Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၅


www.newstalkzb.co.nz
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၅
ခင်လေး (Aotearoa)

(မိုးမခ) ဧပြီ ၂ ရက်၊ ၂၀၂၀


အဋ္ဌမ

ဒီကနေ့အတွက် သတင်းထူးကတော့ နယူးဇီလန်ရဲ့ အကြီးဆုံး Bauer မဂ္ဂဇင်းကုမ္ပဏီကြီးပိတ်လိုက်တဲ့ သတင်းပါပဲ။ သူက မဂ္ဂဇင်း ၆ ောင်လောက်ကို အပတ်စဥ်ထုတ်နေတာပါ။ ကိုးဗစ် အဆင့်လေးရဲ့ လိုအပ်ချက်အရ မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းတွေထဲမှာ မပါတဲ့အတွက် မဂ္ဂဇင်း ထုတ်ခွင့် ရပ်ထားရတဲ့ အချိန်မှာ ပိတ်လိုက်တာပါ။ ဝန်ထမ်း ၂ရာကျော် အလုပ်ပြုတ်သွားပါတယ်။ အစိုးရက ဘယ်လို ကူရမလဲလို့ လှမ်းမေးပေမယ့် သူတို့က လက်မခံပဲ ပိတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာပါလို့ သတင်းတွေက ပြောကြပါတယ်။ အရင်ထဲက တဲတဲပဲ ကျန်တော့တာလို့လဲ ပြောလို့ရပါလိမ့်မယ်။ လူအတော်များများဟာ အွန်လိုင်းပေါ်မှာပဲ စာဖတ်ကြတော့တာများတော့ မဂ္ဂဇင်းနဲ့ စာအုပ်ထုတ်ဝေသူတွေ အဆင်မပြေကြတော့တာ အတော်ကြာနေပြီပဲ။ Bauer ရဲ့ အယ်ဒီတာဟောင်း တစ်ယောက်ကတော့ နယူးဇီလန်ရဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်း ကမ္ဘာပျက်တာပဲလို့ ပြောပါတယ်။


သူသုံးသွားတဲ့ စကားလုံးလေးက APOCALYPSE တဲ့။ ကိုယ်လန့်သွားပါတယ်။ ဒီစကားလုံးကို ရုပ်ရှင်တွေဆီက ကလေးတွေရပါတယ်။ ကိုယ့်ကလေးတွေသူတို့ ဂိမ်းတွေအကြောင်းပြောရင် အမြဲကြားနေရပါတယ်။ Si-fi သိပ္ပံ ဇာတ်လမ်းအတော်များများမှာလည်း သုံးကြပါတယ်။ ခုတော့ တကယ်လက်တွေ့ ဖြစ်လာပါပြီ။ ဖွားဖွားပြောတဲ့ ဟဲ့ကလေးတွေ နမိတ်မရှိ နမာမရှိတွေ မပြောကြနဲ့ဆိုတာ ဒါပဲပေါ့။  ရန်ကုန်မှာ အရေးအခင်းတွေ မဖြစ်ခင် တစ်နှစ် နှစ်နှစ်လောက်ကလည်း “တိုင်းပြည်ပျက်တယ်” ဆိုတဲ့စကားကို ကိုယ်တို့ ရေလဲသုံးကြတာ မှတ်မိသေးတယ်။ တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ် ဆိုတာလဲ တိုက်ဆိုင်မှုလို့ ပြောလို့ ရနိုင်မယ် ထင်တယ်နော်။

နောက်စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကတော့ ကိုယ်တို့တွေ ရေလျှော့သုံးရမယ့် ကိစ္စပါ။ လူတွေအိမ်မှာနေပြီး လက်တွေမကြာမကြာဆေးကြ၊ မိုးက ရွာသင့်သလောက်မရွာ၊ တနွေလုံးလဲ မိုးခေါင်ခဲ့တော့ အော်ကလန်နေ လူထုအတွက် ရေပေးတဲ့ကန်တွေမှာ ခါတိုင်းနှစ် ဒီအချိန်မှာ ရှိတဲ့ ရေထက် နဲနေလို့  ကားတွေ အိမ်တွေကို ရေမဆေးကြဖို့ အော်ကလန်မြို့ ကောင်စီက သတိပေးထားပါတယ်။ တော်သေးတာပေါ့ ပန်းပင်ရေလောင်းလို့ရလို့။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဆို ပန်းပင်ပါ ရေမလောင်းရဘူး။ အဲဒီလို အချိန်ဆို ရန်ကုန်အိမ်က ရေတွင်းလေးကို သိပ်သတိရတာ။ ဆောင်းတွင်းမနက်ခပ်လိုက်ရင် အငွေ့ တထောင်းထောင်းနဲ့ တက်လာတဲ့ ရေပုံးလေးထဲက ရေနွေးနွေးလေးကို မျက်နှာ အပ်လိုက်ရင် နှာခေါင်းပိတ်တာတွေပွင့်၊ အိပ်ချင်တာတွေပျောက်ပြီး လန်းဆန်းလာသလို နွေဘယ်လောက်ပဲပူပူ အေးစိမ့်နေတဲ့ ရေလေးတွေ အမြဲတက်လာတတ်တာ။ ခပ်နိုင်သမျှ သုံးပေါ့။ ခုတော့ အဝီစိတွင်းလေး ဖြစ်နေပြီ။ ရေတင်လိုက်ရင် ကန်ထဲရောက်သွားတော့ နွေးချင်ရင် စက်ဖွင့်ပေါ့။ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကိုယ်ပြန်တုန်းက ရေကောင်းကောင်းရသေးတယ်။
နယူးဇီလန်ကရေတွေ ဗူးထဲ ထည့်ရောင်းရင် စျေးကောင်းရတော့ ကုမ္ပဏီ အတော်များများဟာ မြေအောက်ရေတွေကို ဗူးသွင်းပြီး နိုင်ငံခြားပို့ကြတယ်။ ဒေသခံတွေက မကြိုက်။ စဥ်းစားကြည့်လေ၊ ထွက်သွားတဲ့ ရေလွှာနေရာမှာ ဘာက အစားဝင်မလဲ။ အပေါ်က မိုးရွာတဲ့ရေကပြန်ဝင်ရအောင်ကလဲ မြေကြီးပေါ်က အုပ်ထားတဲ့ ကွန်ကရစ်တွေ ကတ္တရာတွေနဲ့။ ပုံမှန်ထက်နှေးနေမှာပေါ့။ နောက်တစ်ခုက အဲဒီနေရာမှာ ထုတ်ပြီး အဲဒီမှာပဲ သုံးရင် တနည်းနည်းနဲ့ အငွေ့ပျံ တိမ်ဖြစ်ပြီး ပြန်ကျလာကိန်းရှိသေးတယ်။ ခုတော့ ကမ္ဘာအနှံ့ကို ရောက်သွားတာ။ မိုး တဖြေးဖြေးခေါင်လာတာ မဆန်းပါဘူး။ သစ်ပင် စိုက်ပြီး တတ်နိုင်သမျှ ထိန်းဖို့ပဲ ရှိတော့တာပေါ့။

 ခင်လေး (Aotearoa)

11:13 p.m. 02.04.2020 Thursday