အောင်မော်ဦး - မော်နီတာ ကြည့်နေသူကြီး
![]() |
KT# |
မော်နီတာ ကြည့်နေသူကြီး
အောင်မော်ဦး
(မိုးမခ) ဧပြီ ၃၊ ၂၀၂၀
ဇာတ်ကားက တဝက်ကျိုးနေပြီ
လူဆိုးက ထွက်မလာသေးဘူးလားတဲ့
ပရိတ်သတ်ထဲက
စိတ်ဆတ်ပုံရတဲ့ ငနဲတကောင်က
ဝတ်မှုန်ကူးနေတဲ့ အခန်းကို
ရင်ခုန်ရကောင်းမှန်းမသိ
ဘလိုင်းချည်း ထ အော်တယ်
ဗီလိန်ပါမှ
ဆားဖျားသင့်တဲ့ ဟင်းလို
ကြည့်နေတဲ့ဇာတ်မျောခန်း အသက်ဝင်ဖို့
နစ်နေတဲ့ ဘဝတွေကို
ချောက်ထဲကျပြဖို့ လိုသေးလို့လား
ခင်ဗျား
မြင်ချင်လှပါချည်ရဲ့ဆိုတဲ့ လူဆိုးကရော
ဒိ့ထက်ပို ရက်စက်ပြဖို့ လိုသေးလို့လား
ဟုပ်ကနဲ ထတောက်လိုက်တဲ့ မီးက
ရုတ်ချည်း ငြိမ်းသွားသလိုမျိုး
ပရိတ်သတ်ရဲ့စိတ်က
ပိတ်ကားပေါ် ပြန်ရောက်သွားတယ်
"နှစ်ပေါင်းသုံးဆယ်ကြာသော်" ဆိုတဲ့
စာတန်းအဆုံးမှာ
လူပါးမဝသေးတဲ့ကောင်က ထပ်မေးတယ်
လူဆိုးက ဘယ်တော့ထွက်လာမှာလဲတဲ့
ရိုက်ကွင်းမှာ
မော်နီတာကြည့်နေသူဟာ
ဒီဇာတ်ကြီး တခုလုံးရဲ့ ဒါရိုက်တာပါပဲ
ခင်ဗျားရှာနေတဲ့ ဗီလိန်ကို
ပိတ်ကားပေါ်မှာ မတွေ့ခဲ့ဘူးဆိုတဲ့အကြောင်း
ဒဘလျူ၊ ဒဘလျူ၊ ဒဘလျူ၊ ဒေါ့
ဖေ့ဘုတ် ဒေါ့ကွန်းဆိုပြီး
သူ့အကောင့်ကိုသာ မက်ဆေ့ချ် ပို့ပါလေ။
အောင်မော်ဦး
ဧပြီ၊ ၂၊ ၂ဝ၂ဝ။