Breaking News

ဟိန်းနိုင် - မန္တလေး - တရုတ် - မြန်မာနယ်စပ်နယ်စပ်ဂိတ်တွေပိတ်ထားချိန်မှာ

နယ်စပ်ဂိတ်မပိတ်ခင်မြန်မာပြည်ဘက်ထွက်ရန်တန်းစီနေသောမြန်မာနိုင်ငံသားများအလယ်ပေါက်ဂိတ်ကြီး
တရုတ် - မြန်မာနယ်စပ်နယ်စပ်ဂိတ်တွေပိတ်ထားချိန်မှာ
ဟိန်းနိုင် - မန္တလေး
(မိုးမခ) ဧပြီ ၃၊ ၂၀၂၀
 ၁

၂၀၂၀ ဧပြီလ ၁- ရက်နေ့ကစပြီး တရုတ်မြန်မာနယ်စပ် လူဝင်လူထွက်ဂိတ်တွေ ပိတ်လိုက်ပါတယ်၊ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၅-ယောက် ရှိလာချိန် ဖြစ်ပါတယ်။ အဲဒီ့နေရာ  ရွှေလီအနီးပတ်ဝန်းကျင်စက်ရုံတွေမှာက မြန်မာနိုင်ငံကနေ အလုပ်လာလုပ်တဲ့အလုပ်သမားတွေ သိန်းချီရှိနေတဲ့နေရာဖြစ်ပါတယ်။
 မြန်မာအလုပ်သမားတွေဟာ ထိန်ချုံး၊ ပေါက်စန်း၊ မန်စီ၊ ရင်ကျန်း၊ လျှန်ဟော်၊ လုံလင်၊ ကျန်ဖုံ စတဲ့မြို့ပေါ်တွေနဲ့ အဲဒီ့အနီးနားဝန်းကျင်ရွာတွေမှာ အလုပ် လာလုပ်နေကြတာပါ။
ဒီလို နယ်စပ်ရိတ်တွေပိတ်လိုက်တော့ တရုတ်နိုင်ငံတွင်းရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုတော့ တရုတ်အစိုးရ ဘယ်လိုဆက်ဆံမလဲဆိုတာ စဉ်းစားစရာပေါ့။

တရုတ်ပြည်ဘက်မှာ COVID-19-ရောဂါစဖြစ်ချိန်က တရုတ်နယ်စပ်ရှိစက်ရုံတွေပိတ်ချိန်မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံဒေသအသီးသီးဆီ ပြန်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလထဲမှာ တရုတ်နိုင်ငံအတွင်း COVID-19-ကူးစက်မှုအဟုန် ကြီးထွားလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန်မျိုးမှာ  မြန်မာနိုင်ငံံပြန် ရောက်နေတဲ့မြန်မာအလုပ်သမားတွေကို တရုတ်သူဌေးတွေက ပြန်ဆက်သွယ်ပြီး ဖုန်းဆက် ခေါ်ခဲ့ကြပါတယ်။ ဒီလို တရုတ်သူဌေးတွေဖုန်းဆက်ခေါ်ခဲ့တဲ့အတွက် တရုတ်နယ်စပ်စက်ရုံတွေဆီ မြန်မာတွေပြန်ရောက်လာခဲ့ကြပါတယ်။

မျက်မှောက်ကာလမှာတော့ တရုတ်နယ်စပ်ရွှေလီနဲ့ကျယ်ကောင်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနေထိုင်ကြတဲ့နေရာတွေကို အထူးစောင့်ကြည့်လာပါတယ်။ ဒီလိုကြားထဲကပဲ တရုတ်နယ်စပ်အတွင်းနေထိုင်ကြသူ မြန်မာနိုင်ငံသားတွေရှိနေတဲ့ကျောက်ဝိုင်းတွေ၊ ဈေးဆိုင်တွေကိုတော့ အရောင်းအဝယ်လုပ်ခွင့်ပေးထားပါသေးတယ်။ ရှေ့မှာဘာဖြစ်လာမလဲတော့ တွေးနေရတဲ့အခြေအနေလို့ ဆိုရမှာပါ။

ရွှေလီနဲ့ကျယ်ကောင် တရုတ်ပိုင်နယ်စပ်အခြေအနေကိုကြည့်မယ်ဆိုရင် COVID-19-ကိုနိုင်နင်းအောင်ကိုင်တွယ်ဖို့အသင့်ပြင်ထားတဲ့အခင်းအကျင်းတွေ မြင်တွေ့နေရပါတယ်။
တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံအတွင်းကနေ ပထဦးဆုံးဖြစ်လာတဲ့ COVID-19-ကိုကိုင်တွယ်ခဲ့တဲ့အတွေ့အကြုံက  ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်မှာ ခုလို COVID-19-ရောဂါပိုးတွေ့ရှိသူ ၁၅-ယောက်ရှိပြီဆိုတဲ့သတင်းထွက်လာချိန်မှာ နယ်စပ်ဝင်ထွက်ဂိတ်တွေကို ပိတ်လိုက်နိုင်တာက သူ့အတွေ့အကြုံနဲ့ ပိုင်းခြားတွက်ဆပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်လိမ့်မယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမဟုတ်တော့ပါဘူး။

ယနေ့အချိန်မှာတော့  အထက်ကပြောခဲ့သလို ရွှေလီနဲ့ကျယ်ကောင်မှာ မြန်မာပြည်နဲ့ လူဝင်လူထွက်ပိတ်ထားတယ်။ ဆိုတော့ြ မန်မာပြည်ဘက်ကလည်း တရုတ်ပိုင်နယ်စပ်ထဲဝင်လာလို့မရတော့တဲ့အခြေအနေပေါ့။

နှစ်နိုင်ငံကုန်သွယ်မှုကိုပြောရရင်တော့ တရုတ်ပြည်ကကုန်တွေ မြန်မာပြည်ဘက် ပို့မြဲပို့နေဆဲဖြစ်သလို မြန်မာ ပြည်ကကုန်တွေလည်း တရုတ်ပြည်ထဲ ပို့နေမြဲပါပဲ။ တရုတ်ပိုင်နယ်စပ် ရွှေလီနဲ့ကျယ်ကောင်ဒေသမှာ မတ်စ်လဆန်းပိုင်းထဲကစပြီး မတ်စ်လကုန်ပိုင်းအထိ COVID-19-ရောဂါပိုးတွေ့ရှိသူ မည်သည့်နိုင်ငံသားမှ မတွေ့သေးလို့ဆိုသော်ငြား အရောင်းအဝယ်ဈေးကွက်တွေကတော့ မတည်မငြိမ်ဖြစ်နေပါတယ်။

နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် စားဖို့နေဖို့အတွက်အလုပ်တွေကလည်း ခက်ခဲလာမယ်ဆိုရင် တရုတ်ရောက် မြန်မာနိုင်ငံသားတွေဘယ်လိုရုန်းကန်ကြမလဲ၊ မြန်မာပြည်ဘက်ပြန်ဖို့ ကိုတော့ တရုတ်အစိုးရဘက်နယ်စပ်ဂိတ်က ထွက်ခွင့်ပြုနေပါတယ်၊ သို့သော် မြန်မာပြည်ဘက် မူဆယ်ရောက်ရင်တော့ တရုတ်နယ်စပ်ဘက်ကထွက်လာသူမြန်မာပြည်သားကို ၁၄-ရက်စောင့်ကြည့်ကာလသတ်မှတ်ထားပါတယ်။
နယ်စပ်ဂိတ်ပိတ်ထားချိန်တရုတ်ဘက်မှဂိတ်လုခြံရေးယူနေပုံ

COVID-19 -နဲ့ပတ်သက်ပြီး လတ်တလောအခြေအနေကို Kyaw Myo ဆိုတဲ့ဖေစ်ဘုတ်အကောင့်ကနေ သူ့အမြင် သဘေားထားရေးထားတာကိုဝင်ကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။
တရုတ်နိုင်ငံဝူဟန်းမှာစဖြစ်တော့ တရုတ်နိုင်ငံသားတွေကို ဝင်ခွင့်မပြုဖို့ပြောကြတယ်၊ တရုတ်ဘက်နာလို့ ပြောနေတာမဟုတ်ဘူး၊ တရုတ်ကသူ့နိုင်ငံကြီးကိုထိန်းချုပ်စီမံ ကြပ်မတ်တဲ့နေရာမှာ အတုယူစရာကောင်းတဲ့အချက်တွေကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလို့လို့ အခုလိုဆိုပါတယ်။
ဝူဟန်းဆိုတာ လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ Giga city နော်။ ဘယ်လိုတွေထိန်းချုပ်ပစ်တယ်ဆိုတာ လက်တွေ့ပြသွားတယ်။ လေးဘက်လေးတန် ကုန်း ရေ လေ လမ်းကြောင်းအား လုံးအဝင်အထွက်လုံးဝမရှိအောင် ပိတ်ဆို့ပစ်တယ်၊ မြို့တွင်းမှာနေထိုင်နေတဲ့ရောဂါဖြစ်သူတွေနဲ့ သံသယလူနာဆိုတာတွေကို သီးခြားခွဲလိုက်တယ်၊ ကျန်းမာရေးကောင်းမွန်သူတွေကို သီးခြားစီပြီး သူတို့ကို ရေ မီး မပြတ်တောက်ရလေအောင်၊ စားနပ်ရိက္ခာဖူလုံအောင် စီမံဆောင်ရွက်နိုင်ခဲ့တာတွေဟာ အတုယူစရာပါ။
အခုဖြစ်နေတဲ့ အမေရိကန်၊ အီတလီဖြစ်ခဲ့တာတွေဟာ ဝူဟန်းလိုမြို့ကြီးမျိုးပါပဲ။ သို့သော် နိုင်နိုင်းနင်းနင်း မကြပ်မတ်နိုင်တာ မျက်မြင်လက်တွေ့ တွေ့နေရပါတယ်။ မြန်မာပြည်မှာ တရုတ်ဘက်ကိုစိုးရိမ်နေလိုက်ကြရာကနေ တကယ်ဖြစ်လာတော့ တရုတ်ကပြန်လာဝင်လာသူတွေဆီက ကူးစက်တာမဟုတ်ပဲ အမေရိကန်ကဝင်လာသူက စ ကူးစက်ခဲ့တာ ဖြစ်ပါတယ်၊ ဝူဟန်းမြို့ကပြန်လာတဲ့ကျောင်းသားတွေ တစ်ယောက်မှရောဂါမဖြစ်ခဲ့တာ သတိပြုစရာပါ။ ထင်မထားတဲ့အတွက် အမေရိကန်ကနေပြန်လာသူတွေကို Quantity စစ်ဖို့မတွေးခဲ့တဲ့ဆိုးကျိုးဟာ ခုလက်တွေ့ကြုံနေမြင်နေရတာရဲ့အစကနဦးလို့ ဆိုရမလားပါပဲ။
 

လောလောဆယ်တော့ တရုတ်နယ်စပ်လူဝင်လူထွက်ဂိတ်တွေ လချီပိတ်ထားမယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။  တရုတ်အစိုးရ အနေနဲ့ သူနိုင်ငံအတွင်းရောက်နေသူမြန်မာနိုင်ငံသားတွေအတွက်ရော ထည့်သွင်းအဖြေရှာနေသလားတွေးမိပါတယ်။
ဒီလိုပါပဲ၊ တဝမ်းတခါးအတွက် တရုတ်ပိုင်နယ်စပ်အတွင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်ရော မြန်မာအစိုးရအနေနဲ့ အဖြေရှာထားပြီလားဆိုတဲ့ မေးခွန်းသာမဝံမရဲ မေးချင်နေမိပါတယ်။
  
                      ဟိန်းနိုင် - မန္တလေး
                     ၂ - ၄ -၂၀၂၀