ညိုထက်ညို - ကျွန်တော့်နာမည် 'ကိုဗစ်'
Credit- Google.com |
ကျွန်တော့်နာမည် 'ကိုဗစ်'
ညိုထက်ညို
(မိုးမခ) ဧပြီ ၃၊ ၂၀၂၀
အဲဒီနေ့ မနက် ကိုးနာရီခွဲလောက်မှာ ကိုဦး ဆီက
ဖုန်းဝင်လာတယ်။
သူ့ကား မော်တာလား ကာဗွန်လား ဟိုဟာလား ဒီဟာလား
ကြွသွားလို့ ကားစက်နှိုးလို့ မရတော့ပါတဲ့။
ဆယ်နာရီလောက်ကျတော့ အိမ်တံခါးကိုခေါက်ပြီး
ကိုဦး လူကိုယ်တိုင်ပါ ရောက်လာတယ်။
သူ့ကားအခြေအနေ ဘယ်လိုလဲလို့ ကျွန်တော်ဆီးမေးတော့
သူ့ သူငယ်ချင်းတစ်ယောက်ကို ကားဆွဲခိုင်းပြီး ခု မြယာကုန်း ညဈေး ရှေ့ ၁၂၂ လမ်း ထိပ်နားက
wiring ဆိုင်ကို ရောက်နေပြီ လို့ ပြောတယ်။
ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမှာလဲ။
ဒါနဲ့ပဲ အိမ်ထဲဝင်ပြီး အိတ်ထဲက mask တစ်ခုကိုထုတ်ပြီး ကျွန်တော် ကိုဦးနဲ့ အပြင်ထွက်ခဲ့ရတယ်။
....................... ....................
......................
တိုက်အောက်ကိုရောက်တာနဲ့ လိုရမယ်ရ ကျွန်တော်
mask ကို တပ်လိုက်ရတယ်။
ကိုဦးကတော့ ထုံးစံအတိုင်း မျက်နှာဖုံးတပ်မထားတဲ့
မျက်နှာဗလာနဲ့ပဲ ကျွန်တော့်ဘေးက ပါလာတယ်။
လမ်းထဲဖြတ်လျှောက်လာတော့ လမ်းထဲက အသိအကျွမ်းတချို့ကို မျက်နှာချင်းဆိုင်က လမ်းလျှောက်လာနေကြတာ တွေ့တယ်။
တချို့လည်း mask လေးတွေ တပ်ထားကြတယ်၊ တချို့လည်း
ဒီတိုင်းပဲ မျက်နှာဗလာနဲ့။
တကယ်က ကျွန်တော်လည်း အပြင်ထွက်ရင် mask တပ်လေ့တပ်ထမရှိတဲ့အထဲ ပါတယ် ပြောရမယ်။
ပါဆို ကိုယ်သွားဖြစ်တဲ့နေရာကလည်း ဟိုနားဒီနား
ဒီရက်ပိုင်းတွေမှာ ဆယ့်ငါးမိနစ် နာရီဝက်လောက် ဖြစ်နေတာလည်း ပါတယ်။
ဒီနေ့တော့လည်း လူကြားသူကြားထဲ သွားရတော့မယ်ဆိုတဲ့
အသိနဲ့ပဲ ကျွန်တော် mask တပ်လာမိတယ်။
အဲဒီမှာစဉ်းစားနေရင်းနဲ့ပဲ ကိုဦးနဲ့ကျွန်တော်
စကားတပြောပြောနဲ့ မဟာဗန္ဓုလလမ်းထိပ်ကိုရောက်လာတယ်။
ပြီးတော့ ၃၈ လမ်းထိပ်မှာရပ်ထားတဲ့ လွန်ခဲ့တဲ့
တစ်နာရီ လောက်ကပဲ ကျွန်တော့်ကို ပြန်အပ်သွားတဲ့ ကျွန်တော့် တက္ကစီတစ်စင်း နဲ့ ကိုဦး
နဲ့ ကျွန်တော် ထွက်ခဲ့တယ်။
.............................
....................... .........................
ကားအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဧပြီလ ရဲ့
လမ်းမတွေက နေပူကြီးထဲမှာ အငွေ့တွေတချောင်း ချောင်း ထနေလားတောင်မှတ်ရတယ်။
အင်း.... ရန်ကုန်တစ်မြို့လုံးကော၊ မြန်မာတစ်ပြည်လုံးပါ
လုပ်ငန်းကိုင်ငန်းတွေ ဇောက်ထိုးပါကျသွားတာ ဆယ့်လေးငါးရက်တောင် ရှိခဲ့ပြီပဲ။
တရားခံကတော့ 'ကိုဗစ်' တဲ့ .... လွန်ခဲ့တဲ့ သုံးလေးလကစပြီး တရုတ်ပြည်က တစ်ဆင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာလိုက်တာ အခု ကျွန်တော်တို့
မြန်မာပြည်မှာပါ စတင်ပျံ့နှံ့လာပြီဖြစ်တဲ့ ကူးစက်မြန်တုပ်ကွေးအဆုပ်ယောင် ရောဂါ
'ကိုဗစ်' တဲ့ ....
တစ်ကမ္ဘာလုံးအနေနဲ့ဆို သေလိုက်တဲ့ လူတွေလည်း
သုံးလေးသောင်း တောင် ရှိနေပြီတဲ့....
ကူးစက်ခံရတဲ့လူတွေလည်း သုံးလေးသိန်းကို ရှိနေပြီတဲ့....
အဲဒီမှာပဲ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ရုပ်ရှင်ရုံတွေပိတ် ဆိုင်တွေပိတ် လူစုလူဝေးတွေပိတ် ဈေးတွေပိတ် နဲ့ လူတွေအပြင်မထွက် ကြတော့တာနဲ့တင် အဲဒီလူတွေကို မှီခိုနေရတဲ့ လုပ်ငန်းတွေ ချက်ချင်းကျသွားတာ ရပ်ဆိုင်းသွားတာ
ဘာဆန်းလဲ။
အဲဒီအထဲ ကျွန်တော်တို့လို ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း လုပ်နေတဲ့သူတွေလည်း ပါတယ်။
အခုဆိုရင် ကျွန်တော်တို့မှာ အသက်ကိုမျှင်းမျှင်းလေးရှူနေရတဲ့ အနေအထားမှာပဲ ကျန်တော့တယ်။
နောက်တစ်ဆင့်ဆိုရင်တော့ အသက်ရှူရပ်သွားဖို့ပဲ
ရှိတော့တယ်။
ကျွန်တော် တွေးနေရင်းနဲ့ ကားမောင်းလာတဲ့ ကိုဦးနဲ့ တစ်ချက်တစ်ချက် စကားလှမ်းပြောပြီး ကားပေါ် ပါလာတယ်။
အဲဒီမှာပဲ သိမ်ဖြူလမ်း နဲ့ ဗန္ဓုလလမ်းထောင့်
အရောက်လောက်မှာ မတပ်စဖူး mask တပ်ထားတဲ့ လူက မွန်းလာတယ်။
သိမ်ဖြူလမ်း နဲ့ အနော်ရထာလမ်း ထောင့် ကို ရောက်တော့
နှာခေါင်းက ယားလာတယ်။
သိမ်ဖြူကုန်း ပေါ်တက်တော့ နားရွက်နားက ကျလိကျလိ
ဖြစ်လာတယ်။
ဗိုလ်မင်းရောင်လမ်းဆုံ ကို ရောက်တော့ နားထင် တစ်ဖက်တစ်ချက်က
ချွေး တွေ ပါးပေါ် ကျလာတယ်။
တပြိုင်နက်တည်း မျက်လုံးထဲကို ချွေးတစ်စက် က ဖျတ်ဆို
ဝင်သွားတယ်။
အဲဒီမှာပဲ ကျွန်တော့် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး
တပ်ထားတဲ့ mask ကို ဆွဲဖြုတ်လိုက်ရတယ်။
............................
........................ .............................
မြယာကုန်း ညဈေး ရှေ့ကို ရောက်တော့ ရှော့ဘား လုပ်တဲ့
ဆိုင် ရှေ့မှာ ရပ်နေတဲ့ မွတ်တား ကို ကျွန်တော် ကားပေါ်ကနေ လှမ်းတွေ့တယ်။
သူ့ဘေးအကျော် ခပ်လှမ်းလှမ်းကို လှမ်းကြည့်တော့
ဝပ်ရှော့ဆရာ ကိုဌေးအောင်ကြီး ဆေးလိပ်တဖွာဖွာ နဲ့ မုတ်ဆိတ်တစ်ယောက် နဲ့ စကားပြောနေတာ
တွေ့တယ်။
အဲဒီမှာပဲ ကိုဦး က ကားကို ဂငယ်ကွေ့ ပြန်ကွေ့ပြီး
တိုက်တစ်တိုက် ရဲ့ မြေညီထပ် ကို ခေါင်းတည်ပြီး ထိုးထားတဲ့ သူ့ကား နောက်မှာ ကျွန်တော်တို့
ကားကို ရပ်လိုက်တယ်။
...........................
...................... .......................
ကျွန်တော်တို့ နှစ်ယောက် အောက်ကို ဆင်းလိုက်တာနဲ့
ကွမ်းယာဆိုင် တစ်ဆိုင် ရှေ့ကို ရောက်သွားတယ်။
မြို့ထဲတဝိုက် ကျွန်တော်နေတဲ့ ၃၇လမ်းနား မှာတော့
လမ်းထိပ် က ကွမ်းယာသည် တွေ လမ်းထဲ ဝင်ပြီး ခိုးကြောင်ခိုးဝှက် ကွမ်းရောင်းနေရတယ်။
ဒီမှာတော့ ပေါ်တင်ပါပဲ။
အဲဒီမှာပဲ ကွမ်းယာဆိုင်ဘေး မှာ ရပ်နေတဲ့ လူသုံးလေးယောက်
ထဲက မာမူကြီး တစ်ယောက် က ကိုဦး ကို လက်ဆွဲပြီး လှမ်းနှုတ်ဆက်တယ်။
ကိုဗစ် ကူးစက်မှုကို ကာကွယ်ဖို့ လူတစ်ယောက် နဲ့
တစ်ယောက် အနည်းဆုံး သုံးပေတော့ ခွာထားရမယ် ဆိုတဲ့ သတိပေးချက် က ကျွန်တော့် ခေါင်းထဲ
ရောက်လာတယ်။
အဲဒီမှာပဲ မာမူကြီးဘေး မှာ ရပ်နေတဲ့ မျက်နှာ ပြည်တည်တည်
နဲ့ မိန်းမ တစ်ယောက် က ဘာတွေလဲ မသိ သဘောကျပြီး တဟားဟား နဲ့ ရယ်နေတယ်။
အဲဒီမှာပဲ တိုက်ရှေ့ မြေညီထပ် ဘေး လှေကားခွင်
အခန်းကျဉ်း ကလေး ထဲက လူငယ်တစ်ယောက် ထွက်လာပြီး ကိုဦး ကို
'ရပြီ ဆရာရေ၊ အားလုံး ပြီးသွားပြီ'
ဆိုပြီး လှမ်းပြောတယ်။
အဲဒီမှာပဲ ကိုဦး နဲ့ ကျွန်တော် အဲဒီ ချာတိတ် နား
ကို ရောက်သွားတယ်။
......................
...................... ........................
ဆင်ခရိုနိုက်ဇာ ဆိုလား ဘာဆိုလား စတာတာမော်တာ ထဲက
အစိတ်အပိုင်း တစ်ခု လဲလိုက်ရပါသတဲ့။
ကျွန်တော့် လက်ထဲကို ချာတိတ် လက်ထဲက ထုလုံးရှည်
လို ခပ်ဆင်ဆင် သံချေးကိုက် နေတဲ့ သုံးလက်မ လောက် ရှည်တဲ့ အစိတ်အပိုင်း တစ်ခု ရောက်လာတယ်။
ဘယ်လောက်ကျလဲ လို့ မေးကြည့်တော့ နှစ်သောင်း တောင်
ကျပါသတဲ့။
ကာဗွန်တိုနေတာပါ လုပ်ပေးလိုက်ရလို့ပါတဲ့။
အဲဒီမှာပဲ ကိုဦး က ကားစက်ဖုံး ကို ဖွင့်ကြည့်ပြီး
ကားစက်ကို သွားနှိုးကြည့်နေတယ်။
အခုတော့လည်း ဒေါက်ဝှီး ပါပဲ။
ဝှီးလည်း ဝှီးရပေမပေါ့ နှစ်သောင်းတောင် ကုန်သွားပြီးမှပဲ....
အဲဒီမှာပဲ ကိုဦး နဲ့ ကျွန်တော် ချာတိတ် နဲ့အတူ
လှေကားခွင်ဘေး က အခန်းကျဉ်းကျဉ်း ကလေး ထဲ ဝင်ခဲ့တယ်။
....................... .................
..................
ဒိုင်နမို တွေ မော်တာတွေ ပန်ကာတွေ ဝါယာကြိုး အတိုအစတွေ
နဲ့ ပြည့်နှက်နေတဲ့ အခန်းကျဉ်းကျဉ်း ကလေး ထဲမှာ ကျွန်တော်တို့ သုံးယောက် ဝင်လိုက်တာနဲ့
နောက်ထပ် လူတစ်ယောက်မှ ထပ်ထည့်လို့ မရအောင်ကို ပြည့်သွားတယ်။
အဲဒီမှာပဲ ချာတိတ် က ဘောက်ချာရေးဖို့ လုပ်တယ်။
ဘယ်လောက်ကျလဲ လို့ ကျွန်တော် ထပ်မေးကြည့်တော့
နှစ်သောင်းကျတယ်လေ အစ်ကို တဲ့ ....
'ဟားးး အဲဒီလောက်တော့ မလုပ်နဲ့လေကွာ၊ တို့ ဒီမှာ
ကားဘယ်လိုမှ ဆွဲလို့ မရအောင်ကို ဖြစ်နေတာ၊ လျှော့ပါဦးဟ၊ တစ်သောင်းခွဲလောက်ပဲ လုပ်ပါ'
လို့ ကျွန်တော် ချက်ချင်း ချာတိတ်ကို ပြန်ပြောရတယ်။
အဲဒီမှာပဲ ဘောက်ချာရေးနေတဲ့ ချာတိတ်ဆီက
'မရလို့ပါ အစ်ကို တကယ် မရလို့ပါ'
ဆိုတဲ့ အသံ ပြန်ထွက်လာတယ်...
အဲဒီမှာပဲ ကျွန်တော် ပိုက်ဆံအိတ်ကို ဖွင့်ရင်း
'ကဲကဲ ဒီလိုလုပ် နှစ်ထောင်တော့ လျှော့လိုက် ဟုတ်လား၊
ဒီမှာ ကြည့်ကြည့်၊ ငါးထောင်တန် အသစ်ကလေး တွေမှ လှကလှနဲ့ ထောင်တန် အသစ်ကလေး တစ်ရွက်လည်း
ပါသေးတယ်'
ဆိုပြီး ပြောပြောဆိုဆို ငါးထောင်တန် သုံးရွက်
နဲ့ ရာတန်တွေ နှစ်ရာတန် တွေနဲ့ ရောထွေးလုံးကပ် နေတဲ့ ထောင်တန်သုံးရွက် ကို ရှာဖွေပြီး
ချာတိတ်ရှေ့ကို ချပေးရတယ်။
အဲဒီမှာပဲ ချာတိတ်ဆီက အဲဒါဆိုရင်တော့ ဆရာ့ကို
ပြောမှရမယ် ဆိုပြီး အသံ ပြန်ထွက်လာတယ်။
အဲဒီမှာပဲ ကိုဦး က ကဲကွာ ဒါဆိုလည်း မင်းဆရာဆီ
ဖုန်းဆက်လိုက် ဆိုပြီး ဝင်ပြောတာနဲ့ ချာတိတ် သူ့ဆရာဆီ ဖုန်းဆက်ဖို့ လုပ်တယ်။
အဲဒီမှာပဲ မုတ်ဆိတ် ရွှေရောင် နဲ့ မာမူတစ်ယောက်
အခန်းထဲကို ဝင်လာတယ်။
အဲဒီမှာပဲ အခန်းထဲမှာ လူလေးယောက် နေဖို့ ဘယ်လိုမှ
မဖြစ်တော့လို့ ကျွန်တော် နဲ့ ကိုဦး အခန်းဝ ကို ပြန်ထွက်လိုက်ရတယ်။
........................
................... ....................
ကျွန်တော် နဲ့ ကိုဦး ကြားမှာ ခြောက်လက်မ လောက်တော့
ကွာမယ်၊ ကိုဦး နဲ့ ဝင်လာတဲ့ မာမူ ကြားမှာ သုံးလေးလက်မ လောက်တော့ ကွာမယ်....
အဲဒီလို အနေအထားမှာ ကိုဦး က ကျွန်တော် နဲ့ မာမူ
ကို မိတ်လှမ်းဆက်ပေးတယ်။
ဒီကားတစ်စင်းတည်း မဟုတ်ပါကြောင်း.....
နောက်ထပ် နောက်ထပ် ကားအစင်း နှစ်ဆယ်ကျော် အစိတ်လည်း
နောက် ဒီကိုပဲ လွှတ်ဖို့ ရည်ရွယ်ထားပါကြောင်း....
အပ်ကြောင်းထပ် နေတဲ့ ကိုဦး ရဲ့ စကားသံ အဆုံးမှာ
မာမူ့ ရဲ့ ဖုန်းနံပါတ် ကို ကျွန်တော်မေးပြီး ကျွန်တော့် ဖုန်းနံပါတ် ကိုပါ သိအောင်
တစ်ခါတည်း ခေါ်လိုက်ရတယ်။
ပြီးတာနဲ့ ကိုဦး နဲ့ ကျွန်တော် အပြင်ဘက်က နွေမီးတောက်မီးလျှံ
ကြီး ထဲကို ပြန် ခုန်ဆင်းခဲ့တယ်။
........................... ....................
.......................
အပြင်ကို ပြန်ရောက်တော့ စောစောက ဖြတ်အလာမှာ တွေ့ခဲ့တဲ့
ပြည်တည်တည် နဲ့ မိန်းမ က ဘေးနားက မုတ်ဆိတ် ရဲ့ တင်ပါးတစ်ခြမ်း ကို လက် နဲ့ ဖြစ်ညှစ်
နေတာ ကျွန်တော် နောက်ကနေ လှမ်းမြင်နေရတယ်။
ဒုက္ခပါပဲ၊ ဘယ်လို ကမ္ဘာကြီး ထဲမှာ ကျွန်တော်
ရောက်နေပါသလဲ....
လွန်ခဲ့တဲ့ နှစ်ပတ် လောက်တုန်းကပဲ ကမ္ဘာပေါ်မှာ
လှပါပေ့ ဆိုတဲ့ ဟိုး ကမ္ဘာ့ အစွန်အဖျား က နယူးဇီလန် ဆိုတဲ့ ကျွန်းကလေး ပေါ်မှာ ကျွန်တော်ဟာ
ရယ်ရယ်မောမော ရှိနေခဲ့ပါသေးတယ်။
နှစ်ပတ် လောက်အကြာ အခုကျတော့ မီးလို ပူနေတဲ့ နွေခေါင်ခေါင်ကြီး
ထဲက ရန်ကုန်မြို့ ရဲ့ တစ်နေရာမှာ ကျွန်တော် ရောက်နေရတယ်။
အခု ကျွန်တော် ရောက်နေတဲ့ နေရာမှာ လူတစ်ယောက်ဟာ
တစ်နေကုန် သေလောက်အောင် လုပ်ပါမှ နယူးဇီလန် မှာ ဆယ့်ငါးမိနစ် လောက်ပဲ လုပ်ရတဲ့ အနိမ့်ဆုံး
လုပ်ခ ကို ရတယ်။
သိန်း ၁၆၀ ၁၇၀ တန် ကားတစ်စင်း ကို အရင်းတည်ထားတဲ့
ကျွန်တော့်အတွက် အကျိုးအမြတ် ဆိုလို့ တစ်ရက်မှာ နယူးဇီလန်ဒေါ်လာ ခုနစ်ဒေါ်လာ လောက်ရတယ်။
မောင်းတဲ့ ကိုဦး အတွက်လည်း ဘာထူးလဲ၊ ထိုနည်းလည်းကောင်းပဲ
လို့ ပြောရမယ်။
ဒီငွေလေး ခုနစ်ဒေါ်လာ လောက်အတွက် ရုံးတွေသွားရ၊
ကန္နားတွေ သွားရ၊ ဟိုလူ့ ဆရာခေါ်ရ၊ ဒီလူ့ ဆရာခေါ်ရ၊ ရန်တွေ ထဖြစ်ရ၊ ပလီစိ ချောက်ချက်
တွေ ပြောရ၊ နေပူကြီးထဲ ကွင်းပြင်ကြီး တွေ ထဲမှာ လူရာဂဏန်း တိုးဝှေ့ပြီး လိုင်စင်ဝင်ဖို့
လုပ်ရ၊ မောင်းတဲ့ သူ တွေ အတွက်လည်း ယာဉ် မတော်တဆ မှု မဖြစ်ဖို့ ဘဝ နဲ့ပါ ရင်းပြီး လောင်းကြေးထပ်ရ၊
မတော်လို့ လူများ တိုက်မိရင် ထောင်ထဲပါ ဝင်ရ၊ ထွက်ပါပြေးရ၊ ဒုက္ခတွေမှ ငရဲတမျှ ပါပဲ။
ရာသီဥတု တွေလည်းကွာ၊ ဘဝတွေလည်း ကွာ၊ လူတွေလည်းကွာ၊
နောက်ဆုံး ခွေးတွေလည်းကွာ၊ ကျွန်တော် ဆက်မတွေးချင် တော့လောက်အောင်ကို ကျွန်တော်တို့
မြန်မာပြည် နဲ့ ကမ္ဘာကြီး ဟာ ကွာချင်တိုင်းကို ကွာလွန်းတယ်။
အဲဒီလို ကွာနေရတဲ့ အထဲ လောလောလတ်လတ် ကမ္ဘာကို
ကပ်ဆိုက်နေတဲ့ 'ကိုဗစ်' နဲ့မှ ကျွန်တော်တို့ လာတိုးနေရတယ်....
ဘာတဲ့၊ ကိုဗစ် ကူးစက်မှု ကို ကာကွယ်ဖို့ လူတစ်ယောက်
နဲ့ တစ်ယောက် သုံးပေလောက်တော့ ကွာရမတဲ့၊ လက်တွေ့ ကျွန်တော် တွေ့နေရတာကတော့ ကျွန်တော်တို့
လူဦးရေ ဆယ်သန်းလောက် နေနေကြတဲ့ ရန်ကုန်မြို့ ပေါ်မှာ လူတွေဟာ တစ်ယောက် နဲ့ တစ်ယောက်
တစ်ပေလောက် အကွာကနေ သိုးကာသီကာ တိုးကာဝှေ့ကာ သွားလာနေရတယ်။
တချို့ နေရာ တွေမှာဆို သူ့ဖာသာသူ ရောဂါ ကူးကာမှ
ကူးရော၊ ကျောချင်းကပ် ရင်ချင်းအပ်ပဲ....
ဒါကိုမှ မကျေနပ်ရင် လူတွေကို ခုလို လတ်တလော ကပ်ရောဂါ
ဆိုက်ရောက်နေတဲ့ အချိန်မှာ အိမ်ထဲက အိမ်ပြင်ပါ မထွက်ခိုင်းတော့ပဲ အိမ်မှာပဲ တစ်လလောက်
လစာမပျက် ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ နဲ့ အေးအေးဆေးဆေး နားနားနေနေ အနားယူဖို့
စီမံပေးနိုင်လောက်အောင် ချမ်းသာတဲ့ နယူးဇီလန် သွားနေပဲ။
ကျွန်တော် ရှေ့ကို လှမ်းကြည့်လိုက်တော့ ဟိုနားလည်း
မုတ်ဆိတ် ဒီနားလည်း မုတ်ဆိတ် နဲ့ မုတ်ဆိတ် တို့ ကြီးစိုးရာ မြေမှာ ဘာ mask မှ တပ်မထားတဲ့
မုတ်ဆိတ် တွေ ဥဒဟို သွားလာနေကြတယ်။
ဒီလိုပါပဲ၊ ဒီလောက် ချွေးတွေ တဒီးဒီး နဲ့ ကျွန်တော်
ကိုယ်တိုင်လည်း ဘာထူးလဲ၊ ခုနက ချွတ်လိုက်မိတဲ့ mask ကလေး ကို ချွေးတွေ နဲ့ စိုထန်းနေတဲ့
လက်ထဲ ကိုင်ထားမိတယ်။
ဒီတိုင်း ဆိုရင်တော့ ဒီနယ်မြေ အတွက် အလ္လာအရှင်မြတ်
တစ်ပါး တည်း အားကိုးစရာ ကျန်တော့တယ်။
ကျွန်တော့်အတွက်လည်း ဗုဒ္ဓဘုရား ပဲ အားကိုးစရာ
ကျန်တော့တယ်။
ကျန်တဲ့ တခြား တခြား သော သူ တွေအတွက်လည်း ခရစ်တော်
တို့ ကရစ်ရှနား ဘုရားသခင် တို့ အစရှိသည် ရှိသည် ပဲ အားကိုးစရာ ရှိတော့တယ်။
နောက်ဆုံးတော့လည်း ဒီလိုပါပဲ.....
နောက်ဆုံးတော့လည်း ဒီလိုပါပဲ ။ ။
ညိုထက်ညို