Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၃

credit- www.guardian.com 
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၃
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၁ ရက်၊ ၂၀၂၀

ပဉ္စမနေ့အဆက်

ဒီနေ့ညနေ ကလေးတွေ လမ်းလျှောက်ထွက်ဖို့ စိတ်မဝင်စားပါ။ တယ်ဒီဘဲ ဝက်ဝံများလိုက်ကြည့်ရတာလည်း ရိုးသွားကြပြီမို့ ကုန်စုံဆိုင်လေးက မုန့်တွေနဲ့မျှားယူတော့လည်း မရတော့ပါ။ အိမ်ထဲမှာပဲနေနေရတုန်း ကလေးလေးတွေလမ်းလျှောက်ထွက်ရင် မပျင်းအောင်ဆိုပြီး အိမ်ပြတင်းပေါက်မှန်တံခါးလေးတွေမှာ ဝက်ဝံရုပ်လေးတွေထားပေးကြဖို့ Facebook မှာ နိုးဆော်ထားတာတွေ တွေ့ရပါတယ်။ ဆိုတော့ ကိုယ်တို့ရပ်ကွက်ကလူတွေအကုန်လုံးလိုလိုရဲ့အိမ်ပြတင်းပေါက်တွေမှာ ဝက်ဝံရုပ်လေးတွေ တင်ထားကြတယ်။ တချို့ အတွင်းကနေခုံလေးတွေထုတ်ပြီး တယ်ဒီဘဲ၊ ဝက်ဝံလေးတွေ တင်ထားပေးကြတာချစ်စရာ။ ဝက်ဝံမဟုတ်တဲ့ Tigger, Winnie Pooh, Piglet သုံးကောင်တွဲလေးတွေ Monster Inc က Mike Wazoski စိမ်းစိမ်းကောင်လေးလည်း ပါကြတာပါပဲ။ အစပိုင်းတုန်းကတော့ ကိုယ့်ကလေးတွေ စိတ်ဝင်စားပါသေးတယ်။ ခုရက်တွေနည်းနည်းကြာလာတော့ ရိုးအီသွားပြီထင်ပါရဲ့၊  မကြိုက်တော့ဘူးလေ။

ဒါနဲ့အဖေနဲ့ကိုယ်ပဲ လျှောက်ကြတယ်။ လမ်းတစ်ဝက်လည်းရောက်ရော မိုးရွာချပါလေရော။ ကိုယ်က လမ်း လျှောက်ထွက်ရင် အကျႌမလဲချင်တော့ အပေါ်က ကုတ်အကျႌထပ်လေ့ရှိတယ်။ မိုးရွာတော့ အဲဒါပဲ ထီးလုပ်ဆောင်းပြီးပြန်လာရတာပေါ့။ ငယ်ငယ်တုန်းက ကျောင်းအပြန် မိုးရွာထဲလမ်းလျှောက်ပြန်တာကို သတိရနေသေးတယ်။ နာရီဝက်လောက်လျှောက်လာတာမိုးမစိုဘူးပဲ။

ဒီနေ့တနင်္လာနေ့ဆိုတော့ သားကိုယ့်ဆီလာအိပ်မယ့်နေ့။ အဖေက သူ့အခန်းသွားအိပ်ရတယ်။ သူနဲ့ဆိုတော့ smurf ကြည့်ပြီးမှ အိပ်ရတာပေါ့။

ဆဌမနေ့

အင်း၊ ဘယ်နှစ်ရက်မြောက်နေ့လဲလို့ ရေးချရင်းက မကြာခင်ပြဿနာ တက်တော့မဲ့ကိန်းကို ပြေးမြင်တယ်။ ဒဿမနေ့ပြီးရင် ဘာဆက်လုပ်မလဲဆိုတာကိုပေါ့။ အိမ်ထဲမှာ နေရမှာက ရက်သတ္တပတ် ၄ ပတ်ဆိုတော့ ၂၈ ရက်။ ဧက ဒဿမက ၁၁၊ အဲဒါ အဘိဓာန်ထဲက တွေ့တာ။  နောက် ဘလာလည်း မသိ။  ဖေဖေ့ကို နှောင့်ယှက်ရမှာ သေချာနေပြီ။

ဒီနေ့တစ်နေ့လုံး အလုပ်ရှုပ်တာမှ တအား။ မနက်က ဟုတ်နေသေးတာ။ muffin လေးဖုတ် ဥဒုံ ခေါက်ဆွဲ လေးပြုတ်၊ ၁၁ နာရီ ဇွမ်းဗွီဒီယို အစည်းအဝေးထိုင်၊ နေ့လည်စာစား၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ပျိုးထားတဲ့မုန်လာပင်လေးတွေ အိုးကြီးထဲပြောင်းထည့်၊ ပန်းဥလေးတွေ အိုးလေးတွေနဲ့စိုက်၊ ညနေ ၄ နာရီနောက် အစည်းအဝေးရှိတာသတိရတော့ ၁၀ မိနစ်ပဲလိုတော့တယ်။ အပြေးပြန်ဝင်လာ ချွေးတွေသံတွေနဲ့ အစည်း အဝေးဝင်ထိုင်တာ ၆ နာရီ ထိုးခါနီးမှပြီးတယ်။ ကလေးတွေရယ် အဖေရယ် ပွစိထနေတော့ ပြေးပြေးလွှားလွှား ညနေစာအမြန်စီစဉ်၊ မနက်က ခေါက်ဆွဲနဲ့ကြက်သား အကြွပ်ကြော်လေးရှိသေးတော့ ခေါက်ဆွဲလေးနည်းနည်းပဲ ထပ်ချက်ရတာပေါ့။

ရေချိုး၊ ညနေစာစား လမ်းအရှည်ကြီးလျှောက် (ခြေရှည်တဲ့သူတွေက တစ်ဖက်ပိတ်လမ်းပါ ဆိုတာကို ဝင်ကြလေ၏။) ခုနလေးကမှ ပြန်ရောက်လို့ ခုမှ စာရေးရတယ်။

ညနေသတင်းမှာ ဝန်ကြီးချုပ်ကြီး ဆေးအထပ်ထပ်စစ်ဖို့ ပြောနေသံကြားတယ်။ သတင်းထောက်က ကိုယ် ပိုင်စကားတော့မဟုတ်ဘူးဆိုပြီး ခနဲ့နေလေရဲ့။ ပြီးတော့ သူ့ရဲ့ပြိုင်ဘက်ပါတီ ခေါင်းဆောင်က အစောပိုင်းကတည်းက ဆေးစစ်ဖို့ပြောနေတဲ့ဗွီဒီယိုကိုယှဉ်ပြတယ်။ နိုင်ငံရေးသမားလုပ်ရတာ အတော်မလွယ်တာပဲ။ ဆေးပညာရှင်တွေက ပြောနေပြီလေ။ ဘယ်နှစ်ယောက်ဖြစ်နေတယ်ဆိုတာမစစ်ပဲ ဘယ်သိနိုင်မလဲတဲ့။ ဟုတ်ပ၊ ဘာလိုလိုနဲ့နယူးဇီလန်မှာလည်း ကိုဗစ်ကူးစက်လာတဲ့အရည်အတွက်က ၆၀၀ ကျော်လာနေတာ။ လူတွေအိမ်ထဲနေနေတာတောင် case တွေက တိုးတိုးလာနေတာက သက်သေပြနေသလိုပဲ။ လုပ်သင့်တာတွေလုပ်ပြီး ဖြစ်သင့်တာတွေ ဖြစ်ကြပါစေလို့ပဲ ကိုယ်ဆု တောင်းချင်ပါတယ်။

ခင်လေး (Aotearoa)
9:42 p.m.
31.03.2020 Tuesday