Breaking News

James Corden and Yuval Harari - လူသားမျိုးနွယ်ပေါ် Covid-19 ၏ သက်ရောက်မှု


James Corden and Yuval Harari - လူသားမျိုးနွယ်ပေါ် Covid-19 ၏ သက်ရောက်မှု

ဘာသာပြန် - မာန်သီဟထွန်း

(မိုးမခ) ဧပြီ ၂၅၊ ၂၀၂
(သူ့ဖေစ့်ဘွတ်ကနေ ကူးပါတယ်)

Late Late Show ပင်တိုင်တင်ဆက်သူ ဂျိမ်းမ်စ် ကော်ဒင် (James Corden) က သမိုင်းပညာရှင် ယူဗာလ် ဟရာရီ (Yuval Harari) ကို ဧပြီလ ၁၆ရက်၊ ၂၀၂၀ နေ့က နေအိမ်ကတစ်ဆင့်လုပ်တဲ့ အွန်လိုင်းအင်တာဗျူး ဖြစ်ပါတယ်။ အင်တာဗျူးထဲကမှ ကိုဗစ်-၁၉ကပ်ရောဂါ နဲ့ပတ်သက်တဲ့အပိုင်းတွေကိုပဲ ရွေးပြီး ဘာသာပြန်ထားတာပါ။ မေးတဲ့မေးခွန်းတွေက အခြေခံကျလက်တွေ့ကျဆန်ပြီး မြန်မာနိုင်ငံက လူတွေလည်းသိထားရင် အကျိုးရှိမယ်ယုံကြည်လို့ မြန်မြန်ကောက်ဘာသာပြန်ပြီး တင်ပေးလိုက် ပါတယ်။ စာလုံးပေါင်း အကျအပေါက်များတွေ့ရင်လည်း ထောက်ပေးကြပါလို့။

* * *

James: ယူဗာလ်ရေ.. ခင်ဗျားဟာ ခုလိုမျိုးအချိန်အခါမှာ လူတွေက လာရောက်မေးမြန်း အကြံဉာဏ်ယူရတဲ့ ဦး‌နှောက်မျိုး ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ပါပဲ။ ဒါကြောင့်ကျွန်တော် တိုတိုရှင်းရှင်းနဲ့ တိုက်ရိုက်ပဲမေးပါ့မယ်။ ကျွန်တော် ပထမဆုံးသိချင်တာကတော့ ဒီကပ်ဆိုးကြီးကို ကျွန်တော်တို့ကျော်လွှားသွားပြီးနောက်ပိုင်း ကမ္ဘာကြီးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားမှာလဲ ခင်ဗျ။


Harari: အဲဒါက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် လုံးဝမူတည်ပါတယ်။ ဘာဖြစ်လာမယ် ကြိုသတ်မှတ်ထားတာမျိုး.. ဒါတွေတော့ မလွဲမသွေဖြစ်လာလိမ့်မယ်လို့ ဧကန်‌ပြောလို့ရတာ မဟုတ်ပါဘူး။ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ရွေးချယ်ရမှာပါ။ ကျွန်တော်တို့မှာ ကြီးမားတဲ့ ရွေးချယ်ဆုံးဖြတ်စရာတွေ ရှိပါတယ်။ အဲဒီအထဲက ကြီးမားတဲ့ရွေးချယ်မှုတစ်ခုကတော့ ဒီအခက်အခဲကို အမျိုးသားဝါဒဆောင်တဲ့သီးသန့်ပုံစံနဲ့ ဖြေရှင်းမလား.. နိုင်ငံတစ်ခုချင်းစီက ကျန်တဲ့နိုင်ငံတွေအားလုံးနဲ့ ရှားရှားပါးပါးအရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြမလား၊ ဒါမှမဟုတ် နိုင်ငံတကာပေါင်းစည်းမှုပုံစံနဲ့ အတူလက်တွဲပူးပေါင်းပြီး ဖြေရှင်းကြမလားလို့ ရွေးချယ်ရမှာပါ။ ဒီရွေးချယ်မှုက ဒီကပ်ရောဂါ အခက်အခဲတင်မက နောင်လာမယ့်နှစ်ပေါင်းများစွာအထိ ကမ္ဘာကြီးကို ပုံသွင်းသွားမှာပါ။

ဒီနေရာမှာ နိုင်ငံအလိုက်အဆင့်နဲ့ပြောရရင် နိုင်ငံတစ်ခုချင်းစီအနေနဲ့ ဒီအကျပ်အတည်းကို အာဏာရှင်ဆန်တဲ့နည်းနဲ့ အကြွင်းမဲ့အာဏာရှင်တစ်ချို့ ဒါမှမဟုတ် အမိန့်ပေးအထက်စီးဆန်တဲ့လူတွေကိုမွေးထုတ်ပြီး တိုင်းပြည်ကိုသူတို့ကပဲ ကိုင်တွယ်မယ် ဆိုတဲ့နည်းလမ်းကို ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် ပြည်သူပြည်သားတွေကို အားဖြည့်တိုက်တွန်းရင်း လုပ်ပိုင်ခွင့်တွေအပ်နှင်းပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့နည်းလမ်းနဲ့လည်း ဒီအကျပ်အတည်းကို ကိုင်တွယ်နိုင်ပါတယ်။ ဒီနေရာမှာ မတူညီတဲ့နိုင်ငံအမျိုးမျိုးက ကွဲပြားတဲ့ချဉ်းကပ်မှု နည်းလမ်းအမျိုးမျိုးကို ကိုင်စွဲ သုံးပြုကြတာကို တွေ့ရတယ်။ သေချာတာကတော့ ဘယ်လိုနည်းလမ်းကို အသုံးပြုတယ်ဆိုတာက အဲဒီနိုင်ငံကို လာမယ့်ရက်သတ္တပတ်တွေအတွင်းသာမက နောင်နှစ်ပေါင်းများစွာ အထိ ပုံသွင်းသွားမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါဟာ တကယ်အရေးကြီးတဲ့အချက်ပါ။ ခုချိန်မှာ ရွေးချယ်ဆုံးဖြတ်မှုတွေမလုပ်ဘဲ အချိန်ဆိုင်းပြီး နောက်မှသာလုပ်မယ်ဆိုရင် ပါတီပွဲတစ်ခုကို ပွဲပြီးမှ ရောက်လာတဲ့လူတစ်‌ယောက်လိုဖြစ်မှာပါ။ ပန်းကန်ဆေးစရာကလွဲပြီး ဘာမှကျန်တော့မှာ မဟုတ်ပါဘူး။ အခုဆိုရင် ထရီလီယံနဲ့ချီတဲ့ဒေါ်လာတွေကို ထုတ်ချေးနေကြတယ်။ အဲဒါတွေက အလုပ်သမားစျေးကွက်၊ ပညာရေးစနစ် စတဲ့အရာတွေကို ပြောင်းလဲပစ်နေတယ်။ ၂၀၂၁ ရောက်မှ ပါဝင်လာတဲ့ ဘယ်သူမဆို.. နောက်ကိုပြန်သွားပြီး အခွင့်အရေးတွေယူဖို့ အလွန်ခက်ခဲမှာဖြစ်တဲ့အတွက် တခြားတစ်ခုခုသာ စဉ်းစားရပါလိမ့်မယ်။

James: အခုဆိုရင် နိုင်ငံရေးသမားတွေနဲ့ သိပ္ပံပညာရှင်တွေကို လူတွေက လုံးဝအယုံအကြည် မရှိကြတဲ့အတွက် သူတို့တွေပြောတာကို နားထောင်သင့်သလို နားမထောင်ကြတာ၊ ဂရုမစိုက်ကြတာကို တွေ့ရတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ။ ပြီးတော့လည်း ယုံကြည်မှု ဆိုတာ တကယ်အခြေခံကျတဲ့ ကိစ္စရပ်တစ်ခုပဲ မဟုတ်လား။


Harari: ဟုတ်ပါတယ်။ ယုံကြည်မှု ဆိုတာမရှိဘဲနဲ့ ဒီအကျပ်အတည်းကို ကျွန်တော်တို့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သိပ္ပံပညာ၊ သတင်းမီဒီယာ နှင့် အစိုးရအာဏာပိုင်တွေ တန်ဖိုးမဲ့နိမ့်ကျသွားအောင် တမင်တကာဦးတည်တိုက်ခိုက်တဲ့ လူကြိုက်များ ပေါ်ပင်နိုင်ငံရေးသမားတွေ၊ တာဝန်ယူမှုမရှိတဲ့ နိုင်ငံရေးသမားတွေ ကျွန်တော်တို့မှာရှိခဲ့တယ်။ အဲဒီအဖိုးအခကို ကျွန်တော်တို့ အခုပြန်ပေးနေရတာပဲ။ ရိုးရိုးသာမန်အခြေအနေမှာ နိုင်ငံတစ်ခုကို အုပ်ချုပ်လည်ပတ်ဖို့ဆိုရင် အစိုးရကို ပြည်သူတွေ ၅၀ ရာခိုင်နှုန်းလောက်က ယုံကြည်ထောက်ခံရင် အလုပ်ဖြစ်တယ်။ ဒါပေမယ့် အခုလိုအရေးပေါ်ကာလတွေမှာ ၁၀၀ ရာခိုင်းနှုန်းသော ပြည်သူတွေက သူတို့ရဲ့ အစိုးရနှင့် အာဏာပိုင်တွေကို ယုံကြည်ထောက်ခံဖို့ လိုအပ်ပါတယ်။ တကယ်လို့ အစိုးရခေါင်းဆောင်တစ်ယောက်က အစိုးရရုပ်သံကနေ အကြံပေးလမ်းညွှန်တာ လုပ်တဲ့အခါ ပြည်သူ တစ်ဝက်လောက်က “ဒီလူက ငါတို့ကို နှစ်နဲ့ချီ လိမ်ညာလှည့်စား မလိမ့်တပတ်လုပ်လာတာ။ ခုကျမှ ဘာလို့သူ့ကို ယုံရမှာလဲ” ပြောကြတယ်ဆိုရင်.. ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အင်မတန်မှပဲ ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့်လည်း သိပ္ပံပညာနှင့် သိပ္ပံအာဏာပိုင်တွေနဲ့ ပတ်သက်လာရင်တော့ ကောင်းမွန်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထဲမှာ သိပ္ပံပညာကို လှောင်ပြောင်တိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့်လည်း ကမ္ဘာတစ်ဝန်းကလူတွေရဲ့စိတ်ထဲမှာ မသိမသာနဲ့ သိပ္ပံပညာအပေါ် နက်ရှိုင်းတဲ့လျှို့ဝှက်ယုံကြည်မှု ရှိနေကြတယ်ဆိုတာကို တွေ့ရတယ်။ ခုကျွန်တော်နေတဲ့ အစ္စရေးလ်မှာဆိုရင် အစိုးရက တရားတင်းကုပ်တွေ အကုန်ပိတ်လိုက်ပြီ။ အီရန်မှာဆိုရင် ဗလီတွေ ပိတ်လိုက်ပြီ။ ကမ္ဘာတစ်ဝန်းက ခရစ်ယာန်အာဏာပိုင်တွေကလည်း ဘုရားကျောင်းတွေနဲ့ ဝေးရာမှာနေဖို့ ပြောကြတယ်။ ဘာကြောင့်လဲ။ သိပ္ပံပညာရှင်တွေက အဲဒီလို လုပ်ပါလို့ ပြောလို့ပါ။ ဒါ‌ကြောင့် ဘာသာရေးအဖွဲ့အစည်းတွေတောင်မှ တကယ့်အရေးကြုံတဲ့အချိန်ကို ရောက်လာတဲ့အခါ အရာအားလုံးထက် သိပ္ပံပညာကိုပဲ ယုံကြည်ကြတာကို တွေ့ရတယ်။ အဲဒါဟာ ကောင်းတဲ့လက္ခဏာပါ။ 

ဒီအကျပ်အတည်းကြီးပြီးသွားတဲ့အခါလည်း တကယ့်အမှန်တရားအခိုက်အတန့်မှာ သူတို့ဘယ်သူ့ကို ယုံကြည်ခဲ့ကြသလဲဆိုတာ လူတွေပြန်အမှတ်ရကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ နောက်နောင်မှာ ဆိုလည်း သိပ္ပံပညာရှင်တွေက ‌ဂေဟနစ်ပြိုလဲမှု သို့မဟုတ် ရာသီဥတုပြောင်းလဲလာမှုနဲ့ပတ်သက်ပြီး ပြောကြားတဲ့အခါမှာလည်း အခုလို ကမ္ဘာ့ကပ်ရောဂါကာလမှာ သိပ္ပံပညာရှင်တွေပြောတာကို နားထောင်တဲ့ ယုံကြည်မှုအတိုင်း၊ လေးနက်မှုပုံစံအတိုင်း သိပ္ပံပညာရှင်တွေကို ကျွန်တော်တို့အာရုံစိုက် နားထောင်ကြဖို့ မျှော်လင့်ပါတယ်။

James: ခုချိန်ကနေစပြီး အနာဂတ်ကို ကျွန်တော်တို့ဆက်လက်လျှောက်လှမ်းကြတဲ့အခါ ကျွန်တော်တို့ရဲ့ လူမှုအပြန်အလှန်ဆက်ဆံပုံတွေ ဘယ်လိုပြောင်းလဲသွားမှာပါလဲ။ ဘယ်လိုမျိုး ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာလဲခင်ဗျ။


Harari: အင်စတီကျူးရှင်းအဆင့် အလုပ်သမားစျေးကွက်တွေ၊ တက္ကသိုလ်ပညာသင်ကြားမှုပုံစံတွေ မှာတော့ ကြီးမားတဲ့အပြောင်းအလဲတွေ ရှိမှာပါ။ တကယ်လို့ တစ်ချို့တက္ကသိုလ်တွေ အွန်လိုင်းပေါ် ပြောင်းရွှေ့သင်ကြားကြမယ်ဆိုရင် အဲဒါဟာ ကျောင်းသားတွေအတွက် လုံးဝပြောင်းလဲသွားတဲ့ လူမှုပတ်ဝန်းကျင်အသစ်တစ်ခု ဖြစ်မှာပါ။ ကျွန်တော် ကျောင်းတက်တုန်း၊ တက္ကသိုလ်တက်တုန်းက ကျွန်တော့်အတွက် အရေးပါဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချိန်တွေဟာ အားလပ်ချိန် တွေမှာ ဖြစ်ပျက်ခဲ့တာပါ။ တကယ်လို့ အတန်းအားလုံးသာ ZOOM လို အွန်လိုင်းစာသင်ခန်းမှာပဲ ဖြစ်ပျက်တယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ အားလပ်ချိန်တွေမှာ တွေ့ဆုံစကားပြောဆွေးနွေးဖို့ အခွင့်အရေး ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်ချို့သောအရာတွေကတော့ အကြီအကျယ် ပြောင်းလဲသွားမယ် ထင်ပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ ပဓာနအခြေခံကျတဲ့အချက်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ လူမှုရေးသတ္တဝါတွေပါ။ အချင်းချင်း ပြောဆိုထိတွေ့ရတာကို ကျွန်တော်တို့ အလွန်နှစ်သက်ကြတယ်။ ကိုယ်ချစ်ခင်ရတဲ့တစ်‌ယောက်ယောက် ဖျားနာတယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ကူညီလိုကြတယ်။ ဒီဗိုင်းရပ်စ် က အဲဒီအချက်ကို အသုံးချပြီး ကျွန်တော်တို့ကို အနိုင်ယူနေတာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ နေထိုင်ပြုမူမှုပုံစံတွေကို ကျွန်တော်တို့ပြောင်းလဲဖို့ လိုအပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့လူသားတွေရဲ့ ဘဘာဝနဲ့ပတ်သက်ပြီး အဓိကအခြေခံကျတဲ့အချက်တွေကို ပြောင်းလဲသွားမှာ စိတ်ပူစရာမလိုပါဘူး။ ဥပမာ - (ဥရောပကလူတွေ သန်းပေါင်း ၇၅ ကနေ ၂၀၀ အထိ အသက်ဆုံးရှုံးခဲ့တဲ့ ၁၄ ရာစု) ပလိပ်‌ရောဂါဆိုးကြီး (black death) သော်လည်းကောင်း၊ (လူသန်းပေါင်း ၅၀ကျော်သေဆုံးခဲ့တဲ့) ၁၉၁၈ ခုနှစ်တုပ်ကွေးကပ်ရောဂါဆိုးကြီး (1918 Pandemic Influenza) ကသော်လည်းကောင်း လူသားတွေရဲ့သဘာဝကို မပြောင်းလဲစေခဲ့ပါဘူး။ ဒါ‌ကြောင့်မို့ ဒီ ကိုဗစ် - ၁၉ ကလည်း လူသားတွေရဲ့သဘာဝကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့တဲ့ ကပ်ရောဂါတွေကိုကြည့်မယ်ဆိုရင်.. ဥပမာ အမေရိကန်ကို ကြည့်မယ်ဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ ကပ်ရောဂါထက် အိတ်စ် (AIDS) ကပ်ရောဂါက အများကြီးပိုဆိုးဝါးပါတယ်။ ခုနေမှာ ကိုရိုနာ ကူးစက်ခံရတယ်ဆိုရင် အသက်ရှင်နိုင်ခြေအများကြီး ရှိပါတယ်။ ၁၉၈၀ အစောပိုင်း ကာလမှာတော့ ခင်ဗျားမှာ အိတ်စ် ရှိတာနဲ့ ခင်ဗျားသေတာပဲ။ သေမိန့်ချခံလိုက်ရသလိုပဲ။ အဲဒီ ၁၉၈၀ အစောပိုင်းကာလကဆို အစိုးရရဲ့တုန့်ပြန်လုပ်ဆောင်ပုံကိုကြည့်မယ်ဆိုရင် လူနာတော်တော် များများကို အစိုးရက စွန့်လွှတ်လျစ်လျူရှုတာကိုတွေ့ရမှာပါ။ အထူးသဖြင့် နိုင်ငံရေးသမားတွေက ဒါဟာ အခြောက်တွေကို ဘုရားသခင်ကဒဏ်ခတ်တာပဲဆိုပြီး ပစ်ထားကြတာပါ။ အခြောက်တွေမရှိလေ ကောင်းလေပဲ ဆိုတဲ့သဘောနဲ့ပါ။ တကယ်တမ်းကျတော့ LGBT အသိုင်းအဝိုင်းတွေဟာ အိတ်စ် ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်းမှာ ပိုလို့တောင် ခိုင်မြဲလာပါတယ်။ အဲဒီလူတွေဟာ သူတို့ကိုယ်ထဲမှာ အရင်ကသူတို့မှာ မရှိဘူးထင်ခဲ့တဲ့ ခွန်အားတွေရှာတွေ့ခဲ့ကြတယ်။ သူတို့အချင်းချင်း ဖျားနာတဲ့ တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြဖို့၊ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ အချင်းချင်းမျှဝေဖို့၊ နိုင်ငံရေးအသိမှတ်ပြုမှုကို ရရှိဖို့၊ လုပ်ဆောင်စရာတွေ ဆောင်ရွက်နိုင်ဖို့ လုပ်အားပေးအဖွဲ့တွေ ထူထောင်လာခဲ့ကြတယ်။ ထပ်‌ပြောရမယ်ဆိုရင်.. AIDS ကလည်း လူသားတွေရဲ့ဘသာဝကို မပြောင်းလဲခဲ့ ပါဘူး။ ဒီ ကိုဗစ်-၁၉ ကလည်း ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး။

James: အဲဒါပဲကြည့်ပါတော့။ ခင်ဗျားအဲ့လိုပြောရတာ ကြားရတာနဲ့တင် တော်တော်လေး စိတ်ချမ်းသာသွားတယ်။ ဘာလို့လဲဆိုတော့ ဒါကြီးပြီးသွားရင် လူသားတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လိုပြောဆိုပြုမူကြမှာလဲဆိုတဲ့ ဒီကိစ္စက ကျွန်တော့်ကို လှိုက်စားနေတာကြာပေါ့။ ဒီအခက်အခဲတွေရဲ့ တခြားတစ်ဖက်မှာ မျှော်လင့်စရာတွေ ရှိပါသေးတယ်လို့ ခင်ဗျားယူဆတာပေါ့။


Harari: အမှန်ပါပဲ။ ဒီအပြောင်းအလဲဟာ တစ်ချို့လူတွေအတွက်တော့ အင်မတန်ရှည်လျားပြီး ခက်ခဲမှာပါ။ ဒါပေမယ့် တကယ်တမ်းပြောရရင် လူသားမျိုးနွယ်တစ်ခုလုံးအနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ကပ်ရောဂါအကျပ်အတည်းကြီးတစ်ခုကို ကျော်လွှားဖို့အတွက် လိုအပ်တဲ့အရာမှန်သမျှ ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ။ အရင်ဆုံးအနေနဲ့ ဘာကြောင့် ဒီရောဂါဖြစ်ရတယ်၊ ဒီရောဂါ ပျံ့နှံ့ကူးစက်မှုကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အရာတွေကို သိပ္ပံနည်းကျကျ ကျွန်တော်တို့ နားလည် ကြတယ်။ ပလိပ်ကပ်ရောဂါဆိုးကြီး (the Black Death) ဖြစ်တုန်းကဆို လူတွေရဲ့အကြီးမားဆုံး ပြဿနာက မသိနားမလည်မှုပါ။ ကိုယ့်အနီးဝန်းကျင်မှာ လူတွေ သန်းနဲ့ချီသေနေပြီ.. ဒါပေမယ့် ဘာကြောင့်လူတွေခုလိုသေကြတာလဲ၊ အဲဒါနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ဘယ်သူ့မှ ဘာမှမစဉ်းစားမိဘူး။ အဲဒီခေတ်က ပဲရစ်စ်တက္ကသိုလ်နဲ့ ပဲရစ်စ်ဆေးပညာဌာနရဲ့ အကောင်းဆုံးခန့်မှန်းချက်က ဒါဟာ နေရဲ့ နက္ခတ်ဂြိုဟ်ဆိုင်ရာ အနေအထားကြောင့်ဖြစ်မယ် ဆိုတာပါပဲ။ အဲဒါက သူတို့ရဲ့ အကောင်းဆုံးခန့်မှန်းချက်ပါ။

လူတော်တော်များများက ဒါဟာ ဘုရားသခင်က ပြစ်ဒဏ်ပေးတာပဲ။ ဒါ‌ကြောင့် ငါတို့ ဘုရားကျောင်းကိုသွားပြီး ဘုရားသခင်ဆီက ခွင့်လွှတ်ခြင်းကို တောင်းခံဖို့ပဲ လိုအပ်တယ်လို့ ပြောခဲ့ကြတယ်။ အဲဒီ ကပ်ရောဂါဆိုးကြီးဟာ ကြွက်တွေမှာရှိတဲ့သန်းတွေကနေလာတဲ့ အင်မတန်သေးငယ်တဲ့ ရောဂါပိုးကြောင့်ဖြစ်တယ်လို့ ဘယ်သူမှ မသိခဲ့ကြဘူး။ ၁၄ ရာစုက အဲဒီကပ်ရောဂါကို မ‌ပြောပါနဲ့ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်ကဖြစ်တဲ့ ၁၉၁၈ တုပ်ကွေးရောဂါ ကပ်ဆိုးမှာတောင် အတော်ဆုံးသိပ္ပံပညာရှင်တွေက ကပ်ကြီးအတွင်းမှာပဲ ဒါဘာကြောင့်ဖြစ်တာလဲလို့ ကြိုးစားရှာဖွေကြတယ်။ အဲဒါမှာလည်း တကယ့်ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် အစစ်အမှန်ကို ဘယ်သူမှရှာမတွေ့ခဲ့ကြဘူး။ 

အခုဆိုရင်.. ကျွန်တော်တို့ဟာ ဒီ Covid-19 ဟာ ဘယ်ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်ဆိုတာ တိတိကျကျသိတယ်၊ အဲဒီဗိုင်းရပ်ရဲ့ စု‌ပေါင်းဗီဇ (genome) တစ်ခုလုံးကို စီစဉ်ချနိုင်ပြီး ယုံကြည်စိတ်ချလို့ရတဲ့ စစ်ဆေးမှုတွေကို အချိန် ၂ ပတ်အတွင်းမှာ ဖော်ဆောင်နိုင်ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဘယ်အချိန်တုန်းကထက်မဆို ပိုကောင်းမွန်တဲ့အနေအထားမှာ ရှိနေကြပါတယ်။ ကျွန်တော်တို့မှာ သိပ္ပံအသိပညာ၊ အတတ်ပညာတွေရှိတယ်။ လောလောဆယ် ကျွန်တော်တို့ တကယ်လိုအပ်နေပြီး ကျွန်တော်တို့မှာ မရှိတာက ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို ကောင်းကောင်းအသုံးချမယ့် နိုင်ငံရေးအသိပညာပဲ ဖြစ်ပါတယ်။ လက်ရှိပြဿနာ တွေထဲက အကြီးမားဆုံးပြဿနာကတော့ နိုင်ငံတကာစုပေါင်းလုပ်ဆောင်မှုမရှိတာနဲ့ ကမ္ဘာလုံးဆိုင်ရာ စုစည်းညီညွှတ်မှုပဲ ဖြစ်ပါတယ်။

ကျွန်တော်က ဒီဗိုင်းရပ်စ်ကို မကြောက်ပါဘူး။ လူသားမျိုးနွယ်ရဲ့ ဖုံးကွယ်ထားတဲ့ အတွင်းစိတ်ရိုင်းတွေကိုပဲ ကြောက်ပါတယ်။ ဒီအကျပ်အတည်းကို စုစည်းညီညွှတ်မှုနဲ့ မဟုတ်ဘဲ လောဘတရား၊ အမုန်းတရားတွေနဲ့ တုံ့ပြန်နေကြတဲ့လူတွေကို ကြောက်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအန္တရာယ်ပါပဲ။

James: ဒါပေမယ့် သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် အီဘိုလာ အကျပ်အတည်းတုန်းကဆို ဂျီ (၇) ခေါင်းဆောင်တွေ အတူတကွစုစည်းပြီး သမ္မတ အိုဘားမားက ဦးဆောင်လို့ ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်မဟုတ်လား။ ခုကျတော့ လက်ရှိအမေရိကန်သမ္မတက အဲဒီလိုလုပ်ဖို့ စိတ်ဝင်စားမှုမရှိသလိုပဲ။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်ကမ္ဘာခေါင်းဆောင်ကို လမ်းညွှန်မှုတွေပေးဖို့ ချဉ်းကပ်နိုင်ပါသလဲ။ အဲဒီလိုရော ဖြစ်လာမယ်လို့ ခင်ဗျားထင်ပါသလား။


Harari: အင်း.. ခုလောလောဆယ်တော့ ရင့်ကျက်တဲ့လူကြီးတစ်ယောက် မရှိသလိုမျိုးအခြေအနေပါပဲ။ ကမ္ဘာလုံးဆိုင်ရာတာဝန်ကို ဘယ်သူကမှမယူကြဘူး။ ဒါကြောင့်လည်း ခုချိန်မျာ ကျန်းမာရေး နယ်ပယ်နဲ့ ပတ်သက်လို့ဖြစ်စေ၊ စီးပွားရေးနယ်ပယ်နဲ့ ပတ်သက်လို့ဖြစ်စေ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက် အစီအစဉ်တစ်ရပ် ကျွန်တော်တို့မှာ မရှိတာပါ။ နိုင်ငံတော်တော်များများက ကိုယ့်နိုင်ငံအကျိုးကိုပဲ ကိုယ်ကြည့်ပြီး ရှားပါးတဲ့အရင်းအမြစ်တွေဖြစ်တဲ့ ဆေးပစ္စည်းကိရိယာတွေကိုရဖို့ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နေရပါတယ်။ အစဉ်လာအားဖြင့်တော့ အမေရိကန်က လူကြီးတစ်ယောက်နေရာ ဝင်ယူပါတယ်။ ဥပမာ - အီဘိုလာ ကပ်ရောဂါနှင့် ၂၀၀၈ စီးပွားရေးအကျပ်အတည်း လိုကိစ္စတွေမှာပေါ့။ အမေရိကန်က ‌ရှေ့ထွက်လာပြီး လူသားတစ်ရပ်လုံးရဲ့ခေါင်းဆောင်နေရာယူပါတယ်။ ပြီးတော့ နိုင်ငံအများအပြားကို စုစည်းပြီး အဆိုးဝါးဆုံးသောရလဒ်ဖြစ်မလာဖို့ စီမံကာကွယ်နိုင်ခဲ့တယ်။ ခုကျတော့ အမေရိကန်က ကမ္ဘာ့ခေါင်းဆောင်ဆိုတဲ့နေရာကို ထီးနန်းစွန့်လိုက်တယ်။ ရှင်းရှင်းပြောရရင်.. “ဒီနေရာကို ငါ မလိုချင်တော့ဘူး။ ငါ့ကိုယ်ငါပဲ ဂရုစိုက်တော့မယ်” ဆိုပြီး နောက်ဆုတ်သွားသလိုပေါ့။ 

တစ်ဖက်မှာလည်း သူ့နိုင်ငံတွင်းမှာ ဒီကိုဗစ်ကပ်ရောဂါကို အမေရိကန်က ကိုင်တွယ်တဲ့ပုံစံကို ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးအတွက် အမေရိကန်က တာဝန်မယူတာကပဲ ကံကောင်းတဲ့ပုံစံဖြစ်နေတာ တွေ့ရတယ်။ 

ဘာလို့လဲဆိုတော့ အမေရိကန်က ဒီကပ်ရောဂါကို ကိုင်တွယ်မှုပုံစံက ရှိရှိသမျှသောနိုင်ငံအားလုံးထက် ဆိုးရွားနေလို့ပါ။ တရုတ်နိုင်ငံနဲ့ မယှဉ်ကြည့်ပါနဲ့ဦး.. တောင်ကိုးရီးယား၊ နယူးဇီလန်.. နောက်ဆုံး ဂရိ လို နိုင်ငံနဲ့ပဲ ယှဉ်ကြည့်ပါဦး။ ဒီကမ္ဘာ့ကပ်ရောဂါကို ထိန်းသိမ်းကိုင်တွယ်တဲ့နေရာမှာ ဂရိနိုင်ငံဟာ အကြီးအကျယ်အောင်မြင်တာကို တွေ့ရတယ်။ တကယ်လို့သာ ဂရိနိုင်ငံ နှင့် အမေရိကန်နိုင်ငံ ၂ နိုင်ငံထဲက နိုင်ငံတစ်ခုခုက ကမ္ဘာကိုဦးဆောင်ပြီး လုပ်ငန်းဆောင်ရွက်ချက်အစီအစဉ်တစ်ခုကို ချမှတ်ရမယ်ဆိုရင် ကျွန်တော်ကတော့ ဂရိနိုင်ငံကို ရွေးမှာ အသေအချာပါပဲ။

မူရင်း အင်တာဗျူးအပြည့်အစုံကို ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။
Yuval Noah Harari on COVID-19's Impact on Humankind
https://www.youtube.com/watch?v=sRRhvwkV7L0&t=720s

(စာကြွင်း - ဥရောပနိုင်ငံတွေရဲ့ ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်လို့..

စပိန်မှာ ကူးစက်ခံရသူ - ၂၁၃၀၂၄၊ သေဆုံးသူ - ၂၂၁၅၇
အီတလီမှာ ကူးစက်ခံရသူ - ၁၈၇၃၂၇၊ သေဆုံးသူ - ၂၅၀၈၅
ပြင်သစ်မှာ ကူးစက်ခံရသူ - ၁၅၅၈၆၀၊ သေဆုံးသူ - ၂၁၃၄၀
ဂျာမနီမှာ ကူးစက်ခံရသူ - ၁၅၁၀၂၂၊ သေဆုံးသူ - ၅၃၅၄
ဂရိမွာ ကူစက္ခံရသူ - ၂၄၀၈၊ ေသဆုံးသူ ၁၂၁

ကိုးကား https://coronavirus.jhu.edu/map.html
၂၃.၄.၂၀၂၀ ရက်နေ့ ညနေ ၁၀း၁၄ မိနစ် အချိန်ထိ)

ဂရိဟာ သူတို့နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်ရပ်စ် လူနာမတွေ့ခင်ကတည်းက လူပေါင်းများစွာကို စမ်းသပ်စစ်ဆေးမှုတွေကြိုလုပ်တယ်။ လူတွေကို သီးသန့်ခွဲနေခိုင်းတယ်။ ဘယ်လူနာမှ မတွေ့ခင် ပြည်သူတွေကို အသွားအလာ ကန့်သတ်တယ်။ ထပ်ဆောင်းဆရာဝန်တွေများစွာကို ကြိုတင်ပြီး အရန်သင့်ငှားထားတယ်။ အသက်ရှုစက်တွေ ကြိုဝယ်ထားတယ် စသည်ဖြင့် လုပ်ဆောင်စရာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်တဲ့အတွက် ဒီကပ်ရောဂါကို ကာကွယ်ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးရဲ့ အတုယူစရာ စံနမူနာဖြစ်လာနေပါတယ်။ အသေးစိတ်ကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။

Greece has become global role model to beat COVID-19? Coronavirus News

https://www.youtube.com/watch?v=pRpOtx00tBY

မြန်မာပြည်ကြီး ဒီကပ်ဆိုးကြီးကို အမြန်ဆုံးကျော်လွှားနိုင်ပါစေ။ အားလုံး စည်းကမ်းရှိပြီး သတိနဲ့ဉာဏ်နဲ့ ကိုယ့်ကိုယ်ကိုယ်ရော တပါးသူတွေကိုပါ ကာကွယ်ကြပါစို့။ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း