Breaking News

"ဝူဟန်မြို့က လာခဲ့တယ်"



"ဝူဟန်မြို့က လာခဲ့တယ်"

မိုးလှိုင်ည ၊ KLT
(မိုးမခ) မတ် ၃၀၊ ၂၀၂၀
.
ဝူဟန်ဖြစ်လိုက်တာ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ
လုပ်စရာမလိုတော့ဘူး
စစ်ပွဲတွေ ရပ်သွားတယ်
ကမ္ဘာကြီးမှာ ပြောပါတယ် ...
.
ဝူဟန်ဟာ
ကွန်မြူနတီအခြေခံပဲ
လူသားမျိုးနွယ်အချင်းချင်းကြား
ဘက်ကင်ဟမ်နန်းတော်ထဲဖြစ်ဖြစ်
ဘာဘီလီဟေးတောင်ကြားဖြစ်ဖြစ်
ဒေါင်းနင်းလမ်းဖြစ်ဖြစ်
တီဟီရန်လမ်းမတွေကနေ
ရောမရောက်လို့ ရောမလိုကျင့်ပြီး
အင်းစိန်မှာ ထမင်းမြိန်ဖို့စဉ်းစား
ချင်းပြည်မှာ ပုလင်းဖြည်ဖို့ကြိုးစားတယ် ...
.
ကိုဗစ်ဟာ စာမေးပွဲပဲ
အရစ်တုံးနေတဲ့ အစိုးရတွေရော
ဟိုက်ဒရောလစ် အစိုးရတွေရော
ပြည်သူကို ဘယ်လောက်ချစ်သလဲ
အကဲစမ်းတဲ့ ပွဲ
အဇာဘိုင်ဂျန်ကနေ
လှိုင်သာယာအထိ
ချီကာဂိုကနေ ဇမ္ဗူသီရိအထိ
မေးခွန်းတွေ သတ်နေတုန်း ....
.
ဘီလီယံချီ တန်ကြေးရှိ
နျူကလီးယား ဒုံးတွေထက်
အင်အားကြီးတပ်မတော်တွေထက်
စစ်ဘက်သုံးရေငုပ်သင်္ဘောတွေထက်
အသံထက်မြန်တဲ့
တိုက်ခိုက်ရေးလေယာဉ်တွေထက်
အခြေစိုက်စခန်းတစ်ခုမှမလိုဘဲ
နယ်စပ်ဖြတ်ကျော်
ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ကိုဗစ် ...
.
၂၁ ရာစုရဲ့
ဒီမိုကရေစီခေတ်လွန်
နည်းပညာမြင့် ဆိုရှယ်လစ်ဇင် ဖြစ်လာမလား
လက်ဝဲသစ်နဲ့ ကွန်မြူးအခြေပြု စတာ့အပ်တွေ
ထွက်ပေါ်လာမလား
သုံးစားမရတဲ့ တိုက်ပွဲတွေကရော
ရှိနေအုန်းမှာလား
မြို့ပြလူနေမှုတွေ လျော့ကျပြီး
စမတ်ကျေးလက်တွေ ပေါ်ထွက်လာမှာလား
၂၁ ပင်လုံကရော အွန်လိုင်းကွန့်ဖရန့်စ်ပေါ်
ရောက်လာနိုင်သလား ...
.
ဘာပဲဖြစ်ဖြစ်
ကိုဗစ်က အချိန်တန်ရင်
ပြန်လစ်သွားမှာပဲ
လူသားတွေအတွက်သာ
သူဘာတွေ ချန်ရစ်ခဲ့မှာလဲ ... ။
.
#MoeHlaingNya
#KLT
28/3/2020