Breaking News

နောင်ကျော် - သွားနှင့်တော့

Art - Ko Ko Naing
 
သွားနှင့်တော့
နောင်ကျော်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၅

သူ သေဆုံးသွားခဲ့ပါပြီ။

အဲ့ဒီ့ လူသေဟာ သူ ပြောနေကျစကား
ဘာဆိုဘာမှကို မပြောနိုင်တော့ဘူး။

ချစ်တာ မုန်းတာ၊ တရားတာ မတရားတာ
အမှောင်ခေတ်ဆိုးထဲမှာ ဘဝတွေ  သေနေကြတာ
ပေးဆပ်သူတွေ ပေးဆပ်နေခဲ့ကြတာ
သူ တကယ်ပဲ နှုတ်ဆိတ်သွားခဲ့ပါပြီ။

   သူ ရှင်နေတုန်းက
ဘာ ရေးခဲ့ ပြောခဲ့သလဲ
ဘာကိုယုံကြည်ပြီး ရပ်တည်ခဲ့သလဲ
ဘယ်လို တိုက်ပွဲဝင်ခဲ့သလဲ
ဘယ်လောက်ထိ စွန့်လွှတ်ပေးဆပ်ခဲ့သလဲ
ချန်ထားခဲ့တဲ့ သူ့သမိုင်းခြေရာတွေ။

  သူငယ်ချင်းရေ၊ ရဲဘော်ရေ
ငါလည်း သေရမယ့်လူပါ
ခေတ်သမိုင်းတာဝန်ကို မင်းလောက်ကျေနိုင်ခဲ့ပါ့မလား။

ငါ့မှာ မေးခွန်းတွေ တလှေကြီးနဲ့။

  သမိုင်း မွှေးမြမြ၊ ဂုဏ်သိက္ခာ လှလှပပနဲ့
သွားနှင့်ပါတော့ သူငယ်ချင်းရေ။
 
၁၂ ဇူလိုင်၊ ၂၀၂၅
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar