Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၂

မက်ဒေါ်နယ်ဆိုင်တွေကိုလွမ်းနေတဲ့ ကားတွေ တတန်းကြီးစီ
Photo- nzherald.co.nz

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၂
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၀
စတုတိံသ (၃၄ ရက်မြောက်)နေ့

ဒီနေ့ နယူးဇီလန်ရဲ့  ကိုးဗစ်သတိပေးချက် အဆင့် ၄ နောက်ဆုံးနေ့၊ ဟင်းချက်စရာဝယ်ဖို့၊ ဆေးဝယ်ဖို့၊ အညောင်းပြေနီးနီးနားနားလမ်းလျောက်ဖို့ကလွဲရင် ဘယ်ကိုမှမထွက်ပဲ တတိုင်းပြည်လုံး အိမ်ထဲပဲမှာ နေကြရတဲ့ နောက်ဆုံးနေ့ပါ။ ပြီးခဲ့တဲ့အပတ်ကထဲက အဆင့်၃ ကို ရောက်ရင် ဘယ်လို နေရမယ်ဆိုတာတွေ သေ ချာရှင်းပြထားပြီးထားပြီးပြီဆိုတော့ အလုပ်ပြန်ဝင်မယ့်ကျောင်းပြန်သွားမယ့်သူတွေ အဆင်သင့် ပြင်နေကြပါပြီ။
အများမျှော်လင့်နေကြတဲ့ ကော်ဖီဆိုင်တွေ၊ ချက်ပြီးသားဝယ်စားလို့ရတဲ့ စားသောက်ဆိုင်တွေ၊ လွယ်လင့်တကူစားလို့ရတဲ့ အစားအစာရောင်းတဲ့ဆိုင်တွေလဲ ဖွင့်ကြတော့မှာ။ ဆိုင်ထဲဝင်ထိုင်ပြီး စားလို့မရပေမယ့် တစ်မီတာအကွာကနေ ကြိုက်တာမှာပြီး ပါဆယ်နဲ့ဝယ်စားလို့ရကြတော့မှာ။ ပြီးခဲ့တဲ့အပတ်က အစည်းအဝေးတစ်ခုမှာ ဆရာမကြီးတစ်ယောက်က ငါကတော့ ကော်ဖီကောင်းကောင်းတစ်ခွက် အရင်ဆုံးဝယ်သောက်ပစ် လိုက်မယ်လို့ ကြိမ်းဝါးနေသံကြားတယ်။ သတင်းထဲမှာလဲ ကော်ဖီဆိုင်တွေကို ကော်ဖီစေ့တွေ ပုံးလိုက်သယ်ချလာနေတာတွေ ရိုက်ပြနေတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့နော်။ လူအတော်များများကတော့ ကေအက်ဖ်စီတဲ့။ ဆိုင်တွေ လူတိုးမဲ့သဘောမှာရှိတယ်။

သတင်းထဲမှာ ရောင်းတဲ့သူရောဝယ်တဲ့သူပါ ဘေးကင်းအောင် ဘယ်လိုတွေလုပ်ထားကြောင်း၊ အဲဒီလိုလုပ်ရတဲ့အတွက် နည်းနည်းအချိန်ပိုကြာမယ့်အကြောင်း၊ ခါတိုင်းထက် ပိုကြာကြာစောင့်ရရင် စိတ်ရှည်ရှည်ထားဖို့အကြောင်းပြောသွားတော့ ကိုယ်ပြုံးမိပါတယ်။ ဘန်ကောက်ကနေ အော်ကလန်ကို ရောက်ခါစအချိန်ကို သတိရမိလို့ပါ။ ဘန်ကောက်မှာတုန်းက မက်ဒေါ်နယ်လ်ကို သမီးလေးနဲ့ သွားပြီး Happy meal မှာရင် အော်ဒါလက်ခံပြီးတာနဲ့ အချိန်မှတ်တဲ့ ခလုပ်လေးတစ်ခုနှိပ်လိုက်ပါတယ်။ တစ်မိနစ်အတွင်း မှာထားတာမရရင် ငွေပြန်အမ်းမယ်ဆိုတဲ့ ကြော်ငြာနဲ့ လုပ်နေကြတာပါ။ ကလေးတွေပြုံးပြုံး ပြုံပြုံးနဲ့ မြန်မြန်သွက်သွက် လုပ်နေကြတာ။ တကယ့်ကို တစ်မိနစ်အတွင်းရပါတယ်။ အော်ကလန်လဲရောက်ရော မမလေးက မက်ဒေါ်နယ်တွေ့တော့ လက်ညှိုးထိုးတော့တာပေါ့။ သားအမိသားအဖတွေဝင်သွားပြီး မှာလိုက်တာ Happy meal လေး တစ်ဗူးရဖို့ ဆယ်မိနစ်နီးပါး စောင့်လိုက်ရတယ်။ စောင့်နေရင်း သမီးက ဘာဖြစ်လို့လဲလို့ မေးတော့ ပိုကောင်းမှာမို့လို့ ထင်ပါရဲ့ သမီးရယ်လို့ ဖြေရတယ်။ ရလာတော့ တူတူပါပဲလို့ သမီးက ကောက်ချက်ချတယ်။ အဲဒီနောက် ပိုင်းမှာ ကစားစရာနေရာကောင်းကောင်းပါတဲ့ မက်ဒေါ်နယ်ဆိုင်ပဲ ဝင်ဖြစ်တော့တယ်။ သူကစားနေတော့ စားစရာ မှာထားတာ မေ့သွားရော၊ ကစားလို့လဲဝရော စားစရာလဲရရော အတော်ပဲပေါ့။ အဲဒီလို စံချိန်တင်ထားတဲ့ဆိုင်တွေမှာ ပုံမှန်ထက်ပိုကြာအောင် စောင့်ရမယ်ဆိုတော့ကာ...... ကိုယ့်ကလေးတွေ မက်ဒေါ်နယ်စားတဲ့ အရွယ်မဟုတ်တော့တာ တော်တော်ဝမ်းသာပါတယ်။

ကိုယ်တို့ ဘူပေါင်းလေးကတော့ အရင်အတိုင်းပါပဲ။ သိပ်အပြောင်းအလဲ မရှိလှပါဘူး။ သမီးက ၁၁ တန်းဆိုတော့ ကျောင်းမဖွင့်သေးဘူး။ ကိုယ့်ကျောင်းကလဲ မဖွင့်သေးဘူး။ ပြီးခဲ့တဲ့ အပတ်ကလို အိမ်ကပဲ စာလှမ်းသင်၊ အစည်းအဝေးတက်၊ အလုပ်လုပ်ရမယ်။ ဒီတော့ သားလဲ ကျောင်းမသွားပဲ အိမ်ကပဲ ကျောင်းစာလုပ်လို့ရမယ်။ အဖေကတော့ ထုံးစံအတိုင်းသွားရမယ်။ ကိုယ်တို့ အပြင်စာလဲ သိပ်မစား အပြင်လဲသိပ်မသွားတော့ ဘာမှ ထွေထွေထူးထူး မရှိလှပါဘူး။ တစ်ခုပဲ၊ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းပို့လို့ရသွားတာတော့ ဝမ်းသာပါတယ်။

ဒီနေ့အထိ နယူးဇီလန်မှာ ကိုးဗစ်နဲ့ဆုံးတဲ့သူ ၁၉ ယောက်ရှိသွားပါပြီ။ ဒီနေ့ ထပ်ကူးတဲ့သူက ၁ ယောက်ပဲရှိပြီး ခုချိန်ထိ ရောဂါကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပြန်နေကောင်းသွားပြီလို့ ပြောပါတယ်။ ဆေးရုံတက်နေရတဲ့သူ ၇ ယောက်ရှိပြီး ၁ ယောက်ပဲ အထူးကြပ်မတ် ကုသဆောင်မှာ ရှိနေပါတယ်။ အရေအတွက်တွေကျလာလို့ဆိုပြီး မပေါ့ကြဖို့ အစိုးရက သတိပေးထားပါတယ်။ လူတွေ အလုပ်ပြန်သွားရင် အပြင်ပြန်ထွက်ရင် ဘယ် လိုဖြစ်လာမလဲဆိုတာ အထူးသတိထား စောင့်ကြည့်မယ်လို့လဲ ပြောပါတယ်။  မလိုတဲ့ လမ်းတွေ မထွက်ကြဖို့ မလိုအပ်တာတွေ မလုပ်ကြဖို့ လုပ်ရင် တားဖို့ ရဲအရာရှိတွေကိုလဲ အသင့်ပြင်ထားကြောင်းပြောပါတယ်။
နက်ဖန်သတင်းတော့ ကြည့်လို့ကောင်းမယ်။ ကိုယ်စာရေးချိန်ရလောက်ပါရဲ့။
                             
Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
8:16 p.m. 27.04.2020 Monday