Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၃



လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၃

(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၀

ဦးဆုံးခရာမှုတ်သူ ဒေါက်တာ ကျန်းကျိရှမ်း

ဝူဟန်ကိုပြန်ဖွင့်ပေးလိုက်ပြီး တနိုင်ငံလုံးနဲ့ဆက်သွယ်မိသွားတဲ့အခါ ကပ်ရောဂါကြီးဖြစ်ပွားနေတုန်းက (လူနာတွေကို အသက်ကယ်ရတဲ့လုပ်ငန်းကိုပဲ ဦးစားပေးနေရလို့) သေသေချာချာ မလေ့လာမိ၊ မစစ်ဆေးမိတာ၊ မှတ်တမ်းမတင်မိတာ၊ လွတ်သွားတာတွေ တသီတသန်းကြီး ပေါ်လာပါတော့တယ်။ ဒီတင်... ရောဂါဖြစ်သူဦးရေ၊ သေဆုံးသူဦးရေ၊ ပြန်ဆန်းစစ်ရပြန် စာရင်းသွင်းရနဲ့။ဒ ါ့အပြင် ပုံပြင်အသစ်တွေလည်းပေါ်ထွက် လာပြန်ပါတယ်။

သူတို့တွေကတော့ ဒါတွေကို နောင်ထပ်မဖြစ်ပွားတော့အောင် သင်ခန်းစာယူနိုင်ဖို့ ... တဲ့။

ဟုတ်ပါရဲ့။ ဒါတွေဟာ လူထုကျန်းမာရေးစနစ်သစ်တရပ် ပေါ်လာရေးအတွက် အကျိုးရှိပါတယ်။

တရုတ်ပြည်မှာ မေလ(၁)ရက် (အလုပ်သမားနေ့-မေဒေးနေ့) နီးလာရင် နိုင်ငံတော်အဆင့် စံပြလုပ်သားအမည်စာရင်းတွေ ကြေညာတတ်ပါတယ်။

အခုလည်း ၂၀၂၀ခုနှစ်အတွက် စံပြလုပ်သားအမည်စာရင်းတွေ ကြေညာရာမှာ ဝူဟန့်က ဆရာဝန်တယောက် ပါလာပါတယ်။ သူမက ဟူပေပြည်နယ်ဆေးရုံကြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုဌာနက ဌာနမှူး ဒေါက်တာကျန်ကျိရှမ်းပါ။ သူက ဘာဖြစ်လို့ စံပြလုပ်သားဆု ရသလဲဆိုတော့ ဝူဟန့်မှာ ထူးခြားပြင်းထန်တဲ့အဆုပ်ရောင်ရောဂါတမျိုး စတင်ဖြစ်ပွားနေပြီဆိုတဲ့ သတင်းကို ဒီဇင်ဘာ (၂၇) ရက်နေ့ကရပ်ကွက်ဆိုင်ရာ (အဲဒီကမှတဆင့် ပြည်နယ်) ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနကို အကြောင်းကြားခဲ့လို့တဲ့။ဒီတော့ ဒီရောဂါနဲ့ပတ်သက်လို့ ဦးဆုံးခရာမှုတ်သူ (whistler blower) ဟာ ဒေါက်တာကျန်ပေါ့။

ဧပြီလ (၂၂) ရက်နေ့မှာ ဒေါက်တာကျန်နဲ့ တွေ့ဆုံမေးမြန်းခန်းကို တရုတ်ရုပ်မြင်သံကြားအစီအစဉ်က ( C.G.T.N) လွှင့်သွားပါတယ်။

ဒေါက်တာကျန်က အဲဒီတုန်းကအဖြစ်အပျက်ကို ဒီလိုပြောပြပါတယ်။

၂၀၁၉ ဒီဇင်ဘာ(၂၆)ရက်နေ့မနက်ပိုင်း သူဆေးခန်းကို အမျိုးသမီးကြီးတဦးရောက်လာတယ် တဲ့။ဆောင်းတွင်း တုပ်ကွေးရာသီဖြစ်လို့ စစ်နေကျ တုပ်ကွေးရောဂါဖြစ်မဖြစ် သေချာအောင် သွေးစစ်ကြည့်တော့၊ ဘာမှမတွေ့ရဘူး ... တဲ့။ ဒါပေမဲ့ လူနာက အသက်ရှုခက်ခဲတယ်ပြောလို့ အဆုပ် စီတီဓာတ်မှန်ရိုက်ကြည့်လိုက်တော့ တခါမှမတွေ့ဖူးတဲ့ အဆုပ်ထဲကအဖြူရောင် တိမ်လိပ်တွေမျိုးတွေ တွေ့လိုက်ရသတဲ့။ ဒီတော့ သူကထူးဆန်းတဲ့အတွက် စောင့်ကြည့်ဖို့ သူ့အဆောင်မှာပဲ ဆေးရုံတက်ခိုင်းလိုက်ပါတယ်။

နောက်နေ့ (၂၇ ရက်) မနက် အဲဒီအမျိုးသမီးကြီးရဲ့ ခင်ပွန်းက ခေါင်းမူးတယ် ဆိုပြီး ရောက်လာပြန်တယ်။ ဒီတခါတော့ သားက အဖော်ပါလာသတဲ့။ သူလည်း မသင်ကာတာနဲ့ (၂) ယောက်စလုံးကို အဆုပ် စီတီရိုက်ကြည့်လိုက်တာမှာတော့ မိသားစု (၃) ဦးလုံးရဲ့ ဓာတ်မှန်တွေဟာ (ခံစားနေရတဲ့ လက္ခဏာများ မတူညီပေမယ့်) တပုံတည်းထွက်နေပြီး အရင်ကလည်း မမြင်ဖူးတဲ့ပုံစံမျိုး ဖြစ်နေရော။ ဒီတော့ သူတို့လို ကူးစက်ရောဂါ ကုဆရာဝန်များ လိုက်နာရမယ့် စည်းကမ်းအတိုင်း စနစ်တကျ ရပ်ကွက်ဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနကို အကျိုးအကြောင်း လှမ်းပြောရပါတယ်။ ညနေပိုင်းမှာ အဲဒီဌာနက ခေါင်းဆောင်များကိုယ်တိုင် လာပြီး အဲဒီလူနာ (၃) ယောက်လုံးကို တွေ့ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ပါတယ်။

၂၈ ရက်မှာ နောက်လူနာ (၂) ယောက်။ ၂၉ ရက်မှာ နောက်ထပ်လူနာ (၂) ယောက် စုစုပေါင်းလူနာ (၇)ယောက် တူညီတဲ့လက္ခနာများ ရှိနေတော့၊ အဲဒီနေ့မှာ သက်ဆိုင်ရာဌာန  (၁၀) ခု က (ပြည်နယ်ကရော၊ ဗဟိုကပါ စုံစမ်းရေးအဖွဲ့တွေ ပါ ပါတယ်။) ခေါင်းဆောင်တွေစုပြီး ဆွေးနွေးတိုင်ပင်ကြပြီး အဲဒီလူနာ(၇) ယောက်စလုံးကို ပြည်နယ်ဆေးရုံကြီးကို ရွှေ့ပြောင်း ခေါ်ယူသွားကြပါတယ်။ (စကားချပ် - အဲဒီလူနာ (ရ)  ဦးလုံး ပြန်ကောင်းလာကြတယ် ... တဲ့။)

ဒါကတော့ ဇာတ်လမ်းအစပါပဲ။ ဒီနောက်မှာ ကိုဗစ်၁၉ ရောဂါကပ်ဘေးကြီး အရှိန် ပြင်းပြင်းနဲ့ ဝူဟန့်ကိုဝင်တိုက် ပါတော့တယ်။

ဒေါက်တာကျန်က သူ့အနေနဲ့ အထက်ကို လှမ်းအကြောင်းကြားစဉ်က ဒီလောက်ကြီးမားတဲ့ ပြသာနာကြီးဖြစ်လာမယ်လို့ မထင်မိပါဘူး တဲ့။ သူက ကူးစက်ရောဂါကုသတဲ့ ဆရာဝန်ဖြစ်တော့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ရင် ထူးခြားမှုရှိရင် ရှိသလို ပုံမှန်လမ်းကြောင်းတွေကနေ အထက်အဆင့်ဆင့်ကို  အကြောင်းကြားရပါတယ်။ တာဝန်ရှိသူများက စနစ်တကျ သိပွံနည်းကျ ရှာဖွေဖော်ထုတ်ပြီးမှ အများပြည်သူကို ပြောရတာ။ တဲ့။

သူက ခါတိုင်းလည်း (ဥပမာ - တီဘီအဆုပ်ရောဂါတွေ ကုသရာမှာ ဆေးပြီး ရောဂါပိုးတွေ တွေ့ရတဲ့အခါမျိုး) အဲသလိုပဲ အထက်ကို အကြောင်းကြားနေကျ တဲ့။

ဒီတော့ သတင်းထောက်က အထက်က ဒီလိုကိစ္စမျိုး ဖုံးဖိထားဖို့ရော ဖိအားပေးတာခံရသလား လို့မေးပါတယ်။

ဒီတော့ သူက မပေးပါဘူး။ ၂၇ရက် နေ့ခင်းပိုင်းမှာ အကြေားင်းကြားလိုက်ပြီး ညနေဆို ခေါင်းဆောင်တွေ ဆေးရုံရောက်လာပြီး စစ်ဆေးတော့တာပဲ တဲ့။

သတင်းထောက်က ဆက်ပြီး ဒေါက်တာကျန်ကို တရုတ်ပြည်တွင်းကသိပေမယ့် နိုင်ငံတကာမှာတော့ ဒေါက်တာ လီဝင်လျှံကိုပဲ ကိုဗစ်၁၉ကပ်ဘေးကို ပထမဆုံးသတိပေးသူလို့ ပြောနေကြပါတယ်။ ဒီအပေါ်ဘယ်လို သဘောထားပါသလဲ လို့မေးတော့ ...
ကျွန်မအတွက်ကတော့ ဒီလိုနိုင်ငံတော်အဆင့် စံပြလုပ်သားဆုရတာဟာ တသက်တာအတွက် ဂုဏ်ယူစရာပါ။ ကျွန်မ ဆေးဝန်ထမ်းတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်သွားမှာပါ။ ကျန်တာတွေကတော့ ကျွန်မအတွက် ဘာမှအရေးမကြီးပါဘူး လို့ ပြောပြီ းဆက်ပြောတာက ကျွန်မက အထက်ကိုအကြောင်းကြားတာ သူများတွေထက် နည်းနည်းပဲစောတာပါ။ ၂၈-၂၉ရက်နေ့တွေမှာ တခြားဆေးရုံတွေကလှမ်းအကြောင်းကြားတာတွေ ရှိလာနေပါပြီ ... တဲ့။

ဒေါက်တာလီက (၃၀) ရက်နေ့မှာမှ သူမိတ်ဆွေအဝန်းအဝိုင်း (ဝီချက်မှာ) သတိပေးတဲ့အနေနဲ့ တင်တဲ့ သတင်းလေးကို ဝိုင်းယူပြီး အင်တာနက်မှာဖြန့်လိုက်လို့ ဒီသတင်းအုတ်အော်သောင်းနင်းဖြစ်သွားတာ ... တဲ့။

ဒါ့အပြင် ဒေါက်တာလီက ကူးစက်ရောဂါကုဆရာဝန် မဟုတ်လေတော့ တချို့ လုပ်ရိုးလုပ်စဉ် “မူ”တွေ မသိတာလည်း ရှိနိုင်ပါတယ်။ ဒီတခေါက် ကပ်ရောဂါဘေးမှာ အများဆုံးကူးစက်ခံရသူများဟာ မျက်စိ၊ နား၊နှာခေါင်း လည်ချောင်းဌာနက ဆေးဝန်ထမ်းတွေဖြစ်ကြတာ။ ကျွန်မတိုကကတော့ ကူးစက်ရောဂါ ကုနေကျသူတွေဖြစ်တော့ ကိုယ့်ဟာကိုယ် ကာကွယ်တတ်ကြပါတယ််...  တဲ့။

(တခြားတွေ့ဆုံမေးမြန်းခန်းတခုမှာလည််း ဒီလိုကြားလိုက်ရတာရှိပါတယ်။ ဝူဟန့်မှာ ဒီကပ်ရောဂါဖြစ်လာတော့ ဆေးဝန်ထမ်း ( အထူးသဖြင့်(I.C.U အထူးကြပ်မတ်ဆောင်)တွေ အတော် မလုံမလောက်ဖြစ်လာလို့တခြားဌာနက ဆေးဝန်ထမ်းတွေကို သင်တန်းတိုလေးပေးပြီး ဝင်ခိုင်းလိုက်ရတာ ... တဲ့။ ဒါ့ကြောင့် လုပ်နေကျမဟုတ်တဲ့ ဆေးဝန်ထမ်းတွေ အတော်များများ ထိကုန်တာ တဲ့။ နောက်ပိုင်း ဒါကို သင်ခန်းစာယူပြီး သတိထား ဆောင်ရွက်ရတယ် လို့ ပြောတာ ကြားရပါတယ်။ ဟုတ်ပါတယ်။ နောက်ပိုင်း အဲဒီလူနာခန်း ဝင်ခါနီးရင် ဝင်မယ့်ဆေးဝန်ထမ်းတွေ ဝတ်ဆင်ထားတဲ့ ကာကွယ်ရေးဝတ်စုံတွေ စနစ်တကျရှိမရှိ စစ်ဆေးတဲ့အဖွဲ့တောင် ရှိလာတာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်််း နောက်ပိုင်း (အထူးသဖြင့် တပြည်လုံးက ဆေးဝန်ထမ်းပေါင်း (၄) သောင်းကျော် လာရာမှာ ) တယောက်မှ မကူးသွားပါဘူး။)

သတင်းထောက်က ဆက်မေးတာရှိပါသေးတယ်။

ဒေါက်တာကျန်ကို ဘာလို့ ဒီစံပြလုပ်သားဆု ပေးရသလဲဆိုတာ ကြေညာတာမှာ ဒီကပ်ရောဂါအကြောင်းပထမဆုံး အကြောင်းကြားသူဖြစ်တဲ့အပြင် နေ့စဉ်ရက်ဆက် လူနာများရဲ့မှတ်တမ်းကို အထက်ကို တင်ပြရာမှာ အလွန်အသေးစိတ် စနစ်တကျ ဖြစ်တာတွေ့ရတယ် လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် ဒေါက်တာကျန်ရဲ့ လူနာမှတ်တမ်းများကို ကြည့်ပါရစေ ... လို့ခွင့်တောင်းတော့

ဒေါက်တာကျန်က သတင်းထောက်ကိုရော ဓာတ်ပုံဆရာကိုရော ကာကွယ်ရေးဝတ်စုံတွေ သူကိုယ်တိုင်ဝတ်ပေးပြီး သူရုံးခန်းထဲ ခေါ်သွာပါတယ်။

အဲဒီမှာ သူလက်ရေးနဲ့ လူနာတွေရဲ့မှတ်တမ်းတွေကို သတင်းထောက်ကို ပြပါတယ်။

စံပြဆုပေးတဲ့ အကဲဖြတ်ပုဂွိုလ်များ ပြောတာ မှန်ပါတယ်။

သူမှတ်တမ်းမှာ နေ့စွဲ၊ နာရီ၊ အချိန် အတိအကျပါတယ်။

လူနာပြောတဲ့ သမိုင်းအပြည့်အစုံ ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေ ပါတယ်။

ဓာတ်ခွဲခန်းစစ်ဆေးချက်တွေ၊ ဓာတ်မှန်စစ်ဆေးချက်တွေ ၊ ဘာကြောင့်လုပ်ရတယ်ဆိုတာတွေ ပါတယ်။

ကျွမ်းကျင်သူများရဲ့မှတ်ချက် - ဘာဆက်လုပ်ရမယ် ဆိုတာတွေ ဘာတွေ ဆက်လုပ်ထားတယ် ဆိုတာတွေအကုန် ပါပါတယ်။

ပြီးတော့ ဒီမှတ်တမ်းတွေကိုကော်ပီကူးပြီး အထက်ကို ဆက်တင်ဖို့ မှတ်ချက်လည်း ရေးထားတာ တွေ့ရပါတယ်။

ဒေါက်တာကျန်ရဲ့ လုပ်ရည်ကိုင်ရည်ကိုသာမက တာဝန်ယူမှု၊ တာဝန်သိမှုကိုလည်း ပြသတဲ့မှတ်တမ်းများပါ။

သြော် ... ဒါ့ကြောင့် နိုင်ငံတော်အဆင့် စံပြလုပ်သားဆု ရတာကိုး။

လှကျော်ဇော
၂၄-၂-၂၀၂၀။
ကိုးကား - The Point with Liu Xin  - April.22 -  (www.cgtn.com)