Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၂၊ ၂၀၂၀


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၂၊ ၂၀၂၀

(မိိုးမခ) ဧပြီ ၁၅၊ ၂၀၂၀
(သူ့ဖေစ်ဘွတ်က ကူးပါတယ်)

လူတွေ အိမ်မှာ ပိတ်မိနေတဲ့အခါ


အရက်တွေ ပိုသောက်၊ လင်မယားတွေ ရန်ပိုဖြစ်၊ တချို့စိတ္တဇတွေ ဖြစ်၊ အဆိုးတွေ ပိုဖြစ်တယ်။

တချို့ကတော့ ထရန့်၏ နေ့စဉ်သတင်းစာရှင်းလင်းပွဲ ကြည့်ပြီး ပိုပိုပြီး အသက်တိုကုန်ကြတယ်။

အချို့သော ကလေး လူကြီးတွေကတော့ ဂိမ်းတွေ ပိုဆော့ကြတယ်။ ပျော်စရာ အာရုံတွေနောက် စိတ်ကို ပြောင်းထားကြတယ်။

အခု ကိုဗစ်၁၉ ခေတ်ဆိုးကြီးအောက်မှာ သမီးက Nintando Switch - Anaimal Crossing အသစ်ဝယ်ဆော့တယ်။ ဒီ နီတင်းဒိုးဂိမ်းဆက်ဟာ တလောကမှ အသစ်ထွက်တယ်။ ဝိုင်းပြီး အားပေးလိုက်ကြလို့ အခုတောင် ဝယ်မရတော့ဘူး ဖြစ်နေတယ်တဲ့။

ကွန်ပျူတာဂိမ်းပဲဖြစ်ဖြစ် ဂိမ်းကွန်ဆိုးနဲ့ပဲ ဖြစ်ဖြစ် ဂိမ်းဆက်နဲ့ပဲ ဖြစ်ဖြစ် ဆော့ကြတာမှာ နီတင်းဒိုး - 'တိရစ္တာန်များနဲ့ ဖြတ်သန်းခြင်း' ကစားနည်းဟာ အခြားဂိမ်းများနဲ့ မတူပါဘူး။

ကျွန်းလေးမှာ မိမိဘာသာ တိရစ္တာန်ကလေးများနဲ့ အိမ်ဆောက် လယ်ယာစိုက်၊ ငါးမြှား၊ မိတ်ဆွေများဆီ လည်ပတ်၊ သီးခြားကမ္ဘာလေး တည်ဆောက်ပြီး နေထိုင်ခြင်းပါပဲ။

အခြားဂိမ်းများလို ပစ်တာ ခတ်တာ သတ်ဖြတ်တာတွေ၊ ပြိုင်ပွဲတွေနဲ့ အနိုင်အရှုံး အမှတ်အနည်းအများ ပြိုင်ဆိုင်ကြတာမျိုး မဟုတ်ပါဘူး။ အပြင်လောကကြီးက အပြိုင်အဆိုင်တွေ စိတ်သောကတွေကို ဂိမ်းအတွင်းထဲကို ခေါ်ဆောင်လာခြင်း မရှိပါဘူး။ သီးခြား မိမိ၏ ငြိမ်းချမ်းသာယာသော လောကကလေးတည်ဆောက်ပြီီီး အေးအေးလူလူ နေထိုင်ခြင်းမျှသာ ဖြစ်ပါတယ်။

stress များတဲ့ ကျောင်းသားတွေ စိတ်ကူးယဉ်တဲ့ ကလေးတွေ အလုပ်ပိနေတဲ့ အလုပ်သမားတွေဟာ အဲသည် Nintendo Animal Crossing ကို စွဲစွဲလန်းလန်း ဆော့ကြပါတယ်။ အဲသည် Animal Crossing က အခု ဂိမ်းဆက်အသစ်ဖြစ်တဲ့ Nintendo Switch အတွက် မထွက်ခင်ကတည်းက Nintendo DS Set ပေါ်မှာလည်း လူကြိုက်များပြီးသား ထင်ရှားပြီးသား ဖြစ်ပါတယ်။

ကိုဗစ်၁၉ ကပ်ဆိုးကြီးအောက်မှာ ကိုယ်ကျန်းမာသူများတွေထဲက စိတ်ကျန်းမာရေးအတွက် ဂိမ်းဆော့ကြတာ ပျော်စရာပါ။ အထူးသဖြင့် စိတ်ဖိဆီးတာတွေ စိတ်ပေါက်ကွဲတာတွေ မပါတဲ့ စိတ်ကူးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်လောကတည်ဆောက်တဲ့ ဂိမ်းလေးတွေဆော့နေကြတာလည်း ထွက်ပေါက်တမျိုးပဲပေါ့။

သေချာတာကတော့ Nintendo's Switch - Animal Crossing ထဲမှာ ကပ်ရောဂါတွေ ဗိုင်းရပ်စ်ပိုးတွေ မပါပါ။