Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၁၆

Feb 25, 2020 - Myanmar Protest to block CoronaVirus from China


ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၁၆

(မိိုးမခ) ဧပြီ ၃၊ ၂၀၂၀

အမျိုးတို့ရေ ။ မနေ့က ကိုရိုနာ ဗိုင်းရပ်စ် လူနာ ၂၀ ရှိသွား ပြီနော် ။ လူနာအမှတ် ၁၅ က တဆင့် ကူးနိုင်ချေရှိ တဲ့ - ပေါက်ခေါင်းမြို့နယ် စောင့်ကြည့်လူနာ ၄ ဦး မှာ ပိုး တွေ့တဲ့ သတင်း ။

ကျုပ်လဲ ကိန်း ဂဏန်းတွေကို မုန်းတဲ့ လူ ပါ ။ ဒါပေမယ့် မှတ်မိအောင် ပြန်ရေးဦးမယ်။ ဇန်နဝါရီလ ၃ရက်နေ့ ဝူဟန်မှာ ကူးစက် ၄၄ယောက် တွေ့တာ မှတ်မိတယ်နော် ။ ရက် ၂၀ ကြာ -ဇန်နဝါရီ ၂၃ ရက်နေ့ရောက်တော့ ဝူဟန် မြို့ကို သော့ခတ်သိမ်းဆည်းလိုက်ရတယ်။ Lockdown ။

မတ်လ ၂၃ မှာ အင်္ဂလန် Lock Down ဖြစ်သွားတယ် ။ မတ်လ ၂၆ ကျတော့ အမေရိကန်သေနှုန်းက တရုတ်ကို ကျော်သွားပြီ ။ ကြာလိုက်သလား ပရိသတ်ကြီး ။ ကိုဗစ်ဟာ လေယာဥ်ပျံစီး- တိုက်ခိုက်တတ်သူ ။ တိုက်ခိုက်ရေးကျွမ်းကျင် အဆင့် ၁ ။

မတ်လ ၁၈ ရက် နေ့ တုန်းက ကူးစက် ခံ ထောင်ဂဏန်း လောက်ပဲ ရှိတဲ့ ကမ္ဘာ့ထိပ်သီး နိုင်ငံကြီး။ အခု မတ်လအ ကုန် ( ၂ပတ်အတွင်းမှာ ) ကူးစက်ခံစာရင်းက ၂သိန်း ၄သောင်း။ သေနှုန်းက တရုတ် ရဲ့ ၂ဆ။ ဒီ ကိုဗစ် ဟာ တတ်နိုင်တာ ပိုက်ဆံရှိတာ ပညာတတ်တာ ခေတ်မှီ ဖွံ့ဖြိုးပြီးသားဆိုတာတွေကို တောင် ဖြိုတယ် ။

အခု ကမ္ဘာကြီးဟာ လမ်းမလျှောက်နိုင်တော့ဘူး။ သတိထားမိကြမယ်ထင်ပါတယ်။ အဖျားတက်နေတဲ့ အဆင့်မှာ ။ ရောဂါ ရ တသန်းနှစ်ထောင် ။ သေဆုံး ၅သောင်း တထောင့် ငါးရာရှိပြီ ။ ကူးစက်တာ တသိန်းပြည့်ဘို့ တလခွဲ အချိန်ယူပေမယ့် တသန်းကျော်ဘို့ ကိုတော့ နောက်ထပ် တလခွဲ ပဲ အချိန်ယူ တယ်။ ဒီနှုန်း နဲ့ ဒီ ဧပြီလ ကုန် ရင် ကူးစက်လူနာ ဆယ်သန်းဖြစ်မှာပဲ ။ အဲလိုဆို သွေးအဆိပ်တက်တဲ့ အဆင့်ပဲ ။

တလအတွင်း စပိန်မှာ လူ ၉သိန်း ။ အမေရိကန်မှာက လူ ၆.၆ သန်း အလုပ်လက်မဲ့ ဖြစ်တယ်။ အလုပ်ရှင် အလုပ်သမား စကားများနေတယ်လို့ မကြားမိဘူး ။ သူတို့မှာ စကားများစရာ အချိန်မရှိဘူး ။ သူတို့ စကားများရင်း မသေချင်ကြဘူး။ မြန်မြန်လူစုခွဲ ကြတယ်။ ။ မနေ့က ဗြိတိသျှလေကြောင်းလိုင်း လုံးဝ နားတယ်။ ဝန်ထမ်း သုံးသောင်း ၆ထောင်လဲ နားလိုက်ရတယ် ။ ဘာသံမှ မကြား။

ကိုယ့်ဆီကတော့ သတ္တိကောင်းကြတယ် ။ စက်ရုံတွေ ပိတ်ရလို့ အလုပ်ရှင်အလုပ်သမားပြဿနာ မနေ့က အထိ တက်နေတုန်း တဲ့ ။ မနေ့က အထိ အလုပ်ရှင် အလုပ်သမား နားရေး မနားရေး အချေအတင် ဖြစ်နေကြတုန်း ဆိုပါလား ။ ကိုဗစ်ကတော့ အလုပ်ရှင်လဲ နရင်းပဲ ။ အလုပ်သမားလဲ နသယ်ပဲ ။ မခွဲဘူး ။ တွယ်မှာ ။ လူတန်းစားမရှိဘူး ။

ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးပြင်ဆင်ချက်လုပ်တယ်။ အရင်တလကျော်လောက် တုန်းက လူကောင်းဆိုရင် - ရောဂါ ဖြစ်နေတဲ့သူ မဟုတ်ရင် မျက်နှာစည်းစရာမလိုဘူး ။ မျက်နှာဖုံး စွပ်ပြီး အပြင်ထွက်စရာမလိုဘူး လို့ ပြောခဲ့တယ်။ ဒီနေ့တခါ မျက်နှာစည်းပြီး မျက်နှာဖုံး စွပ်ပြီး သွားကြလာကြတာက ပိုကောင်းပါသတဲ့။ ပို ပြီး ကိုဗစ်ကို တားဆီးနိုင်တယ်လို့ ပြောပြန်ရော ။ သူတို့မှာလဲ အမှား နဲ့ ပြင်ဆင်ချက်တွေ အများသား။ အမေရိကန် မှာ ရောဂါကူးဆက် မြန်လွန်းတာ ရောဂါ ရှိနေတဲ့ လူတချို့က ရောဂါလက္ခဏာ မပြပဲ သွားလာနေကြတာ ရှိလို့ ကူးစက်နေတာဖြစ်နိုင်တယ် ။ လူတယောက် နှာချေလိုက်ရင် ( သုတေသနလုပ်ပြီး တွေ့တာက ) ၈မီတာ ( ၂၄ပေ ) အထိ သူ့နှာခေါင်း-အာခေါင်က အမှုန်အမွှား တွေ လွင့် ။ ကူးစရာရှိရင် ကူးနိုင်တယ် ။ လေလုံ- အခန်းကျဥ်းဆို ပိုကူးစက်တယ်တဲ့ ။

အင်္ဂလန်က ဒီနေ့တနေ့တည်း သေတာ ၅၆၉ ယောက် ။ စုစုပေါင်း ၂၉၂၁ယောက် ဆုံးပါးခဲ့ကြပြီး ။
ဒီနှုန်းနဲ့ သွားရင် နောက် ထပ် ၂ရက်လောက်ကျ တရုတ်ပြည်ကို ကျော်သွားဦးမှာပဲ ။ အမေရိကန် အီတလီ စပိန်တို့ကတော့ တော်တော့် ကို ကျော်သွားပြီးကြပြီ။ အင်္ဂလန် ကူးစက်ခံ ၃ပုံတပုံဟာ လန်ဒန်မှာနေကြ သူတွေ ဆိုတော့ မြန်မာပြည် ပေါက်ကွဲကူးစက် ( Out Break ) ဖြစ် ရင်လဲ ရန်ကုန် အများဆုံး ခံရမယ် ထင်တယ် ။

ဗြိတိန် အစိုးရက သူ ကြွေးပေးထားရတဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီး ဌါနကို အစိုးရဆီမှာ အဲဒီဌါနက အရင်တင်ထား တဲ့ ကြွေး ၁၃.၄ ဘီလီယံကို မဆပ်နဲ့တော့လို့ ပြောလိုက်ရတယ် ။ အခုက မဆပ်နိုင်တဲ့ ဌါနကြီးကို ကြွေးထပ်ပေးရမယ့် ကိစ္စကြီးဖြစ်နေတော့ မထူးတော့ဘူးလေ ။ အရင်တင်နေတဲ့ ကြွေးတွေ လျှော်လိုက်တာအေးတဲ့သဘောပါပဲ ။

အစိုးရကို ကိုဗစ်က ဘာမှ စဥ်းစားချိန် မပေးဘူး။ အပြတ်ဝါးမျိုးပစ် နေတာ။ ဝန်ကြီးချုပ်ကိုယ်တိုင် မနေ့က ခံစားနေရာက အလူးအလဲ ထပြောရတယ်။ ရောဂါပိုး ရှိမရှိ ဆေးစစ်တာတွေကို ဦးစားပေးလုပ်မှ ရမယ်။ ဒါကသာ ကိုဗစ် ပြဿနာရဲ့ သော့ချက်ဖြစ်တယ်။ “ဧပြီလကုန်ရင် လူ တရက်ကို တသိန်း အထိစစ်ပေးနိုင်မယ် လို့ ပြောတယ်။

အခု တရက်ကို နှစ်သောင်းလောက် စစ်ပေးနေနိုင်တာ နှေးနေသေးတယ်တဲ့ ။ ဂျာမဏီက ပို ခေတ်မီပြီး အခုစစ်နှုန်းက တရက် ၅သောင်းနှုန်း ။

အမေရိက မှာ အဏုဇီဝ ဗေဒ ကို ဘွဲ့လွန်လေ့လာနေသူ ကျောင်းသူ ဝင်နီတန်ဆိုတဲ့ ကျောင်းသူလေး ရေးလို့ ကျေးဇူးတင်ရပါတယ်။ သူ ရှင်းပြလို့ Polymerase Chain Reaction (PCR) နည်းနဲ့ ဗိုင်းရပ်စ် ရှိမရှိကို စစ်တယ် ဆိုတဲ့နည်းပညာလေး အကြောင်းကို ဖတ်ရင်း စစ်ဆေးတဲ့ စက်တွေမှာ အကန့်အသတ်ရှိတာကို ကျုပ်လဲ သိသွားရပါတယ် ။

အခုလောလောဆယ် PCR စက် အမျိုးအစား ပေါ်မူတည် ပြီးတော့ တစ်ခါစစ်ရင် ၃၆ ၊ ၇၂၊ ၉၆၊ ။ အများဆုံး ၃၈၄ ခု ထိ စစ်လို့ရတဲ့ စက်တွေ သုံးနေကြတယ် ။ အဲဒါကြောင့် ဆေးစစ်တဲ့ result တွေ ထွက်တာ က တစ်နေ့တစ်နေ့ ကို အကန့်အသတ် နဲ့ပဲ ထုတ်နိုင်တာ လို့ သူရှင်းပြတယ်။ အခု အမေရိကန်မှာ တခါ စက်လည်ရင် ငါးသောင်း အဖြေထုတ်လို့ရတဲ့ စက်ကို မတ်လ ၂၇ရက်နေ့က စ သုံးနိုင်ပြီ။ ဆိုတော့ကာ ကိုယ်တွေက အစိုးရကို များများစစ်ပါ မြန်မြန်စစ်ပါတွေ သွားလောနေလို့ ရမလား ။

ဥရောပ က အဖိုးကြီး အဖွားကြီးတွေ ဂူအောင်းကျင့်စဥ် ကတော့ တလပြည့်ပြီ။ တချို့ ကို ရပ်ရွာက စျေးဝယ်ပေးတယ်။ စားစရာချက် ပြီး ပို့ပေးတယ်။ တချို့က ကိုယ်တိုင်ထွက်ဝယ်ကြတယ်။ သူတို့ဝပ်ကျင်းထဲကနေ လိုအပ်လို့ ကုန်တိုက်တွေကို ထွက် စျေးဝယ်တဲ့ အခါ တန်းစီ တာမကြာရအောင် အချိန်မြန်ရအောင် အဖိုးကြီးအဖွားကြီး တွေကို ဦးစားပေးတဲ့ စနစ် ဆိုင်တွေက လုပ်တယ်။ အိမ်က အွန်လိုင်းက နေ လှမ်း ကြိုတင်မှာ လိုက်ရင်လဲဆိုင်တွေက ကြိုတင်ထုတ်ပိုးပေးထားတဲ့ အစီအစဥ် တွေ စလုပ်နေကြတယ် ။ ငါတို့ ဆီက အဖိုးတွေ အဖွားတွေကို ကော - တောမှာပြန်ဖွက်ထားပြီးကြပြီလား ။ တောပြန်ပြီး ဖွက်ဘို့ မလွယ်တဲ့ လူက မြို့က ဝပ်ကျင်းတွေထဲမှာ သေချာဖွက်ထားကြပါစ ။

ပရီမီးယား လိခ် က တပတ်တပတ် ပေါင်စတာလင် သိန်းချီ ဝင်ငွေရှိတဲ့ ဘော်လုံးသမားတွေ ဘောလုံးမကန်ရတော့ဘူး ဆိုတော့ ရတဲ့ လစာတွေကို လျော့ပေါ့ဘို့ပြောလာကြ ဆွေးနွေးလာကြပြီ ။ တချို့အသင်းတွေ ကစားသမားတွေလဲ တတ်နိုင်သလို လှူဒါန်းတာတွေလုပ်ကြတယ် ။

ဖိလစ်ပိုင် သမတဒူတာတေးက သူ့ စတိုင်မပြောင်းဘူး ။ ကိုဗစ်ကိစ္စ မှာ တိုင်းပြည်က လိုအပ်လို့ ကန့်သတ်ပိတ်ပင် ထားတာတွေကို ချိုးဖေါက်လာ ရင် ဘယ်သူ့ကို မဆို ပစ်သတ်ပိုင်ခွင့် ရဲနဲ့ စစ်တပ်ကို ပေးထားတယ်တဲ့ ။

လူနာအမှတ် ၁၆ - အသက် ၆၃ ( မ ) နဲ့ ပတ်သက်ပြီး မနေ့က မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဝင်းသန္တာဖြူ - ရင်ဖွင့်တာလေးကို ဖတ်မိပြီး ငါ ရင်ထဲမှာ တနေ့လုံး နေမကောင်းဘူး ။ ငါ့မှာလဲ မိသားစု ရှိလို့ ။ ငါ့အလုပ် ငါ့ပတ်ဝန်းကျင် က လူတွေ ငါ့ကြောင့် ထိခိုက်သွားပြီ ဆို ဒီလောက်တော့ ငါလဲ ရေးမိမှာသေချာပါတယ်။

သင်တို့ မရိုးသားမှု ကြောင့် မနက်ဖြန် ကျမတို့တတွေ ဆေးရုံလာဘို့ တွေဝေနေမှာ မဟုတ်ပေမယ့် .ဆေးရုံ ဂျူတီဆင်းပြီး အိမ်ပြန်သင့်လား / မသင့်လား ကျမတို့တွေဝေနေရပြီ ထပ် မမှားကြ ပါနဲ့တော့ ။ သတိထားကြပါ ။
.
ဝူဟန်က လာတဲ့ လေယာဥ်ပျံကိုစောစောစီးစီး ပြန်လွှတ်တဲ့အစိုးရ ။ ဇန်နဝါရီလကတည်းက ကိုဗစ်ကို အရေးတကြီး သတိထား ။ခြေရာကောက် အလုပ်လုပ်နေတဲ့ ကျန်းမာရေးဌါနကို ကျေးဇူးတင်ရကောင်းမှန်းတွေ မသိ။ ကော်ရိုနာဗိုင်းယပ်စ် မဖြစ်ရခြင်းအကြောင်း အစိုးရ ခုချက်ခြင်း ဖြေရှင်းပေး ။ ဆိုတဲ့ ဖေါချင်းသောချင်း ဗီနိုင်းတွေ အမြန်ရိုက်။ လမ်းမပေါ် ထွက် အော်- သူရဲကေောင်းလုပ်တဲ့ သူတွေ အမြင်မှန် အမြန်ရပါမှ ။

အမေရိကန် ကွန်နက်တိကတ် ပြည်နယ်မှာ တလခွဲ ကလေးလေး ကိုဗစ် ကူးစက်လို့ ဆုံးတယ်။ အင်္ဂလန်မှာ ၁၃ နှစ်သား လူငယ်လေး ဘာရောဂါ အခံမှာ မရှိပဲ ကိုဗစ်နဲ့ ဆုံးတယ်။ ငယ်သူတွေ ကိုဗစ်မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆကို မေ့ထားလိုက်တာ ဘေးကင်းပါတယ်ဗျာ။

ဂရမ်မီဆုရ အမေရိကန်အဆိုတော် Adam Schlesinger အသက် ၅၂ နှစ် လဲမနေ့က နယူးယောက်မြို့ မှာ ကိုဗစ်နဲ့ ပဲ ဆုံးတယ်။

တရုတ်မှာ အိုကေလာတယ်ဆိုပေမယ့် ဟူဘင်း ပြည်နယ် Hubei province, နားက လူ၆သိန်းနေတဲ့ နေရာလေးတခု ကို ပြန် ပိတ်ထားရပြန်တယ်နော်။ ကိုဗစ် တကျော့ပြန် လာလို့ ။ သူတို့ ပေါ့ပေါ့ဆဆ မနေကြဘူး ။

အားတက်စရာ ရှိတာက ဒို့လူမျိုး တွေ တချို့ နဲနဲ မိုက်လုံးကြီးပေမယ့် အများစု သိတ်တော့ မညံ့ဘူး ဆိုတဲ့ အချက်။ပြင်ဆင်ချိန်ရတုန်းပြင်ဆင်နေကြတယ်ဆိုတဲ့ အချက် ။ ကိုဗစ်လက်မဦးအောင် ခံစစ်ပြင်နေကြတာ သေချာတယ်။ ရွာတွေ နယ်တွေ အထိ ကိုဗစ်နဲ့ ပတ်သက်ပြီး အသိပညာ အထိုက်အလျောက် ရှိနေ အကာအကွယ်ယူနေကြတာ ကြားရလို့ စိတ်နဲနဲ သက်သာမိတယ် ။ ခြေနင်း လက်ဆေးကန်တွေ နေရာအနှံ့ မှာ တတ်သလို - တတ်နိုင်သလို လုပ်နေကြတာ ။

မနေ့က မိတ်ဆွေ အညာသူမတယောက် တင်လိုက်တာ ဖတ်ပြီး သဘောတွေ ကျနေမိတယ်။ သူ တို့ မိသားစုက ရန်ကုန်မှာ နေရတာ သိတ်ပျော်တော့ပုံ မရဘူး။ ကျုပ်ကို လှမ်းမေးတယ်။ အရောင်းအဝယ်တွေလဲ လုပ်လို့ မရ တော့ ဘူး ဦးလေးရေ ။ ရပ်ကုန်ပြီ ။ ခုလိုပုံ ဆို နယ်ပြန်နေရတာ ပိုလုံခြုံမလားမသိဘူးတဲ့။ ကျုပ်ကလဲ နယ်တွေ ရွာတွေ ဆိုတာက လူဝင်လူထွက်ကိုသာ သေချာစိ စစ်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ လုံလုံခြုံခြုံ နေလိုက်ရင် ကျယ်ကျယ်လွင့်လွင့်နဲ့ ပိုနေလို့ ကောင်းတာပေါ့လို့ ပြောမိတယ်။ မိသားစု ချက်ချင်း နတ်မောက်ကို ပြန်ချ သွားတယ်။ ရွာရောက်တော့ သူတို့ မိသားစုကို ရွာက အဝင်မခံဘူးတဲ့ ။ ရွာအပြင် ဘုန်းကြီးကျောင်းမှာ ၁၄ ရက်နေပေး ရမတဲ့ ။ ၁၄ ရက်ပြည့်မှ ရွာထဲ အဝင်ခံမတဲ့ ။ ဓါတ်ပုံတွေတင် ။ စာတွေရိုက်နဲ့ ။ အညာသူမ ကွာရန်တင်းကျနေတာ ။ ကျုပ်လဲ သဘောတွေကျပြီး စာပြန်ရိုက်လိုက်တယ်။ ညည်းတို့ အမျိုးကို စောင့်ရှောက်တယ် ဆိုတာ အဲဒီနည်း အမှန်ပဲလို့ ။

ခွန်ဆိုင်း ( ၀၃ -၀၄-၂၀၂၀ )