Breaking News

ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ ၃၂



ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ ၃၂

(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၀

ချင်ပန်ဇီမျောက်ကြီးတွေကို အအေးမိအောင်ဒုက္ခပေး တတ်တဲ့ ဗိုင်းယပ်စ်ပိုးတမျိုး ( common cold virus )ကို အရင်ယူတယ် ။ ( သူ့ကို အဒီနို ဗိုင်းယပ်စ် adenovirus လို့လဲ ခေါ်သေးတယ်။) အဲဒီယူလိုက်တဲ့ ဗိုင်းယပ်စ် ကို ဗီဇပြောင်းပစ်လိုက် တယ် genetically changed ။ နောက် အင်အားချိနဲ့အောင်လုပ်ထားလိုက်ကြ တယ် weakened ။ လူကို ဒုက္ခပေးလို့ မရနိုင်တဲ့အဆင့် အထိ နှိပ်ကွတ် ထား လိုက်တာပေါ့ ။ ဒါ က ပထမတဆင့် ။
နောက် ဒုတိယ တဆင့်မှာ ကိုမြင့်နိုင်ကြီး -အဲလေ COVID-19 virus ရဲ့ ရုပ်ဆိုးဆိုး မျက်နှာပေါ်က ထိုးထိုးထောင်ထောင် တင်းပုတ်တွေလို ထနေ တဲ့ ဆူးတင်းပုတ် spike ကို ဖြုတ်ယူလာ တယ်။ အဲဒီဆူးတင်း ပုတ် ကို စောစောက အင်အားချိနဲ့ အောင်လုပ်ပြီးသား အအေးမိဗိုင်းယပ်စ်ပိုး ဆီမှာ တပ်ဆင်ပေးလိုက်တယ်။ စပ်ကြားဗိုင်းယပ်စ်ပိုးတမျိုး ရလာပြီပေါ့ ။ ဒါ ဒုတိယတဆင့် ။

အဲလို ဓါတ်ခွဲခန်းမှာ ဖန်တီး လိုက် တဲ့ စပ်ကြားဗိုင်းယပ်စ်-- ChAdOx1 nCoV-19 ( နံမည်က နဲနဲ ရှည် ပြီး ရှုပ်တယ် ။ သိချင်တဲ့ ပုဂ္ဂိုလ်များ - ဆက်ရှာဖွေချင်တဲ့ ပုဂ္ဂိုလ်များ အတွက် ထည့်ပေးရပါတယ် ) ကို လူ့လက်မောင်းထဲ ထိုးထည့်လိုက်တယ်။ ဒါ တတိယ တဆင့် ။
အဲဒီ အဆင့် အားလုံးဟာ ကိုဗစ် ကာကွယ်ဆေးထုတ်လုပ်မှု ရဲ့ နည်းလမ်း အကျဥ်းချုပ်ပါ ။

ဝူဟန်တရုတ်တွေ - တကမ္ဘာလုံးက သိပ္ပံပညာရှင်တွေဆီ ကို ဇန်နဝါရီလတုန်းက အရေးတကြီး ပို့လိုက်တဲ့ ကိုဗစ် ဗိုင်းယပ်စ် ရဲ့ ဗီဇ Genetic Code ကို လက္ခံ ရပြီး ကတည်းက ...အောက်စ်ဖို့ တက္ကသိုလ်- ဂျင်နာ သုတေသန အင်စတီကျု ( clinical research teams at the University of Oxford's Jenner Institute and Oxford Vaccine Group,) က ပရော်ဖက်ဆာ ဆာရာဂီလ်ဘတ်တို့ အဖွဲ့ ဟာ အခုလို နည်းကို သုံးပြီး တိရိစ္ဆာန်-ဖြစ်တဲ့ ကြွက်- ပူး- မျောက် စတဲ့အကောင်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးကို အရင်ဆုံး ၃ လ စမ်းသတ်လာကြတယ်။ ပြီးတော့မှ အခုလို လူသားကို မနေ့က စ စမ်းလိုက်တာ။ ဟိုးတုန်းက ဆိုရင် ဒီလို အဆင့်ရောက်အောင် အနည်းဆုံး ၁၀နှစ် အနှစ် ၂၀ လုပ်ခဲ့ကြရတာ တဲ့ ။ တိရိစ္ဆာန်တွေနဲ့ အရင် မစမ်းပဲ အံ့ဖွယ်သရဲ လူကို တခါထဲ ထိုးထည့် စမ်းတဲ့ အဖွဲ့ မျိုးက ရှိသေးတယ်။ အမေရိကန် ဆီရဲတဲလ် မြို့ က အဖွဲ့ တဖွဲ့ ပေါ့ ။ အရင်လတုန်းက က စမ်းသတ်လုပ်ကိုင် သွားလိုက်တာ ။

မနေ့ကတော့ ယူကေမှာ လူ ၂ယောက်ကို ဆေး စ ထိုးပေးလိုက်ပြီ။ ဆက်တိုက် ခုရက်တွေမှာ စုစည်းထားတဲ့ အသက် ၁၈ နှစ်ကနေ ၅၅ နှစ် အတွင်းမှာ ရှိတဲ့ ဗော်လန်တီယာ ၁၅၀ လောက် နဲ့ ဆေးကို ဘရစ်စတောမြို့ Bristol မှာ တနေရာစမ်းတယ် ။ နောက်ထပ် အောက်စ်ဖို့ ၊လန်ဒန်၊ ဆောက်သ်သန်တန် (Oxford, London and Southampton ) သုံးနေရာ မှာလဲ အဲဒီ ကာကွယ်ဆေး ကိုပဲ အစမ်း ထိုးတာတွေ လုပ်ကြ မယ်။ စုစုပေါင်း ဗော်လန်တီယာ လူ ၈၀၀ လောက်ပါဝင်ကြတယ်။ ကိုယ်တိုင် ဝင်ပြီး အစမ်းသတ်ခံချင်ရင် အွန်လိုင်းကနေ အဆိုပြုလို့ ရတယ်။ ပေါင် ၆၂၅ (လိုချင်ရင်) အစိုးရက ပြန် ပန့်ပိုး တယ်။ ဒါပေမယ့် စေတနာအလျှောက်ဝင် လုပ်ကြတာ များတယ်။

အုပ်စု ၂ခု ခွဲ ထားပါ တယ်။ အုပ်စု တစုက စောစောက ထွင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး အထိုးခံရမယ်။ နောက်အုပ်စု တစုက အသိအမှတ်ပြုလိုင်စင်ရပြီးသား နောက်ထပ် တခြားဆေးတမျိုး ( ဦးနှောက်မှေးယောင် ပြီတည်နာကို ဖြစ်စေတဲ့ ဗိုင်းယပ်စ်ပိုး ကို ကာကွယ်တဲ့ ဆေး ပါ ၊ စိတ်ချရပြီးသား ဆေး ) MenACWY vaccine ဆိုတဲ့ ဆေး အထိုးခံရမယ်။ ဘယ်သူ့ ကို ဘာဆေး ထိုးလိုက် တယ်ဆိုတာ ဆရာဝန်တွေပဲသိကြတယ်။ အထိုးခံရတဲ့ ဗော်လန်တီယာကို ဘာဆေးထိုးပေးထားတယ်ဆိုတာ အသိမပေး ဘူး။လျှို့ဝှက်ထားတယ် ။ ဒါ က ဆေးဖေါ်တဲ့ အခါမှာ သုံးတဲ့ နည်းလမ်းတခုပါ။ ဆေးအထိုးခံရတဲ့ လူက သူ့ကို ဘာဆေး ထိုးထားမှန်းမသိတော့ သူခံစားလာရမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးသက်သက်ကို သာ ပြောပြနိုင်မှာ ဖြစ်ပြီး- ဘာဆေးထိုးခံထား ရလို့ ဘယ်လိုခံစားရပါတယ်ဆိုတဲ့ စိတ်အစွဲမျိုး နဲ့ ပြောတာ မဖြစ်တော့ဘူး။ စိတ်အစွဲနဲ့ ပြောနေတာ မဖြစ်အောင် ထိန်းချုပ်တဲ့ နည်းလေး ပါ ။

ဆေး၂မျိုးစလုံးဆီက ပေးလာမယ့် ခံစားရတဲ့ လက္ခဏာတွေဟာ ဆင်ဆင်တူနေလိမ့် မယ်လို့ ဆရာဝန်တွေက ခန့်မှန်းထားပါတယ်။ ဆေးထိုးခံရတဲ့ လူအားလုံး ဆီရဲ့ ပြောပြချက် ခံစားရချက် တွေ -ပေါ်လာတဲ့ လက္ခဏာတွေကို မှတ်တမ်းတွေ ယူထား မယ်။ ယားသလား ။ ဖျားသလား ။ ခေါင်းကိုက်သလား ၊ အဖုအပိန့်တွေ ထ သလား , အအေးမိ-နှာချေသလား ။ အဲဒီမှာ ကာကွယ်ဆေးအသစ်ဆီက ပြလာတဲ့ ဖြစ်ပေါ်လာတဲ့ ဘေးထွက် ဆိုးကျိုးတွေကို တိုင်းတာမှတ်သား ကြ မယ်။

ကိုဗစ် ကာကွယ်ဆေး အထိုးခံရတဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကနေ - ကိုဗစ်ရဲ့ ဆူးတင်းပုတ် spike မှာ ရှိတဲ့ ပရိုတင်း တမျိုး - ဂလိုင်ကို ပရိုတင်း( glycoprotein )ဓါတ် ကို တန်ပြန် ခုခံတဲ့ ပဋိဇီဝ ဓါတ်တွေ တုန့်ပြန် ထွက်လာကြ လိမ့် မယ် ။ အဲဒါကို အဓိကလိုချင်တာ ပဲ ။နောက်တကြိမ် အဲဒီလူ့ ဆီကို ကိုဗစ်ဗိုင်းယပ်စ် အစစ် က လာကပ်ငြိပြီဆိုတာနဲ့ သူ့ဆီမှာ အဆင်သင့်ဖြစ်နေ ပြီးသား -တပ်လှန့်ပြီးသား လူ့ ရဲ့ ခုခံဆဲလ်တွေက ချက်ချင်း ခုခံဓါတ်တွေ ထုတ်လုပ် ကြမယ်- ထွက်လာကြမယ်။ ကိုဗစ် ငညစ်ဗိုင်းယပ်စ် ခေါင်းမထောင်နိုင်ခင် ဆပွါး မတိုက်ခိုက်နိုင်ခင်မှာ အပြတ် ချေမှုန်းလိုက်ကြမှာ ဖြစ်ပါတယ်။

ဒီ ပထမ အုပ်စု မှာ ဆေးက အောင်မြင်သွားရင် နောက်ထပ် နောက်ထပ် - ပို လူများများ ပါဝင်တဲ့ လူအုပ်စုတွေနဲ့ ၂ဆင့်လောက် အထိ ဆက် စမ်းသတ် ကြမယ်။ နောက်အုပ်စုတွေမှာ ကလေးတွေ အသက် ၇၀ လောက်အထိ အသက် ကြီးကြီးတွေပါထည့်သွင်းစမ်းသတ် ကြလိမ့်မယ်။
ကိုဗစ် ကာကွယ်ဆေးက အရမ်းအရေးကြီးနေပါတယ်။ လူသားတွေ နေ့စဥ် ပိုးကောင်တွေလို သေမနေရအောင် ထိရောက်တဲ့ ကာကွယ်ဆေး အမြန်ရဖို့ လိုနေပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး စာရင်းအရဆိုရင် တကမ္ဘာလုံးမှာ ကိုဗစ်ကာကွယ်ဆေး ရဖို့ ကြိုးစားနေတဲ့ အဖွဲ့ ၇၀ လောက်ရှိပါတယ်။ ယူကေကတော့ အမေရိကန်နဲ့ ပူးပေါင်း ထားတဲ့ ၂ဖွဲ့ ရှိတယ်။ တရုတ်မှာ သွားပူးပေါင်းထားတဲ့ ပူးပေါင်းတဖွဲ့ ရှိတယ်။ လူတွေကို စမ်းသတ်ထိုးနှံနေပါပြီ။
အခု စမ်းသတ်တာတွေမှာ အစစ ချောမောမယ်။ ဘာတခုမှ အထစ်အငေါ့မရှိဘူး။ အန္တရာယ် မရှိဘူးဆိုမှ စက်တင်ဘာလလောက် ကျရင် အာမခံနိုင်တဲ့ အဆင့်ကို ရောက်မယ်.။ ဘေးထွက်ဆိုးကျိုး မရှိလှ ဘူး။ အန္တရာယ်လဲ ကင်း တယ်။ ဆေးစွမ်းကလဲ ထက်တယ်ဆိုတဲ့ အဆင့်ရပြီ ဆို ရင်တော့ အကြီးအကျယ် ထုတ်လို့ ရပြီ ဆိုတဲ့ အဆင့်ပေါ့ ။ တခုခုလွဲချော်သွားရင် အချိန် နောက်ဆုတ်သွားမယ်။ထပ်စမ်းသတ်ကြမယ်။ နောက်အကျဆုံးကာလ ကို ၂၀၂၁ နှစ်လည် လို့ မှန်းဆထားကြပါတယ်။
အကြီးအကျယ်ထုတ်လုပ်ဖို့ ကျတော့ ဘယ်နိုင်ငံ တွေက ပိုက်ဆံဘယ်လောက်ထည့်ပြီး ဘယ်လို အဆင့်မြင့် ဆေးဝါးစက်ရုံကြီးမှာ လူသန်း ထောင်ပေါင်းများစွာ အတွက်ဆက်လက် ထုတ်ကြမလဲဆိုတာ အစိုးရတွေ ဆက်ဆွေးနွေးကြ ငြိနှိုင်းကြရမှာ ဖြစ်ပါတယ်။

ဗြိတိန်ကတော့ သူ့နိုင်ငံအတွက်တနိုင်တပိုင် နဲ့နောက်ဖွံ့ ဖြိုးဆဲ နိုင်ငံတွေအတွက် နဲနဲ - ကို ဒီနှစ်အကုန်လောက်မှာ ထုတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ပထမဆုံး စမ်းသတ်ဆေးထိုးခံတဲ့ သူက အမျိုးသမီး Elisa Granato တဲ့ ။ သူကိုယ်တိုင်က သိပ္ပံပညာရှင်ဖြစ်နေ တော့ သိပ္ပံပညာ ကို ထောက်ခံတာ- ကူညီတာလို့ ပြောပါတယ်။ လူသားတွေ ကံကောင်းကြပါစေကြောင်း ။

ခွန်ဆိုင်း ( ၂၄- ၀၄-၂၀၂၀ )