Breaking News

နေသွင်ညိဏ်း - COVID-19 ထိန်းချုပ်ရေး အရှေ့တိုင်းဆီက သင်ယူပါ

စာရေးသူ Jeffrey Sach
COVID-19 ထိန်းချုပ်ရေး အရှေ့တိုင်းဆီက သင်ယူပါ
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၉၊ ၂၀၂၀

(စာရေးသူ Jeffrey Sachs သည်ကမ္ဘာကျော်ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးဖြစ်ပြီး ကိုလံဗီယာတက္ကသိုလ်မှာ ကျန်းမာရေးမူဝါဒနှင့် စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ပါမောက္ခလည်းဖြစ်ပါသည်။  နာမည်ကျော်စာအုပ်တွေ The End of Poverty၊ Common Wealth၊ The Age of Sustainable Development တို့ကို ရေးသားခဲ့သူ ဖြစ်ပါသည်။)

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရာမှာ အရှေ့အာရှ နိုင်ငံတွေဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပထက် ပိုပြီး အောင်မြင်ပါတယ်။ ပြောကြစတမ်းဆိုရင် ကပ်ရောဂါအသွင်စတင်ဖြစ်ပေါ်ရာနိုင်ငံဟာ တရုတ်ပြည်ဖြစ်ပြီး အရှေ့အာရှနဲ့ ခရီးအသွားအလာ၊ ကုန်သွယ်ရေးတို့မှာ အလွန် နီးကပ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအနေနဲ့ အရှေ့အာရှဆီကနေ အမြန်ဆုံး သင်ယူမှပဲ ကမ္ဘာ အနောက်ခြမ်းနဲ့ တခြား ဒေသတွေမှာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
အရေးအကြီးဆုံး နှိုင်းယှဉ်စရာအချက်က လူဦးရေတစ်သန်းအပေါ်မှာတွက်ချက်တဲ့ ရောဂါကူးစက်မှုအရေ အတွက်နဲ့ သေဆုံးမှု ရာခိုင်နှုန်းဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့အထိ စာရင်းတွေကိုကြည့်ရင် ဒေသနှစ်ခုဟာ ကမ္ဘာနှစ်ခုလိုပဲ ခြားနားပါတယ်။ ဥရောပနဲ့ ယူအက်ဟာ ကူးစက်ကပ်ရောဂါထဲမှာ ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေပါတယ်။ လူဦးရေတစ်သန်းအပေါ်မှာ ရောဂါကူးစက်တဲ့ အတည်ပြုလူနာဦးရေ ယူကေမှာ ၈၁၄ ယောက်၊ စပိန်မှာ ၃၀၃၆ ယောက်ရှိပါတယ်။ လူဦးရေတသန်းအပေါ်မှာ သေဆုံးမှုက ယူကေမှာ ၂၄ ယောက်၊ စပိန်မှာ ၃၀၀ ရှိပါတယ်။ အရှေ့ အာရှနိုင်ငံတွေမှာ ရောဂါကူးစက်မှုကိုကြည့်တဲ့အခါ လူဦးရေတစ်သန်းအပေါ်မှာပဲတွက်ချက်ရင် ဗီယက်နမ်မှာ အတည်ပြုလူနာ ၃ ယောက်၊ စင်ကာပူမှာ ၂၅၃ ယောက် ရှိပါတယ်။ သေဆုံးမှုက သုညကနေ လေးယောက်အထိ ရှိပါတယ်။

ဒီကိန်းဂဏန်းတွေကိုကြည့်ပြီး အရှေ့အာရှ နိုင်ငံတွေက ရည်ရွယ်ချက်ရှိရှိ ကိန်းဂဏန်းတွေကို လျှော့ပေါ့ ဖော်ပြတယ်လို့ မထင်ပါနဲ့။ အတည်ပြုလူနာအရေအတွက်ရော၊ လူနာ သေဆုံးမှုအရေအတွက်ပါ အမှန်တွေချည်းပါပဲ။ နိ်ုင်ငံလူဦးရေအပေါ်မှာ ဓာတ်ခွဲစစ်ဆေးနိုင်မှု အရေအတွက်ချင်းနှိုင်းယှဉ်တဲ့အခါမှာလည်း အချိုးတူလောက်ပဲ ရှိပါတယ်။
ဒါဆိုရင်အရှေ့အာရှ နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ ကမ္ဘာနှစ်ခုလိုမျိုး ဘာကြောင့် ခြားနားသွားရတာလဲလို့ မေးရင်တော့ ခြားနားချက်ကြီးသုံးခုကို ထုတ်ပြရပါမယ်။ ပထမဆုံးကတော့ အရှေ့အာရှနိုင်ငံတွေဟာ ကူးစက် ရောဂါသစ်ကို ရင်ဆိုင်ရာမှာ ကြိုတင်ပြင်ဆင်နိုင်မှု အနောက်နိုင်ငံတွေထက် အပုံကြီးသာ ပါတယ်။ အကြောင်းရင်းကို ပြန်ကောက်ရရင် ၂၀၀၃ ဆားစ်ရောဂါ ကူးစက်မှုက အရှေ့အာရှ နိုင်ငံတွေကို ပုတ်နှိုးခဲ့သလို၊ ဒီနိုင်ငံတွေဟာ တုပ်ကွေးရောဂါ သံသရာနဲ့ ကြုံရလေ့ရှိတာကြောင့်မို့ မှတ်လောက်သားလောက် ရှိနေပါတယ်။ ဥရောပနဲ့ ယူအက်စ်မှာကျတော့ ဆားစ်ကူးစက်ရောဂါဖြစ်ဖြစ်၊ အီဘိုလာ ဖြစ်ဖြစ်၊ ဇီကာ ဖြစ်ဖြစ်၊ နောက်ဆုံး တုပ်ကွေးဖြစ်ဖြစ် နေသာသပ လေညာက ဆိုသလို ပေါ့ပေါ့တန်တန်သဘောထားပါတယ်။ ဆားစ်ရောဂါကလွဲလို့ ကျန်တာတွေကို အပူပိုင်းဒေသမှာဖြစ်တတ်တဲ့ရောဂါမို့ ငါတို့နဲ့မဆိုင်လို ထင်နေကြပါတယ်။ အရှေ့အာရှကတော့ သတိကြီးကြီး ရှိနေတာကြောင့် တရုတ်နိုင်ငံ ဝူဟန်မှာ ၂၀၁၉ ဒီဇင်ဘာ ၃၁ ထဲ ထူးထူး ဆန်းဆန်း တပြုံတမကြီး အဆုတ်ရောဂါတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းကြားတာနဲ့ တစ်နိုင်ငံလုံးအတိုင်း အတာ တပ်လှန့်ပြီးသားပါပဲ။
ကူးစက်ရောဂါထိန်းချုပ်ရေးမှာ လက်ဦးမှုယူနိုင်တာဟာ အသက်တမျှ အရေးကြီးတဲ့အချက်ပါပဲ။ ဇန်နဝါရီလအစောပိုင်းမှာကတည်းက တရုတ်ရဲ့အိမ်နီးချင်းတွေဟာ တရုတ်နိုင်ငံနဲ့ အသွားအလာတွေကိုစတင် ဖြတ်တောက်ခဲ့ကြပါတယ်။ ရောဂါကို ရှာဖွေစမ်းသပ်တာနဲ့ ခြေရာခံတဲ့စီမံချက်တွေကို ချက်ချင်း ဆောင်ရွက်ကြပါတယ်။ တရုတ်နဲ့ တခြားနိုင်ငံတွေဟာ ရောဂါကူးစက်မှုကိုစောင့်ကြည့်ရာမှာ နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုကြပါတယ်။
အနောက်နိုင်ငံတွေကတော့ အသစ်ပေါ်လာတဲ့ကိုရိုနာ ဗိုင်းရပ်စ်ကို သိပ်ဂရုစိုက်မနေပါဘူး။ ယူအက် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (စီဒီစီ) ဟာ တရုတ်နိုင်ငံရဲ့ စီဒီစီနဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ အဆက် အသွယ်လုပ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ကျတော့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ရောဂါကူးစက်သူကို အတည်ပြုပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်ခင်အထိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနဲ့ ခရီးအလားအလာတွေကို မပိတ်ပါဘူး။ အလွန် အရေးကြီးတဲ့ ဒီလို ပိတ်ပင်မှုကို တရားဝင်ကြေညာလိုက်တာတောင်မှ လေးလေးနက်နက်မကိုင်တွယ်ခဲ့ပါဘူး။ ကပ်ရောဂါအသွင်ကူးစက်တယ်လို့ သိရပြီးတဲ့ နောက်ပိုင်း တရုတ်နိုင်ငံကနေ အမေရိကန် ပြည်ထောင်စုဆီ ဆိုက်ရောက်ခဲ့တဲ့ ခရီးသည်အရေအတွက် လေးသိန်းသုံးသောင်း ရှိပါတယ်။ သမ္မတ ထရမ့်က ခရီးသွားလာခွင့်ပိတ်ပင်မိန့် ကြေညာပြီးတဲ့ နောက်ပိုင်းမှာတေင် လေးသောင်းလောက် ဝင်ခဲ့ပါတယ်။
အရှေ့အာရှ ပြည်သူတွေကတော့ လိုအပ်သလို ကြိုတင်ကာကွယ်ရေးတွေ လုပ်ဖို့ကိုလည်း သိနေကြပါတယ်။ ပါးစပ်နဲ့ နှာခေါင်းဖုံး (mask) တွေကို အကာအကွယ်အနေနဲ့ ဝတ်ကြတာ ဆားစ်ရောဂါဖြစ်ပြီးကတည်းကလို့ ပြောလို့လည်း ရပါတယ်။ အနောက်နိုင်ငံ အစိုးရတွေကတော့ လူထုကို ဒီလို ပါးစပ်နဲ့ နှာခေါင်းဖုံးတွေကို မဝတ်ကြဖို့ ပြောခဲ့ကြပါတယ်။ ဒီလို ညွှန်ကြားခဲ့တာဟာ ကျန်းမာရေး လုပ်သားတွေအတွက် ပါးစပ်နဲ့ နှာခေါင်းဖုံး တွေ မလောက်ငှမှာ စိုးရိမ်တာ ပါသလို၊ ပါးစပ်နဲ့ နှာခေါင်းဖုံးက ရောဂါကူးစက်မှုကို ထိထိရောက်ရောက်လျှော့ချပေးနိုင်မယ်လို့ သိပ်မထင်တာလည်း ပါပါတယ်။ ဒီလိုပဲ လက်ဆေးရည်တို့၊ လူချင်း ခပ်ခွာခွာနေတာတို့၊ လက်ဆွဲနှုတ်ဆက်လေ့ သိပ်မရှိတာတို့ဟာ အရှေ့အာရှမှာ နေ့စဉ် ပုံမှန် ပါပဲ။
တရုတ်နိုင်ငံရဲ ့ ရောဂါကူးစက်မှုဟာ အရှေ့အာရှမှာတော့ အဆိုးဆုံးပါပဲ။ ယူအက်နဲ့ ဥရောပအတွက်ကတော့ မှတ်သားစရာအကောင်းဆုံးလည်း ဖြစ်ပါတယ်။ တခြား အိမ်နီးချင်းတွေနဲ့ မတူတဲ့ တရုတ်နိုင်ငံရဲ ့ အတွေ့အကြုံကတော့ ဒီဇင်ဘာလလယ်ကနေ ဇန်နဝါရီ လလယ်အထိ ရက်သတ္တပတ် အတန်ကြာအောင် အရှိန်ကောင်းကောင်းနဲ့ တပြုံတမကြီး ရောဂါကူးကြတာပါပဲ။ ဇန်နဝါရီလ ၂၃ ရောက်တော့ ဝူဟန်မြို့ကို ပိတ်ချလိုက်ပါတယ်။ ဒီအချိန်မှာ ဝူဟန်မြို့ တည်ရှိတဲ့ ဟူဘိုင်း ခရိုင်တခုလုံးမှာလည်း လူနာ ၃၇၅ ယောက် ရှိနေပါပြီ၊ ဗိုင်းရပ်စ်ဟာ တရုတ်ပြည် တခြား ဒေသတွေမှာလည်း လူ ၁၉၆ ယောက်ကို ကူးစက်ခဲ့ပါတယ်။
ဒီအခြေအနေရောက်လာတော့ တရုတ်အစိုးရက အပူတပြင်း ကိုင်တွယ်ပါတယ်။ လူတွေကို အသွားအလာ ပိတ်ပါတယ်။ တဦးချင်းရဲ့အသွားအလာတွေကို ခြေရာခံနိုင်တဲ့ အွန်လိုင်းစနစ်တရပ်ကို အမြန်တည်ဆောက်ပါတယ်။ ကိုယ့်အိမ်ကိုယ်နေကြဖို့ အမိန့်ကို ထုတ်ပြန်ပါတယ်။ ရောဂါရှာဖွေတာနဲ့ စောင့်ကြည့်တာကို အင်တိုက်အားတိုက် လုပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကိုင်တွယ်ပုံ ပြင်းထန်တယ်လို့ အကြီးအကျယ် ဝေဖန်ခံရပေမယ့် ထိရောက်မှုလည်း ရှိပါတယ်။ ဒီနည်းနဲ့ပဲ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ တရုတ်နိုင်ငံမှာ အရှိန်အဟုန်နဲ့ ကူးစက်နေတဲ့ အခြေအနေကို ထိန်းနိ်ုင်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေ တော်တော်များများ ဘယ်လိုမှမတွက်မိတဲ့ အံ့သြစရာအဖြစ်အပျက်ပါပဲ။
ဒီလို အကြမ်းကိုင်တဲ့ နည်းလမ်းတွေကိုအမေရိကန် ပြည်ထောင်စုမှာသုံးရင် ဖြစ်နိုင်ပါ့မလားလို့ တချို့က မေးခွန်းထုတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့အောင်မြင်တဲ့ နည်းနာကိုတော့ သင်ယူဖို့ လိုပါတယ်။ အရှေ့ အာရှရဲ့အောင်မြင်တဲ့ နည်းလမ်းတွေကို ယူစရာရှိရင် ယူရမှာပဲ။ အမေရိကန် အမျိုးသား ကျန်းမာရေးအင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ဖရန့်စစ် ကောလင်းစ် ပြောတဲ့ “လက်ရှိ ချဉ်းကပ်နေတဲ့ နည်းလမ်းက လူတော်တော်များများအတွက် မတရားတင်းကြပ်သလို ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီလောက်မှ မတင်းကြပ်ရင်လည်း လျော့ရဲသလို ဖြစ်တော့မယ်” ဆိုတာ တကယ်မှန်ပါတယ်။
ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်ရောဂါကိုမထိန်းနိုင်သေးပါဘူး။ အရေးပေါ် အသက်ရူကိရိယာမလုံလောက်မှု၊ ကျန်းမာရေး ဝန်ထမ်းတွေ အသက်ဆုံးရှုံးမှု၊ အခြေခံ ကာကွယ်ရေး ပစ္စည်းတွေ မလုံလောက်မှုတို့ဟာလည်း စိတ်မကောင်းစရာတွေပါပဲ။ ကိုဗစ် ၁၉ တိုက်ဖျက်ရေးမှာ ပြည်သူ့ကျန်းမာရေးအတွက် တုံ့ပြန်ဆောင်ရွက်တဲ့ အခါ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုပါတယ်။ ဒါမှသာ အနောက်နဲ့ ကမ္ဘာတဝှမ်းလုုံးမှာ လူသားတွေအားလုံး ပျက်စီးမယ့် ဘေးကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(Project Syndicate မှ The East-West Divide in COVID-19 Control ဆောင်းပါးကိုဘာသာပြန်ပါသည်။ )
နေသွင်ညိဏ်း