှုန့်တိုက်နေတာ တွေ့ရပါတယ်။ ကလေးရဲ့ အဘွားဖြစ်သူက-

" ကလေးနို့မှုန့်က ဒီမှာနီးနီးနားနား မရှိဘူး။ ရှိရင်လည်းဘယ်လိုမှ မဝယ်နိုင်ပါဘူး။ ဒီနို့မုန့်ထုပ်လေးတွေတောင် မပြတ်အောင် မနည်းကြိုးစားဝယ်တိုက်ရတာ" လို့ဆိုပါတယ်။ ဒါနဲ့မောင်လူမွှေးလည်း သူတို့ဝယ်တိုက်တဲ့ နို့မုန့်ထုပ်ဖိုးအတွက်ပဲ တတ်နိုင်သလောက် ပိုက်ဆံပေးကမ်းခဲ့ပါတယ်။ 

ကလေးကို နို့မုန့်ကူတိုက်ရတာဟာ မိခင်နို့မလုံလောက်လို့ဖြစ်ပါတယ်။ မိခင်တွေနို့လုံလောက်အောင် မထွက်ကြရတဲ့ အကြောင်းအရင်း များစွာရှိမှာပါ။ ဒီထဲကမှ မိခင်ဖြစ်သူက စိတ်ထိခိုက်စရာ မြင်ကွင်း၊ အသံတစ်ခုခု မြင်ရ၊ ကြားရရင် ထွက်နေတဲ့ နို့ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ မောင်လူမွှေး တွေ့ခဲ့ရတဲ့ ကလေးမိခင်ဟာ လက်နက်ကြီးကျလို့ စိတ်ဖောက်ပြန်သွားတဲ့ သူ့အဘိုး အပြုအမူကို မြင်ရပြီး နို့ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ လက်နက်ကြီးကျလို့၊ လေယာဥ်ဗုံးကြဲလို့ စသဖြင့် ထိတ်လန့်စရာတွေ ဝိုင်းရံနေတဲ့ ခုတ်ခေတ်မှာ မိခင်တွေ ဘယ်လောက်များ နို့ရပ်တန့်ကုန်ပြီး ကလေးတွေ ဘယ်လောက်များ သူတို့နဲ့လုံးဝသင့်တော်ခြင်းမရှိတဲ့ လူကြီးသောက် တစ်ခါသုံး နို့မှုန့်တွေ သောက်နေကြရမလဲ မောင်လူမွှေး မသိနိုင်ပါ။

 ကလေးနို့မှုန့်ဖိုးက တကယ်ကောင်းတာ ဝယ်တိုက်ရင် တစ်လကို သိန်းဂဏန်း ကုန်တယ်ဆိုတာ  သူများ ပြောလို့ သိပါတယ်။ မောင်လူမွှေး မိလေးရဲ့ ကလေးကို ကလေးတိုက်နို့မှုန့် အမြဲဝယ်ပေးရင် မောင်လူမွှေးလည်း တစ်လကို သိန်းဂဏန်းကုန်မှာပါ။ ဒီလိုဆိုတော့လည်း မောင်လူမွှေး မတတ်နိုင်ပြန်ပါ။ ငါ တစ်ထုပ်ဝယ်ပေးနိုင်တော့လည်း ဒီတစ်ထုပ်မကုန်မချင်းတော့ ကလေးဟာ ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့လို့ ပဲ တွေးဖြေရပါတယ်။

တကယ်တော့ နို့မှုန့်ကိစ္စမှရယ် မဟုတ်ပါဘူး။ မောင်လူမွှေးတို့ဟာ ကလေးတွေကို ပညာသင်ကြားပေးရာမှာလည်း မနေနိုင်တဲ့သူ အနည်းငယ်ကပဲ လုံးဝ မတတ်တာထက်စာ နည်းနည်းမှတတ်စေတော့ရယ်လို့ သင်ကြားပေးနေကြရတာ ဖြစ်ပါတယ်။ စာအုပ်က မပြည့်စုံ၊ ခေတ်မီသင်ထောက်ကူပစ္ဓည်း ဆိုတာဝေလာဝေး၊ မင်အိုးမပြတ်ဖို့တောင် အတော်ရုန်းကန်ကြရတာပါ။ လေကြောင်းအန္တရာယ်ကြောက်ရလို့ စာသင်ကျောင်းတွေမှာ မသင်ကြရတော့ နေရာစာသင်ခန်းတွေက ကျဥ်းကြပ် ၊ ရပ်ရွာလူကြီးမင်းတို့ကလည်း ဘုန်းကြီးကျောင်းသာ လှူချင်လှူမယ် ကိုယ့်သားသမီးကိုစာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေကို လခလုံလောက်အောင် ပေးရကောင်းမှန်းမသိ၊ ဆရာ၊ ဆရာမတွေတော်တော်များလည်း ပညာသင်ကြားရေးကနေ ထွက်ကြနဲ့ တကယ့်ကို စိတ်ပျက်စရာအနေအထားကြီးပါ။

မွေးကင်းစ ကလေးကို သင့်တော်တဲ့ ကလေးနို့မှုန့်မတိုက်နိုင်တာ၊ ပညာသင်ကြားပေးရမယ့် ကလေးတွေကို ပညာကောင်းကောင်းသင်ကြားခွင့်ရဖို့ အစွမ်းကုန်မလုပ်ကြတာတွေဟာ လူ့အဖွဲ့အစည်းရဲ့ အကြီးမားဆုံး တာဝန်ပျက်ကွက်မှု ဖြစ်တယ်လို့ မောင်လူမွှေး ယုံကြည်ပါတယ်။ တာဝန်ရှိသူတွေ၊ လူကြီးတွေ၊ လူလတ်တွေ၊ လူငယ်တွေအားလုံး ကိုယ့်မျိုးဆက်တွေအပေါ်မှာ တာဝန်မကျေပွန်ကြတာပဲ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ့်မျိူးဆက်ကလေးတွေ ရသင့်ရထိုက်တဲ့ ကျန်းမားရေး၊ ပညာရေး အခြေခံအကျဆုံး အခွင့်အရေးနှစ်ခုကိုတော့ ရအောင်ကြိုးစားလုပ်ဆောင်ပေးသင့်ကြတယ်လို့ မောင်လူမွှေး ယုံကြည်မိပါတယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar