Breaking News

သူရထိုက် - COVID-19 အပေါ် လျော့တိလျော့ရဲ လုပ်၍မရပါ

Photo credit-rsf.org
COVID-19  အပေါ် လျော့တိလျော့ရဲ လုပ်၍မရပါ
 သူရထိုက်
(မိုးမခ) ဧပြီ ၉၊ ၂၀၂၀

တနေ့ညနေက အလုပ်ကနေအိမ်အပြန် မြောက်ဥက္ကလာ ခြောက်ကွေ့နားမှာ မော်တော်ကားပေါ် လော်စပီကာတင်ပြီးလိုက်လံအော်ပြောနေတာကိုတွေ့လိုက်မိတယ်။ အော်ပြောတဲ့အကြောင်းအရာကတော့ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ လူစုလူဝေးနဲ့ရောင်းချခြင်းမပြုဖို့မေတ္တာရပ်ခံတယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘီယာဆိုင်တွေမှာ ထိုင်သောက်နေသူတွေကိုလည်းကားပေါ်ကနေလှမ်းတွေ့ခဲ့ရတယ်။

    တစ်နေ့ညကလည်းအိမ်ထဲမှာထိုင်နေရင်း ဆိုက်ကားနဲ့လှည့်လည် အော်ဟစ်ကြေညာတာကိုကြားလိုက်မိသးတယ်။ " ဒေသန္တရအမိန့်" ဆိုပြီးကြေညာတာပါ။ COVID-19 ဟာကမွာလုံးဆိုင်ရာကပ်ရောဂါဖြစ်တဲ့ အကြောင်း ၁၁.၃.၂၀၂၀ နေ့က ကြေညာသတဲ့။ အဲဒါကြောင့် အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို ၂၀၂၀ ဧပြီလအထိကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားသတဲ့။ အဲဒါနဲ့ပတ်သက်ပြီးအောက်ပါအချက်အလက်တွေပါဝင်တဲ့ ဒေသန္တရအမိန့်တွေကိုထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုပါတယ်။

( က ) ပြည်ပနိုင်ငံတွေကိုရက်တိုရက်ရှည်အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးခရီး သွားရောက်ပြီးပြန်လည်ရောက်ရှိလာသူတွေ၊ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူရန်...

( ခ )ကျန်းမာရေး စစ်ဆေးမှုခံယူပြီးနောက်သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများတွေ့ရှိပါက ကျန်းမာရေးဌာနမှသတ်မှတ်ထားသော ဆေးရုံတစ်ခုခုတွင်လည်းကောင်း၊ ရောဂါလက္ခဏာမတွေ့ရှိပါက သတ်မှတ်ထားသောအခြားနေရာတစ်ခုခုတွင်လည်းကောင်း ၁၄ ရက်စောင့်ကြည့်မှု( Quarantine)ခံယူရန်...

( ဂ) မြန်မာနိုင်ငံသို့လေကြောင်းလိုင်းများဖြင့်လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသည့်နှစ်နိုင်ငံနယ်စပ်ဂိတ်များမှလည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်လည်းကောင်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည့်မြန်မာနိုင်ငံသားအားလုံးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ၁၄ ရက်ကြာသီးသန့်နေထိုင်စောင့်ကြည့်မှု( Quarantine) ပြုလုပ်သွားမည်ဖြစ်ပါ၍ သတ်မှတ်နေရာအတိုင်းတိကျစွာလိုက်နာဆောင်ရွက်သွားရန် ...

( ဃ) ပြည်သူများအနေဖြင့်လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ( Corona Virus Disease 2019 COVID-19 ) ကြိုတင်ကာကွယ်နိုင်ရေး၊ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားသည့်သတိပေးချက်များအား တိကျစွာလိုက်နာဆောင်ရွက်
သွားရန်...

( င )မိမိပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါကရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်နီးစပ်ရာ ကျန်းမာရေးဌာနများသို့အမြန်ဆုံးသတင်းပို့ အသိပေး ဆောင်ရွက်သွားရန်...
( စ ) အများပြည်သူစိုးရိမ်ထိတ်လန့်စေမည့်မမှန်သတင်း၊ ကောလဟလများကိုဖန်တီးဖြန့်ဝေခြင်းမပြုရန်...
       
အဲဒီ ဒေသန္တရအမိန့်ကြေညာချက်ကိုလိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေတွေဖြစ်တဲ့ ( ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပေဒ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ) တွေနဲ့အရေးယူမယ်လို့ဆိုပါတယ်။

အဲဒီဒေသန္တရ အမိန့်ကြေညာချက်ဟာထုတ်ပြန်တဲ့နေ့ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိအတည်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
     ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက်မှာပေါ် ပေါက်ခဲ့တဲ့ဥပဒေဖြစ်တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် ၁/၉၅ ဖြစ်ပြီး ၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေရဲ့ အခန်း( ၅ )ပုဒ်မ ( ၉ )မှာ အောက်ပါအတိုင်းပြဋ္ဌာန်းထားတာကို တွေ့ရတယ်။

ပုဒ်မ ( ၉ ) အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦးသည် အောက်ပါကိစ္စတစ်ရပ်ရပ်ဖြစ်ပွားကြောင်းသိရှိပါက အနီးစပ်ဆုံး ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ ချက်ချင်းတိုင်ကြားရမည်။
      အဲဒါကိုဖောက်ဖျက်ကျူးလွန်ရင်ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ်နှစ်မျိုးစလုံးအပြစ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။
COVID-19 ရောဂါကို ကူးစက်မြန်ရောဂါအဖြစ်သတ်မှတ်လိုက်ပြီဖြစ်လို့ နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံတွေကိုအကြောင်းကြားရမှာဖြစ်ပါတယ်။
       ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၁ အနေနဲ့ပြဌာန်းခဲ့တယ်။ အဲဒီဥပဒေထဲမှာ သဘာဝဘေးအန္တရာယ် ဆိုတဲ့အထဲမှာ လူနဲ့တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေလည်းပါဝင်ပါတယ်။ အဲဒါကြောင့် ယခု ဖြစ်ပွားနေတဲ့ COVID-19 ဟာလည်းသဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်။

    သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေရဲ့အခန်း( ၈ ) ပုဒ်မ ၂၅ မှာအောက်ပါအတိုင်း ပြဋ္ဌာန်းထားတယ်။

၂၅။  ။  မည်သူမဆိုဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်နိုင်သည်ကိုသိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

     သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေအရတာဝန်ပေးအပ်ခြင်းခံရတဲ့ဌာန၊ အဖွဲ့အစည်း သို့ မဟုတ် ပုဂ္ဂိုလ်ကိုအဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီး နှောင့်ယှက်၊ တားဆီး၊ ဟန့်တား၊ လက်ရောက်ကျူးလွန်တာ ဒါမှမဟုတ် ပြစ်မှုမကင်းတဲ့ အနိုင်အထက်ပြုမူတာကြောင့် ပြစ်မှုထင်ရှားစီရင်တာကိုခံရမယ်ဆိုရင် အဲဒီလူကို
၂ နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်တာကိုခံရမှာဖြစ်တယ်။
     အထိတ်တလန့်ဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့စပ်လျဉ်းပြီး  မဟုတ်မမှန် သတင်း လွှင့်တယ်လို့ပြစ်မှုထင်ရှား စီရင်တာကိုခံရမယ်ဆိုရင် အဲဒီလူကို တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမှာဖြစ်တယ်။ ဘယ်သူဘယ်ဝါပဲဖြစ်ပါစေ၊ သဘာဝဘေး
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပေဒအရ ထုတ်ပြန်တဲ့နည်းဥပဒေတွေ၊ အမိန့် ကြေညာစာနဲ့ အမိန့်တွေမှာပါတဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရမယ်ဆိုရင်အဲဒီလူကိုတစ်နှစ်ထက်မပိုတဲ့ေထာင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်တာကိုခံရနိုင်ပါတယ်။

    COVID-19 ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက်နည်းလမ်းတစ်ခုအနေနဲ့ နိုင်ငံတကာမှာကျင့်သုံးလာတာကတော့ Lock down ပြုလုပ်တာပဲဖြစ်တယ်။ Lockdown လုပ်တဲ့အခါမရှိမဖြစ်တဲ့လုပ်ငန်းတွေကလွဲရင်ကျန်တဲလုပ်ငန်းတွေကိုပိတ်ပစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာနဲ့ မရှိမဖြစ်တဲ့ဝန်ဆောင်မှုတွေဆီသွားလာတာကလွဲရင် နေအိမ်ထဲမှာပဲ နေကြရမှာဖြစ်တယ်။ Lockdown လုပ်တဲ့အခါ စူပါမားကတ်တွေကိုဖွင့်ထားမှာဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်းကိုလည်း ဆက်လက်ထားရှိမှာဖြစ်တယ်။
Lockdownတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အနေအထားဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီးအကြံဉာဏ်တွေကို update လုပ်ပေးသွားမှာဖြစ်တယ်။
      Lockdown လုပ်ရင်ကြောက်ရွံ့ထိတ်လန့်မှုမဖြစ်စေဖို့လိုပါတယ်။ စူပါမားကတ်တွေကိုသွားနိုင်ဆဲဖြစ်လို့အစားအစာအမြဲရှိနေမှာဖြစ်တယ်။ ထောက်ပံ့ရေးလမ်းကြောင်း ဆက်လက်လည်ပတ်ဖို့အတွက် အစိုးရက တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်။
ဒါပေမယ့် နိုင်ငံသားတွေအနေနဲ့လည်းကိုယ့်ဘာသာအစီအစဉ်တွေချမှတ်ပြီး ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။Lockdown ကာလတစ်လျောက်မှာ ဘယ်လိုဆောင်ရွက်နေထိုင်မယ်ဆိုတာကိုတွေးထားဖို့လိုအပ်တယ်။ မိမိရဲ့နေအိမ်ကနေအဝေးကိုရောက်နေရင်ချက်ချင်းနေရပ်ပြန်ဖို့ စီစဉ်ရမှာဖြစ်တယ်။

      Lockdown ရဲ့ရည်မှန်းချက်ဟာဗိုင်းရပ်စ်ပျံ့နံ့မှုကိုထိန်းချုပ်ကန့်သတ်ဖို့ဖြစ်တယ်။ အစိုးရအနေနဲ့ပျံ့နှံ့မှုကိုတွက်ချက်ပြီး တစ်ဆင့်ချင်း လျော့ချသွားမှာဖြစ်တယ်။ Lockdown နဲ့ပတ်သက်တဲ့သတ်မှတ်ချက်တွေနဲ့အညီ အမိန့်အာဏာ ထိန်းသိမ်းတာကိုရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆောင်ရွက်တယ်။ လမ်းတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လုံလောက်စွာချထားရမှာဖြစ်တယ်။ လိုအပ်မယ်ဆိုရင် စစ်တပ်ကပူးပေါင်းပါဝင်ရမှာဖြစ်တယ်။ Lockdown စည်းမျဉ်းဖောက်ဖျက်သူတွေကို အရေးယူဆောင် ရွက်တာတွေပြုလုပ်ရမှာပါ။ အစိုးရအနေနဲ့ရောဂါခြေချုပ်ချထားတာကိုငြင်းဆန်ရင် လိုအပ်သလိုအရေးယူဆောင်ရွက်မှာဖြစ်တယ်။
       ပြည်သူတွေအနေနဲ့စားနပ်ရိက္ခာဆေးဝါးအတွက် ပူပင်ကြောက်ကြမှုမဖြစ်အောင် ဆောင်ရွက်ရမှာကအစိုးရရဲ့တာဝန်ဖြစ်တယ်။

စူပါမားကတ်တွေရဲ့လုံခြုံရေးကိုတာဝန်ယူပေးရမယ်။ ဆေးရုံနဲ့ ဆေးခန်းတွေကိုဆက်လက်ဖွင့်ထားမှာဖြစ်ပြီး အရေးကြီးတဲ့ဆောက်လုပ်ရေးလုပ်ငန်းအချို့ကိုလည်း ဆက်လက်လုပ်ကိုင်ခွင့်ပြုရမှာဖြစ်တယ်။အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ရမှာဖြစ်ပြီး မရှိမြဖစ်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လည်းခွင့်ပြုထားရမှာဖြစ်ပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ အစရှိတဲ့မီဒီယာတွေအား လုံးဟာ ပြည်သူတွေကိုအရေကြီးတဲ့ သတင်းအချက်အလက်တွေ၊ လက်တွေ့ကျတဲ့အကြံဉာဏ်တွေနဲ့ သုံး သပ်ချက်တွေပေးရမှာဖြစ်လို့ မရှိမဖြစ်တဲ့ဝန်ဆောင်မှုထဲမှာပါဝင်ပြီး ဆက်လက် လုပ်ကိုင်ခွင့်ပြုရမှာဖြစ်တယ်။
      COVID-19 ရောဂါနဲ့ပတ်သက်ပြီးသေဆုံးရတဲ့သတင်းတွေ ကြားသိရသလို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်နေတာတွေကိုလည်း ကြားသိရပါတယ်။ ဥပမာအားဖြင့်ဆိုရရင် ရုရှနိုင်ငံ၊တောင်အာဖရိကနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနဲ့ တချို့နိုင်ငံတွေ မှာပြင်းပြင်းထန်ထန်ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဗိုင်းရပ်စ်
စတင်ခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့လည်း ပြင်းပြင်းထန်ထန်ဆောင်ရွက်လို့ ကာကွယ်ထိန်းချုပ်နိုင်တဲ့အခြေအနေကိုရောက်နေပြီဖြစ်တယ်။
     ကျွန်တော်တို့အနေနဲ့လည်း ကြောက်ချင်ယောင်ဆောင်နေလို့မဖြစ်တော့ပါဘူး။ စည်းကမ်းလိုက်နာမှုအားကောင်းအောင် ဆောင်ရွက်ဖို့လိုနေပါပြီ၊ တင်းကြပ်တဲ့စီမံဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်သင့်သလောက်လုပ်ဆောင်ဖို့လိုနေပြီလို့ ထင်မြင်ယူဆမိပါတော့တယ်။  ။
                         သူရထိုက်