Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၂

nzhearld.co.nz
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၂
ခင်လေး (Aotearoa)
(မိုးမခ) မတ် ၃၀၊ ၂၀၂၀

စတုတ္ထနေ့

မနေ့က kintting machine ဆင်ဖြစ်တော့ ညနေဘက် ကိုယ်စာမရေးဖြစ်ပါဘူး။ ဒီနေ့မနက်လည်း ဖက်ထုပ်လုပ် အကျႌထိုးနဲ့ အလုပ်ရှုပ်နေတော့ စက်တခြားလူတခြားဖြစ်နေတယ်။ ဖက်ထုပ်လုပ်နေရင်း ရေဒီယိုကနေ ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ကြေညာချက်လွှင့်ပါတယ်။ စိတ်မကောင်းစရာ၊ အသက်၇၀ ကျော် အဘွားတစ်ယောက် ဆုံးသွားတယ်တဲ့။ ကိုယ်နေတဲ့ ကျွန်းနိုင်ငံလေးရဲ့ ပထမဆုံး ကိုးဗစ် သားကောင်ပေါ့။ စိတ်ပူစရာကောင်းတာက လွန်ခဲ့တဲ့ နှစ်ရက်က အဲဒီအဘွား ဆေးရုံ စတက်တော့ ရိုးရိုးဖျားတဲ့တုတ်ကွေး လူအနေနဲ့ တက်တာတဲ့။ ကိုယ်တို့ဆီမှာ ဆောင်းဦးရာသီရောက်ပြီ။ ရာသီဥတုက သိသိသာသာ အေးလာနေပြီ။ ညတာလည်း ပိုရှည်လာသလို မိုးတွေတစိမ့်စိမ့်ရွာပြီး  လေအေးတွေလည်း တိုက်လာနေပြီ။ ပုံမှန် တုတ်ကွေးရာသီ စလာနေပြီလေ။ ဒီအချိန်ဆို အသက်ကြီးတဲ့သူတွေ ကိုယ်ခံအားနည်းတဲ့သူတွေ လေဝင်လေထွက် မကောင်းပဲ စိုထိုင်းတဲ့ အိမ်တွေမှာနေကြရတဲ့သူတွေ အတော်များများ တုတ်ကွေးမိတတ်ကြတယ်။
ဒီတော့ ဆေးရုံဝန်ထမ်းတွေက သာမန်တုတ်ကွေးလူနာလိုပဲထားပြီး ပြုစုသတဲ့။ ခုတော့ ကိုးဗစ်လူနာဖြစ်ရုံမက အသက်ပါဆုံးရှုံးသွားရတယ်ဆိုတော့ သူ့ကို ပြုစုတဲ့ဝန်ထမ်းပေါင်း ၂၁ ယောက်ကို အလုပ်မလုပ်ဘဲ သီးသန့်ခွဲထား၊ ဆေးစစ် စတာတွေ လုပ်ရတယ်တဲ့။ ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ။

စိုးရိမ်စရာက အနားက လူနာတွေ ဆေးရုံသုံးပစ္စည်းတွေ မိသားစုဝင်တွေ တစ်သီကြီး ဘာလုပ်ကြမှာတုန်း။ အားလုံးကိုခွဲထားပြီး ဆေးစစ်ပေးမှာလား။ မသဲကွဲ မရှင်းလင်းပါ။ ဒါကြောင့်ရေဒီယိုမှာ ဟိုတနေ့က ဒီအစိုးရ တိုင်းပြည်ကို ခေါင်းဆောင်နိုင်စွမ်းမရှိဘူးဆိုပြီးအော်နေတာ။

အဆင့်၂ ဆိုကြေညာ လူတွေကို အိမ်ကနေအလုပ်လုပ်လို့ပြောပြီး ကလေးတွေကိုကျတော့ ကျောင်းတက်ခိုင်းတဲ့ နေ့ကပေါ့။ အားလုံးက (ဆရာများ ကောင်စီ၊ မီဒီယာ၊ မိဘတွေ) ဝိုင်းပြီးပြောတော့မှ ကျောင်းတွေကို ပိတ်လိုက်တာ။ သူတို့အပြောက ကလေးတွေ ကျောင်းမှာနေတာ ပိုစိတ်ချရတယ်။ အိမ်မှာဆို domestic abuse ရဲ့ သားကောင်တွေ ဖြစ်မယ်၊ အစာရေစာလုံလုံလောက်လောက် မစားရဘူးဖြစ်မယ်တဲ့။ သူတို့ဆိုလိုတာ မူးယစ်ဆေး သုံး၊ ပြီး ..မိသားစုကို နှိပ်စက်တတ်တဲ့ ပြဿနာရှိတဲ့ လူတစ်ချို့ကိုပါ။

ညဘက် တနင်္ဂနွေနေ့ဆိုတဲ့ အစီအစဉ်လာတော့ ဝန်ကြီးချုပ်ကို action ယူတာ နောက်ကျတယ်လို့ ပြောနေတာ ဘယ်လိုတုံ့ပြန်မလဲဆိုတော့ ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်နေပါတယ်၊ နောက်ပြန်ကြည့်ဖို့အချိန်မဟုတ်သေးပါဘူးတဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဟိုဘက်အိမ်က ဦးထရမ့်ပ်ကြီးထက် စာရင်တော့ သာတာ အမှန်ပါပဲ။ သိပ္ပံပညာရှင်တွေနဲ့ ဆွေးနွေးတော့ တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်တွေကို နှိမ်နင်းဖို့ သဘာဝကို လွန်ဆန်မလုပ်သင့်တာတွေလုပ်တော့ သဘာဝမိခင်က ပြန်လည်ခုခံတိုက်ခိုက်နေသလိုပဲလို့ ပြောသွားတယ်။ ကိုယ် ၁၀၀% သဘောတူ ထောက်ခံပါတယ်။ ခုနေနေရတာကြည့်လေ၊ စားစရာရှိတာစား၊ ဝယ်သင့်သလောက်ဝယ်၊ အိမ်နားမှာပဲ လမ်းလျှောက်၊ မလိုအပ်တာတွေမလုပ်နဲ့ အေးအေးချမ်းချမ်းနေ။ အားလုံး ဘေးကင်းတာပေါ့။ ဝန်လည်း ကျဉ်းတာပေါ့။

တခါတခါ ကိုယ်အဖေ့ကို ပြောဖူးတယ်၊ လောကကြီးမှာ လူတွေအကုန်လုံး အမေ့လိုနေရင် (သူ့ကို အဖေလို့ခေါ်တော့ ကိုယ့်ကိုလည်း အမေလို့ ပြန်ခေါ်ခံရတာပေါ့နော) အတော်အေးချမ်းမယ်လို့။ တစ်ပတ်လုံး အလုပ်လုပ်၊ စနေ တနင်္ဂနွေ တစ်ပတ်စာဈေးဝယ်၊ အဝတ်လျှော် သစ်ပင်စိုက် ရေလောင်း ကလေးတွေ စာသင်။ lockdown လုပ်တာ ကိုယ့် routine တွေ တစ်ခုမှမပျက်ဘူးပဲ။ ကိုယ်ဘာတစ်ခုမှ လျှော့စရာမလိုဘူး။

ဒီနေ့လည်း သိုးမွှေးထိုးစက်တစ်လုံးနဲ့ အလုပ် ရှုပ်။ ကိုယ်က ၁၀ တန်းအောင်ကတည်းက တစ်ချောင်းထိုး စထိုးတာ။ နောက်တော့ ၂ ချောင်းထိုးပါသင်။ ကိုယ်ဒီကို ရောက်စက အဖေ့ကို သူ့အလုပ်က တောင်ကျွန်းဖျားက ကျွန်းဆွယ်ကလေးကို လွှတ်တယ်။ အဲဒီမှာက သုည ဒီဂရီနားရောက်တဲ့အထိအေးတာဆိုတော့ ကိုယ်လက်စွမ်းပြဖို့ အကြောင်းရသွားတာပေါ့။

အဲဒီတုန်းက သမီးလေးက  ၁ နှစ်မပြည့်သေးတော့ ကလေးကြည့်ရ၊ အလုပ်လုပ်ရနဲ့ အဖေအဲဒီကျွန်းက ပြန်လာတဲ့အထိ အကျႌအနောက်ခြမ်းမပြီးဘူး။ တအိအိနဲ့ ထိုးလိုက်တာ ၁ နှစ်တိတိကြာသွားတယ်။ အဖေက နောက်မထိုးရဘူးဆိုပြောတော့ စိတ်က မချမ်းသာ။

ကံကောင်းချင်တော့ Trade me (နယူးဇီလန်က အီးဘေးလို အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုဒ်) မှာ knitting machine ဆိုတာ စတွေ့ပါလေရော။ စိတ်ဝင်စားစရာပေါ့။ အဖေ့ကို ပြတော့ သူက စက်ဆိုသိပ်ကလိချင်တာနဲ့ ကွက်တိပဲ။ မော်ဒယ်အမျိုးမျိုး ဈေးအမျိုးမျိုးပေါ့။ အဲဒီအချိန်တုန်းက ချွေတာရေးအချိန်ဆိုတော့ ၂၀ တန်လေးတစ်လုံးစမ်းဝယ်လိုက်တယ်။ ဖြစ်ချင်တော့ အဲဒီစက်က Brother KH 800 ၁၉၇၀ အစောပိုင်းက ထုတ်ထားတာ သုံးရခက်တဲ့စက်ထဲမှာပါတယ်။ ဒါနဲ့ ရောင်းဖို့တက်လာတဲ့ စက်ကလေးတွေ စောင့်ကြည့်နေတုန်း Brother KH 910 တစ်လုံးတက်လာရော။ ဈေးက ၅ ဒေါ်လာတဲ့။ အဖေရေ ယူမယ်ဆို သွားဆွဲချလာတယ်။ စက်ကလေးက သနားပါတယ်။ ဖုန်အလိမ်းလိမ်းတက်လို့။ သူတို့ အမေဆုံးသွားထဲက ဒီတိုင်းထားထားတာတဲ့။

အဖေလက်စွမ်းပြတော့တာပေါ့။ စက်ကို တစ်စစီဖြုတ်၊ သူ့ကွန်ပရက်ဆာကြီးနဲ့ ဖုန်တွေမှုတ်ထုတ်၊ စက်ဆီတွေမျိုးစုံဖျန်းပြီး ပြင်လိုက်တာ hardware ပိုင်းပြီးသွားရော။

အဲဒီစက်က ၁၉၇၀ နောက်ပိုင်းထုတ် အီလက်ထရွန်းနစ်စက်ဆိုတော့ကာ ဆားကစ်ဘုတ်ကိုလဲ ပျော်ရွှင်စွာဖြုတ်ပါတော့တယ်။ ကွန်ဒတ်တာဆိုလားဘာဆိုလား ပိစိပိစိလေးနှစ်ခု ဖြုတ်လဲလိုက်တာ အဲဒီအပိုင်းကလည်း အလုပ် လုပ်သွားရော။ အိုး ပျော်စရာကြီး။ ချည်ထိုးပြီး ရိုးရိုး အပေါ်ထိုး အောက်ထိုးလေး စထိုးလို့ ထွက်လာတာကို ကြည့်ရတာက စိတ်ချမ်းသာစရာ။ အဲဒီစက်ကလေး အခုချိန်ထိ ရှိသေးတယ်။ ကိုယ့်အကြိုက်ဆုံးပဲ။

ခင်လေး (Aotearoa) 
10:15 p.m.
29.03.2020 Sunday

ပဉ္စမနေ့ 

ဒီနေ့မနက် တံခါးဖွင့်ပြီး ခြံထဲထွက်တော့ ငှက်ကလေးတွေတန်းစီပြီး ခြံစည်းရိုးမှာ နားနေတယ်။ ဒါနဲ့ အိမ်ထဲပြန်ဝင်ပြီး ရှိတဲ့ ပေါင်မုန့်လေးတွေ ထမင်းကျန်လေးတွေ (မကျန်လည်း ပူပူနွေး နွေးရှိတာကို ရေဆေး ကျွေးရတယ်။ ဘယ်လိုဟာလေးတွေလည်း မသိဘူး၊ ဆန်စေ့ကို မစားတတ်ဘူး၊ စပါးကျတော့ စားတတ်တယ်။) ထုတ် ကျွေးရတယ်။ ဆာနေကြပုံရပါတယ်။ ခါတိုင်းဆို အိမ်တံခါးပိတ်မှဆင်းစားကြတာ ခုတော့ ကိုယ်ဝင်လာပြီးပြီးချင်းကို ဆင်းချလာပြီး စားနေကြတယ်။ အိမ်ထဲပြန်ရောက်တော့ ငှက်စားတဲ့ အစေ့ဘူးကိုမြင်တော့ နောက်တစ်ခါ ထပ်ထွက်ပြီး ကျွေးရတယ်။ ဆိုင်ကဝယ်ထားတာလေ။ အဲဒါလေးတွေကျွေးရင် စာခေါင်းစိမ်းလေးတွေ လာစားတယ်။ ချစ်စရာလေးတွေ သားက ဂူးဂဲလ်မှာရှာထားတာ European greenfinch ဆိုပဲ။


မနက်စာ ကွေကာအုပ်ပြုတ်ပြီး အလုပ်က အီးမေလ်းတွေစစ်တော့ ဆရာမကြီးတစ်ယောက်က 3D printer နဲ့ မျက်နှာကိုကာတဲ့ face shield တွေ ဆေးရုံမှာသုံးဖို့လိုနေတဲ့အကြောင်း စက်ရှိရင် ကုကြဖို့ နှိုးဆော်စာကို ပို့ထားတယ်။ ကိုယ်လုပ်ချင်လိုက်တာ။ ကျောင်းကစက်ကို သွားယူဖို့ ကြိုးစားရတယ်။ ကိုယ့်မန်နေဂျာဆီဆက်တာမရတော့ ကျောင်းလုံခြုံရေးမန်နေဂျာဆီဆက်တယ်။ သူက ရတယ်၊ သွား၊ လုံခြုံရေး အစီအစဉ်အတိုင်းလုပ်ဆိုပြောတော့ ဝမ်းသာလိုက်တာ။ အဖေနဲ့ နှစ်ယောက်သွားပြီး စက်ရယ် filament လို့ခေါ်တဲ့ကြိုးခွေတွေရယ် သွားယူထားလိုက်တယ်။ အဲဒီကြိုးလေးတွေက နို့ရဲ့ဘေးထွက် ပစ္စည်းက ထုတ်တာ၊ ပတ်ဝန်းကျင်ကို အန္တရာယ် မပေးဘူးတဲ့။

Facebook ပေါ်မှာ ဘယ်ကနေ မော်ဒယ်ယူရမယ်၊ ဘယ်ကိုပို့ရမယ် ဆိုတာတွေ အားလုံးရှိတယ်။ အသေးစိတ်ကို အောက်က သတင်းမှာ ဝင်ဖတ်ကြည့်လို့ရတယ်။

https://www.nzherald.co.nz/nz/news/article.cfm?c_id=1&objectid=12320501

ကိုယ့်စက်က ကျောင်းကစက်ဆိုတော့ ကျောင်းအုပ်ကြီးရဲ့ခွင့်ပြုချက်စောင့်ပြီးမှ ထုတ်ရမယ်တဲ့။ ခုတော့ ခွင့်ပြုမိန့် စောင့်နေဆဲပေါ့။ လုပ်လို့ ရပါစေဘုရား။

ခင်လေး (Aotearoa)
3:20 p.m.
30.03.2020 Monday