Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၆

UNICEF တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၆
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၉၊ ၂၀၂၀

နဝမနေ့ 

ဒီနေ့တော့ ကျောင်းတကယ်ပိတ်ပစ်လိုက်တယ်။ ဘာကျောင်းအလုပ်မှ မလုပ်။ 

မနက်က လမ်းလျှောက်တော့ ပေါင်မုန့်ကုန်နေလို့ လမ်းက ကုန်စုံဆိုင်လေးမှာ ဝင်ဝယ်ရတယ်။ တစ်ခါဝင်တစ်ယောက်ဆိုတော့ အပြင်မှာ တန်းစီပြီးစောင့်နေရတယ်။ ၃ ယောက်လောက်ပဲ စောင့်ရပါတယ်။ ၃ လုံးပဲ ကျန်တော့တယ်လို့ ပြောတယ်။ မနက်စာ အတွက်လေ။ သားက ပေါင်မုန့်မီးကင်နဲ့ ကြက်ဥမွှေကြော်စားချင်တယ်ဆိုလို့ လုံး ပန်းနေကြတာ။ ဒီနေ့လမ်းလျှောက်တော့ ကားလမ်းပေါ်မှာ ကားတွေပိုများနေသလိုပဲ။ လူတွေအိမ်မှာ မနေကြဘူးလား။ အတူမနေကြတဲ့ အဖေနဲ့အမေတွေများနေလို့လား။ ဒီမှာ လင်မယားကွဲကြရင် ကလေးတွေက အဖေအိမ်တလှည့်၊ အမေအိမ်တလှည့် နေကြရရှာတယ်။ lockdown အချိန်မှာ သူတို့ကို ပုံမှန်အတိုင်းပဲပေးသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလောက်များစရာ အကြောင်းမရှိပါဘူး။ စည်းကမ်းမလိုက်နာကြသူတွေများနေလို့လား။ သောကြာနေ့မို့လို့လား။ ပုံမှန်သောကြာနေ့ဆို မြို့ထဲကလူတွေ မြို့ပြင်ထွက်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တာက လုံဖို့ အရေးကြီးပါတယ်။ 

ဒီနေ့ညနေသတင်းမှာ ပုလိပ်မင်းကြီး အသစ်ခန့်တာ တွေ့လိုက်တယ်။ နယူးဇီလန်ရဲ့သမိုင်းမှာ အငယ်ဆုံးတဲ့။ မုတ်ဆိတ်မွှေးတွေ ပါးသိုင်းမွှေးတွေနဲ့။ ပြီးတော့ ပြောလိုက်သေး၊ ရဲတပ်ဖွဲ့ဝင်တွေအားလုံး မုတ်ဆိတ်ရိပ်ရမယ်၊ နှာခေါင်းစည်းတပ်တာ ထိရောက်အောင်လို့တဲ့။ သူလဲ ဒီစနေ တနင်္ဂနွေမှာ ရိတ်မှာတဲ့။ သတင်းထောက်ကတော့ ပိုလှလာမယ်ထင်တယ်လို့ ပြောတယ်။ စောင့်ကြည့်ရသေးတာပေါ့။ 

နောက်ထပ်ကိုယ်စိတ်ဝင်စားတဲ့ သတင်းလေးတစ်ခုက အိမ်မှာ အားကစားလုပ်ကြတာတွေကို ဗွီဒီယိုတွေရိုက်ပြီး သတင်းခန်းကို ပို့၊ ကောင်းတာလေးတွေ ရယ်စရာလေးတွေရွေးထည့်တဲ့အပိုင်း။ အဲဒီအပိုင်းကိုကြည့်ရင် ကိုယ်သတိထားမိတာက ကလေးတွေကို အိမ်မှာ ရေကူးကန်လုပ်ပေးကြတယ်။ သေးသေးလေးမဟုတ်၊ ရေလီတာ ၄ သောင်းခွဲအထက် ဆန့်တယ်။ အဲဒီလိုကန်တွေရေဖြည့်ပြီး ဘယ်နှစ်ရက် သုံးကြမှာတုန်း။ ဟိုတနေ့က အော်ကလန် ရေပေးတဲ့ကန်တွေ ရေနည်းလာရခြင်း အကြောင်းရင်းထဲမှာ ဒါလဲပါမယ်ဆို စဉ်းစားမိတယ်။ မလိုအပ်တဲ့ ဖြုန်းတီးမှုတွေပေါ့။

သတင်းအပြီး သတင်းသုံသပ်ချက်အစီအစဉ်မှာ ဝန်ကြီးချုပ်ကို အင်တာဗျူးလုပ်တယ်။ နိုင်ငံရေးအကြောင်း။ 
ပြီးတော့ ၁ နှစ်မပြည့်သေးတဲ့ သူ့သမီးလေး potty training အိမ်သာတက် လေ့ကျင့်ခိုင်းနေတဲ့အကြောင်းမေးတယ်။ အဆင်မပြေသေးဘူးတဲ့။ 
ချစ်စရာကောင်းတာက သမီးအကြောင်းပြောနေတဲ့အချိန်မှာ ပြုံးနေတဲ့မျက်နှာ၊ ဘယ်လောက်ရာထူးကြီးတဲ့ အမေပဲဖြစ်ဖြစ် သူတို့ကလေးတွေအကြောင်းပြောရရင် ဝင်းပတဲ့မျက်နှာတွေနဲ့မမောကြပါဘူး။ ဒီနေ့အစီ အစဉ်အပြီးမှာ သုံးသွားတဲ့ဆောင်ပုဒ်လေး ကိုယ်ကြိုက်တယ်။ Stay home, save lives အိမ်မှာနေ၍ အသက်ကယ်ပါ တဲ့။

ဒဿမ၊ ဧကဒဿမ၊ ဒွါဒဿမ၊ တေရဿမ၊ စုဒဒဿမ (၁၀၊၁၁၊၁၂၊ ၁၃၊၁၄ ရက်မြောက်)နေ့ (ဖေဖေ့ကျေးဇူးပေါ့၊ ၂၈ အထိ မပူရတော့ဘူး)

ကိုးရက်မြောက်နေ့သတင်းအပြီးမှာ စိတ်ပညာရှင်တစ်ယောက်ရယ် မိသားစုအဆင် ပြေပြေနေနိုင်ဖို့ အကြံ ေပးတစ်ယောက်ရယ်၊ ဒီလိုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ အား နည်းမှုတွေ အဆင်မပြေမှုတွေ နည်းအောင် အကြံပေးချက်တွေ ပြောသွားတယ်။
အဓိကမှတ်မိလိုက်တာကတော့ ကလေးတွေကို မိသားစုဝင်တွေကို အချိန်ပေးပါ။ ကိုယ်နိုင်သလောက်ပဲ လုပ်ပါ။ ကိုယ့်ကိုကိုယ်၊ ကိုယ့်မိသားစုကို ဂရုစိုက်ပါတဲ့။ မှန်လိုက်လေ။

ဒါနဲ့ ကိုယ့်လုပ်နေတာတွေ ပြန်သုံးသပ်ကြည့်လိုက်တော့ ကလေးတွေအတွက် အချိန်နည်းနေတယ်ဆိုတာ သတိထားလိုက်မိတယ်။ ဒီတော့ ကိုယ် လုပ်ချင်တာတွေ ခဏဘေးချိတ်၊ မနိုင်တဲ့ ဝန်တွေ ခဏချလို့ ကိုယ့်မိသားစုဘက်ကို လှည့်လိုက်တယ်။ သားနဲ့အတူ သချၤာလုပ်၊ သမီးလက်အိတ်လေးပြီးအောင်ထိုး၊ သမီး computer coding တွေ calculus တွေ nuclear physics တွေ ကိုယ်မသိတော့ သိတာလေးပဲ လုပ်ပေးရတာလေ။ 
ဒီနေ့လဲ အဖေနဲ့သားကို လက်စွမ်းပြလိုက်တယ်။ George Michael ဆံပင်ညှပ်ပေးပြီးတော့လေ။ အထပ်အထပ်နဲ့။ ကိုယ့်မျက်စေ့ထဲတော့ လှနေတာပဲ၊ ဟဲဟဲ။ သားကတော့ ငယ်ငယ်တုန်းကတည်းက ညှပ်ပေးနေ ကျဆိုတော့ သိပ်ပြဿနာ မရှိလှဘူး။ ဒါပေမယ့် ဆိုင်မှာပဲ ညှပ်နေတာ ၅ နှစ်ကျော်နေပြီဆိုတော့ သူ့ဆံပင်လေးတွေ အရင်ကထက် ပိုပြီး ထူနေတာ ကိုယ်သတိမထားမိဘူး။ တစ်ဘက်ညှပ်လိုက် မှန်ပြလိုက်နဲ့ ဟန်ကျနေတာပဲ။ George Michael ဆံပင်လေးလိုဖြစ်သွားပြီဆိုတော့ သူဘယ်သူမှန်းမသိဘူး။ မိုက်ကယ်ဂျက်ဆင်လားတဲ့။ မဟုတ်ကြောင်း ရှင်းပြရသေးတယ်။ 

သားပြီးသွားတော့ အဖေက သွေးတိုးစမ်းတယ်။ သူ့ကိုရော ညှပ်ပေးမလားတဲ့။ ဒီကို ရောက်စထဲက ဆံပင်ညှပ်ခတွေဈေးကြီးလွန်းလို့ စက်ကပ်ကျေးတစ်ချောင်းဝယ်ပြီး ကိုယ့်ကို ညှပ်ခိုင်းနေတာ။ အဆင်မပြေဖြစ်မှာစိုးလို့ ကိုယ်ဘယ်တော့မှ မထိဘူး။ လူထဲသွားပြီး အလုပ်လုပ်နေရတာ အမြင် မတင့်တယ်မှာစိုးလို့ပါ။ ဒီတစ်ခါတော့ ရောဂါကူးမှာစိုးတာရယ် ဆိုင်မဖွင့်တာရယ် ကိုယ့်ဆံပင်ညှပ်စွမ်းရည်ကိုကိုယ် နည်းနည်း ယုံကြည်မှုရှိလာတာရယ် အားလုံးပေါင်းပြီး ညှပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ အဖေ့ဆံပင် ပါးပါးပျော့ပျော့လေးတွေကို ညှပ်ရတာ သားထက် လွယ်ပါတယ်။ ကပ်ကျေးက အသစ်ဖြစ်တာလဲ ပါမယ်ထင်ပါတယ်။ 

သားက ဆံပင်ညှပ်ချင်တယ်ပြောတော့ အိမ်က ကပ်ကျေးတွေက ဟောင်းပြီး ညှပ်မကောင်းတော့လို့ အဖေ့ကို ဆေးဆိုင်လိုက်ပို့ခိုင်းရပါတယ်။ ဒီက ဆေးဆိုင်တွေမှာ အိမ်သုံးဆေးမျိုးစုံ၊ ဆရာဝန်ဆေးညွှန်းနဲ့ဝယ်ရတဲ့ဆေး၊ ဆပ်ပြာ၊ ခေါင်းလျော်ရည် စတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းမျိုးစုံ၊ လက်သဲညှပ် ဆံပင်ညှပ် ကပ်ကျေး၊ မျက်တောင်ကော့တဲ့အတံ... စတဲ့ မိတ်ကပ်အလှပြင်ပစ္စည်းမျိုးစုံအပါအဝင် မိတ်ကပ်ရေမွှေးတွေပါ ရောင်းပါတယ်။ အစိုးရက မိတ်ကပ် ရေမွှေးကောင်တာတွေပိတ်ခိုင်းထားပြီး ကျန်တာတွေအကုန် ရောင်းခွင့်ပေးထားတော့ ကိုယ်လိုချင်တာ ဝယ်လို့ရခဲ့ပါတယ်။ မဝင်ခင်မှာ ဘာလိုချင်တယ်ဆိုတာရယ်၊ နာမည်ရယ် ဖုန်းနံပါတ်ရယ် ပြောရပါတယ်။ လက်ကိုလဲ ပေးထားတဲ့ သန့်စင်ဆေးရည်နဲ့သန့်ပြီးမှ ပေးဝင်ပါတယ်။ ကိုယ်စူပါမားကက်သွားတုန်းက ဒါတွေ လုပ်စရာမလိုပါဘူး၊ ဆေးဆိုင်မို့လို့နဲ့တူတယ်နော်။ 

Covid 19 ဗိုင်းရပ်စ်ကူးတဲ့ လူအရေအတွက်ကတော့ ကျလာနေပါပြီ။ ဒီနေ့ဆို အသစ်ကူးတယ်လို့ အဖြေထွက်တဲ့သူ ၅၀ ပဲရှိတော့တယ်။ တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိတဲ့သူ ၁၂၁၀ ရှိပြီး ဆေးရုံတက်နေရတဲ့သူက တော့ ၁၂ ယောက်ရှိပါတယ်။ ၄ ယောက်ဟာ အထူးကြပ်မတ် ကုသဆောင်မှာရှိနေပြီး ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ သူနာပြု ၁၇ ယောက်၊ ဆရာဝန် ၇ ယောက်နဲ့ ဆေးကျောင်းသား ၃ ယောက်ဟာ ရောဂါကူးစက်ခံနေရသူတွေထဲမှာ ပါနေတယ်လို့လဲ ပြောပါတယ်။ 

ရှေ့အပတ်ဆိုရင် ကျောင်းဖွင့်ရက် ရောက်ပါပြီ။ ဒါပေမယ့် ကလေးတွေ ကျောင်းပြန် သွားလို့မရသေးတော့ အစိုးရက နည်းမျိုးစုံနဲ့ စာသင်ဖို့ ကြိုးစားနေပါတယ်။ သင်ခန်းစာတွေပို့ချပေးမယ့် ရုပ်မြင် သံကြားတွေ၊ စာရွက်စာတမ်းတွေ၊ အင်တာနက် မိုဒမ်တွေ အိုင်ပက်တွေ ကွန်ပျူတာတွေ ၅၅ သန်းဖိုးလောက်ကို လိုနေတဲ့ ကလေးတွေဆီ ပို့ပေးဖို့ ပြင်နေတယ်လို့ ပြောပါတယ်။ ကလေးတွေ ပညာရေးအတွက် စိတ်အေးရပါတယ်။

ကဲ ဒီနေ့တော့ အဆုံးသတ်လေးမှာ သတိပေးဆောင်ပုဒ်လေးကိုပဲ ထပ်သတိပေးလိုက်ပါအုံးမယ်။

Stay home, save lives! အိမ်မှာနေ၍  အသက်ကယ်ပါ ...လို့။ 

ခင်လေး (Aotearoa)
8:46 p.m. 
08.04.2020 Wednesday