Breaking News

ထွန်းဝင်းငြိမ်း - ကိုဗစ်နိုင်တီး (COVID 19)



ထွန်းဝင်းငြိမ်း - ကိုဗစ်နိုင်တီး (COVID 19)

(မိိုးမခ) ဧပြီ ၁၊ ၂၀၂၀

မင်း
တနေ့တခြား
ကြီးထွားလာပုံက
အစိုးရတွေလည်း
တားလို့ မရခဲ့ဘူး။

မင်းက
နန်းတော်တွေ၊ ရင်ပြင်တွေ
ပန်းခြံတွေ၊ ဆိပ်ကမ်းတွေ
လေဆိပ်တွေ၊ အဝေးပြေးဂိတ်တွေ
ဘူတာရုံတွေ၊ ဈေးတွေ
လမ်းတွေ၊ စားသောက်ဆိုင်တွေ
ရုပ်ရှင်ရုံတွေ၊ စာသင်ကျောင်းတွေ
ခန်းမတွေ၊ စက်ရုံအလုပ်ရုံတွေ
ဘုရားကျောင်းကန်နဲ့ ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို
တစပြင်လို ခြောက်ကပ်သွားစေခဲ့ပြီး
ဆေးရုံနဲ့ သုဿန်တွေကို
လက်မခံနိုင်လောက်အောင်
စည်ကားစေခဲ့တယ်။


မင်းကြောင့်
လူစင်စစ်က
ကပ်ဖကာရဲ့ မက်တာဖောဆစ်ဖြစ်ရ
အဲလဘတ်ကမူးရဲ့ ပလိပ်ဝတ္ထုထဲက
အိုရန်မြို့ကို ရောက်ရ
အိမ်ထဲက အိမ့်ပြင်
မထွက်ရတဲ့ဘဝ
ငါ့စိတ်တွေပါ
လော့ဒေါင်း ချထားလိုက်ရ။

မင်း
တင်းမာလိုက်ပုံများ
လွှတ်တော်ထဲဝင်ပြီး
ဗီဇကိုပြင်မယ့် ကုထုံးက
နိဂုံးချုပ်ခဲ့ပါပြီ။

မင်းနဲ့က
ရင်ကြားစေ့လို့
မရတဲ့ သတ္တဝါမှန်း
မွေးကတည်းက
ပြဌာန်းပြီးသားပါ။

မင်း ပေါ့
ဒီမိုကရေစီ
လူ့အခွင့်အရေးနဲ့
လောကပါလတရားတွေကို
စုပ်မြိုဖို့ သားကောင်ရှာနေတဲ့
မျက်နှာပြောင်ပြောင်နဲ့
ဇွန်ဘီ တကောင်လည်းဖြစ်တယ်။

မင်းဟာ
ဘာသာ၊ လူမျိုးမခွဲတဲ့
နယ်စည်းမခြား
အကြမ်းဖက်သမားဖြစ်တယ်။

မင်းနဲ့
ငါတို့ရဲ့ စစ်ဟာ
ရှင်သန်ခြင်းနဲ့
ပျက်သုဉ်းခြင်းတို့အတွက်
ရပ်တန့်လို့မရ၊ စေ့စပ်လို့မရတဲ့
အဆုံးမဲ့ တိုက်ပွဲလည်း ဖြစ်ရဲ့။ ။

ထွန်းဝင်းငြိမ်း
၃၁၊ ၃၊ ၂၀၂၀