Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၉

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၉

(မိိုးမခ) ဧပြီီ ၁၊ ၂၀၂၀ 

ခေတ်သစ်လွေ့ဖုန်းများ ...


တရုတ်ပြည်မှာ ၁၉၆၀ ခုနှစ်များက 'လွေ့ဖုန်းစိတ်ဓာတ်လေ့လာရေး လှုပ်ရှားမှု' ဆိုတာ ပေါ်ပေါက်ဖူးတယ်။လွေ့ဖုန်းဆိုတာ တရုတ်တပ်မတော်သားလေးတဦး (တပ်စိတ်မှူး) ဖြစ်ပါတယ်။ ဘယ်သူကိုမဆို မိမိကိုယ်ကိုအနစ်နာခံပြီး ကူညီခဲ့ပြီး အလွန်နှိမ်ချစွာ သိုသိပ်စွ ာနေသွားသူပါ။ တရုတ်ကွန်မြူနစ်ပါတီဝင်တဦးလည်း ဖြစ်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်မှာ မတော်တဆတခုကြောင့် ကွယ်လွန်သွားပြီးတဲ့အခါ သူရဲ့ နေ့စဉ်မှတ်တမ်းလေး ကျန်ခဲ့လို့သာ။ သူ ဘာတွေ လုပ်သွားတယ်။ ဘယ်လို သဘာထားတွေရှိတယ် ဆိုတာ သိရှိကြရတာပါ။ဒါကို ဥက္ကဌမော်စီတုန်းက အခွင့်ကောင်းအဖြစ် ဆွဲကိုင်လိုက်ပြီး 'လွေ့ဖုန်းကိုလေ့လာကြ' ဆိုတဲ့စာလုံးကြီးပိုစတာရေးပြီး တနိုင်ငံလုံးက လူငယ်ထုကို လှုံ့ဆော်လိုက်ပါတယ်။ (ပူးတွဲပါပုံ)

ဒီမှာတင် လွေ့ဖုန်းစိတ်ဓာတ် ဆိုတဲ့ နိုင်ငံရေးစကားလုံး ပေါ်လာပြီး၊ အများကောင်းကျိုးကို အဓိကထားတဲ့ (collectivism) ရေစီးကြောင်း ဖြစ်လာပါတယ်။ တကိုယ်ကောင်းစိတ်ဓာတ် လျှော့ချရေး အတွက်လည်းအတော် အသုံးတဲ့ပါတယ်။ ဒီစိတ်ဓာတ်ဟာ တခါတရံ ငုပ်သွားတတ်ပေမယ့် အချိန်ကာလ အတော်များများမှာတော့ အပေါ်စီးက ရှိနေတတ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရော၊ လူမျိုးရော ဘေးအန္တာရာယ်ကြုံချိန် များမှာပါ။

အခုလည်း ဒီ- ကိုဗစ်-၁၉ ရောဂါဘေးတိုက်ဖျက်ရေးမှာ လွေ့ဖုန်းစိတ်ဓာတ် အပြည့်အဝ ပြန်ပေါ်လာပါတယ်။

ရောဂါအပြင်းအထန် ဖြစ်ပွားနေတဲ့ ဝူဟန့်မြို့ကို ဇန်နဝါရီ (၂၃) ရက်မှာ ပိတ်ချလိုက်ပြီးနောက် လူ(၁၀)သန်းကျော် ရှိတဲ့ မြို့ကိုရော အနီးအနားကမြို့များရွာများကိုရော ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အစောပိုင်းမှာရပ်ကွက်ကော်မတီဝင်များကို တာဝန်ပေးထားပါတယ်။ ဒီကော်မတီဝင်များက မနိုင်မနင်းဖြစ်လာတဲ့အခါ ရုံးတွေကျောင်းတွေ ဆိုင်တွေ ပိတ်ထားပြီဖြစ်လို့ အဲဒီကစေတနာဝန်ထမ်းတွေ ပါဝင်လာဖို့ ဒေသတာဝန်ခံတွေက လှုံ့ဆော်လိုက်ပါတယ်။ အထူးသဖြင့် ကွန်မြူနစ်ပါတီဝင်တွေ လူငယ်ဝင်တွေ လုပ်အားပေးကြဖို့ပါ။ ဒီမှာတင် လူပေါင်း (၃၄၀,၀၀ ကျော် ဒီထဲမှာ ပါတီဝင် ၁၇,၇၀၀) ထွက်လာပြီး ဒီရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ကူညီလာကြပါတယ်။ တချိုက ရပ်ကွက်ကော်မတီတွေကို အားဖြည့် ၊ တချို့က ရပ်ကွက်လုံခြုံရေးတည်ငြိမ်ရေး၊ ဆေးဝါးများ စားနပ်ရိက္ခာများ မပြတ်ရေး၊ လူနာများကို အချိန်မီဆေးရုံပို့ပေး၊ အိမ်ကျန်ခဲ့သူများကို စနစ်တကျထိန်းသိမ်းပေး... စတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ လူနေရပ်ကွက်များကို တပတ် ၂ကြိမ် ပိုးသတ်ပေးတာလည်း လုပ်ရပါတယ်။။ ဒီလိုနည်းနဲ့ လူ(၁၀)သန်းကျော် ရက်အနည်းငယ်အတွင်း စနစ်တကျ ထိန်းချုပ်လိုက်နိုင်ပါတယ်။ လူဦးရေရဲ့ ၉၉% ပါ။ ဒါဟာ ကူးစက်ရောဂါကာကွယ်ရေးအတွက် သော့ချက်ဖြစ်ခဲ့ပါတယ်။

ဒါတွေဟာ စည်းရုံးရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်ပြီး တဦးချင်း တဖွဲ့ချင်း လုပ်ဆောင်မှုများလည်း အများအပြားရှိပါတယ်။

ဥပမာလေးတွေ ပြောပြပါ့မယ်။



၁။ ဝူဟန့်ကထမင်းဆိုင်ပိုင်ရှင်လေးတဦး - တရုတ်နှစ်သစ်ကူး မိသားစုထမင်းစားပွဲများအတွက် သူကအော်ဒါအမြောက်အမြား ရထားပါတယ်။ ဒါကြောင့် အဲဒီပွဲများအတွက် သူက ရိက္ခာ ယွမ်(၆)သိန်းဖိုးစုဆောင်းထားပါတယ်။ ဒီရောဂါဖြစ်လာတော့ ထမင်းစားပွဲတွေ ဖျက်လိုက်ရပါတယ်။ တနေ့ သူ သတင်းကြည့်နေတုန်း ရောဂါတွေကုသပေးနေရတဲ့ ဆေးဝန်ထမ်းတွေ ခေါက်ဆွဲခြောက်ဘူးလေးတွေနဲ့ စားနေရတာ တွေ့လိုက်ရပါတယ်။ ဒီတင် သူက သူမိတ်ဆွေအဝိုင်းအဝန်းတွေ စုစည်းရာ ဝီချက်မှာ (Wechat) သူဆေးဝန်ထမ်းများအတွက် ထမင်းဘူးပို့ပေးမယ်။ လိုအပ်တာတွေ ပြောပါလို့ တင်လိုက်ပါတယ်။ သူနေရာအနီးအနားက ဆေးရုံများ၊ ဆေးဝန်ထမ်းများရဲ့ တုံ့ပြန်မှု (ဘယ်အချိန် ဘယ်လိုဟင်းမျိုး) သာမက သူဆွေမျိုးအပေါင်းအသင်းမိတ်ဆွေများ ပါဝင်ဆောင်ရွက်ချင်တဲ့ တောင်းဆိုမှုတွေ ပါ ရလာပါတယ်။ သူကလည်း လုပ်အားလိုနေတာလေ။ သူ့အလုပ်သမားအချို့ နှစ်သစ်ကူး ပြန်ကုန်ကြပြီ။

ဒီလိုနဲ့ ဇန်နဝါရီလ (၂၆) ရက်နေ့ကစပြီး အဲဒီထမင်းဆိုင်းက ထမင်းဘူး(၄၀၀)ကို အနီးအနားဆေးရုံပေါင်း (၁၆) ရုံအတွက် လုပ်အားပေးကားများနဲ့ စတင် ပို့ဆောင်ပေးနိုင်ပါတော့တယ်။ အဲဒီရပ်ကွက်က ကုမွဏီတခုကလည်း လုပ်အားပေးများအတွက် အကာအကွယ်ဝတ်စုံတွေ နှာခေါင်းစည်းတွေ လာရောက်လှူဒါန်းပါတယ်။ တခြားထမင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ စတာတွေကလည်း ပါဝင်လာကြပြီး စုဆောင်းထားတဲ့ရိက္ခာတွေကို အကုန်ထုတ်လှူဒါန်းကြပါတယ်။ ဒီသတင်းတွေကြားရတဲ့ အနီးအနားဟင်းသီးဟင်းရွက်ခြံများကလည်း သူတို့ထွက်ပစ္စည်းတွေ လာလှုကြပါတယ်။



၂။ ဆေးဝန်ထမ်းများအတွက် အကြိုအပို့ အငှားယာဉ်အဖွဲ့ - အင်ဂျင်နီယာလေးတဦး စတင်လိုက်တဲ့စီမံကိန်းလေးပါ။ ကိုယ်ပိုင်ကားလေးတွေနဲ့ ဆေးရုံအလုပ်တက်တဲ့ ဆေးဝန်ထမ်းတွေကို ကြိုပို့ပေးတာပါ။အင်တာနက်နဲ့ ချိတ်ဆက်ထားပြီး အလျဉ်းသင့်သလို ကြိုပို့ပေးပါတယ်။ ဝူဟန့်တမြို့လုံး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစနစ်တခုလုံး ပိတ်ပစ်လိုက်လို့ မြို့အပြင်ဘက်တွေမှာနေကြတဲ့ ဆေးဝန်ထမ်းတွေ အခက်တွေ့သွားတာပါ။ နောက်ပိုင်းတော့ ဆေးရုံအနီးအနားက ဟော်တယ်များက ဆေးဝန်ထမ်းတွေအတွေက်နေရာထိုင်ခင်းတွေ စီစဉ်ပေးလို့ အဆင်ပြေသွားပါတယ်။ အဲဒီအဖွဲ့ကို နမူနာယူပြီး ကျန်မော်တော်ယာဉ်အဖွဲ့များလည်း ပေါ်လာပါတယ်။

နယ်ပယ်အရပ်ရပ်ကရောက်ရှိလာတဲ့ ဆေးပစ္စည်းတွေ စားနပ်ရိက္ခားတွေ သယ်ပို့ရာမှာရော ၊တချို့သက်ကြီးရွယ်အိုတွေ ဆေးရုံဆေးခန်းသွားဖို့ လိုတဲ့အခါ- စတာတွေမှာလည်း ဒီလိုအဖွဲ့တွေက အများကြီးအထောက်အကူ ပြုခဲ့ပါတယ်။ ဒီအဖွဲ့ဝင် ကားသမားလေးတွေ ရောဂါကူူးစက်မခံရအောင် အဲဒီဆေးဝန်ထမ်းတွေက ပြန် အကူအညီပေးခဲ့ပါတယ်။(ကာကွယ်ရေးဝတ်စုံတွေပေးတာ၊ ပိုးသတ်ဆေးတွေပေးတာ စသဖြင့်)



ဒါ့အပြင် ဆေးဝန်ထမ်းတွေကို ဘက်စုံက ကူညီတဲ့အဖွဲ့များ - ဥပမာ - ဆံပင်ညှပ်အဖွဲ့၊ ဆေးဝန်ထမ်းများရဲ့သားသမီးလေးတွေကို အိမ်မှာ ထိန်းပေး၊ စာသင်ပေးတဲ့အဖွဲ့ စသဖြင့် အဖွဲ့အမျိုးမျိုး လည်း ပေါ်ထွက်ခဲ့ပါတယ်။

ဒါတွေကတော့ ဒီရောဂါကပ်ဘေးကြီးကို တရုတ်ပြည်သူတွေ ဘယ်လို ညီညွတ်ညွတ် စစ်ခင်း ကျော်လွှားခဲ့သလဲဆိုတာကို ပြသတဲ့ ပုံရိပ်တချို့ပါ။

လှကျော်ဇော
၃၁-၃-၂၀၂၀။