Breaking News

ကိုသန်းလွင် - အိန္ဒိယနှင့် ကိုရိုနာ ဗိုင်းရပ်




ကိုသန်းလွင် - အိန္ဒိယနှင့် ကိုရိုနာ ဗိုင်းရပ်

(မိိုးမခ)  ဧပြီ ၆၊ ၂၀၂၀

(၁)

အင်္ဂါနေ့ (၂၄-၃-၂၀၂၀) ညနေပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ်နီရန်ဒါမိုဒီ (Narendra Modi) က ၁.၃ဘီလီယံမျှရှိသော အိန္ဒိယလူထုကိုမိမိအိမ်တွင်းမှာသာ ၂၁ ရက်ကြာနေကြရမည်ဟုအမိန့်ထုတ်ပြန် လိုက်ပါသည်။ ယခင်ကမကြုံဘူးခဲ့သော ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှုကို ကာကွယ်ရန်အတွက် လူတို့၏ အသွားအလာကို ထိမ်းချုပ်ရခြင်း (Lock Down) ဖြစ်ပါသည်။ စက်ရုံအလုပ်ရုံများတွင်မိမိတို့နေထိုင် ရာအိမ်မှမဟုတ်ဘဲ နေရာရွှေ့ပြောင်း၍အလုပ်လုပ်နေကြသူ လူပေါင်း ရာပေါင်းထောင်ပေါင်းများစွာတို့ ရှိကြရာ ထိုမိန့်ကြောင့် သွားစရာမရှိ နေစရာမရှိ ဖြစ်ကုန်ကြပါသည်။

(၂)

ဇန်နဝါရီနောက်ပိုင်းတွင်အိန္ဒိယသို့ကိုရိုနာဗိုင်းရပ်ရောက်လာခါစက အိန္ဒိယသည် လေယာဉ်ပျံ များ ဆိုက်ရောက်လာခြင်းကိုကန့်သတ်ခြင်း၊ လေဆိပ်တွင် လူတို့၏အပူချိန်ကိုတိုင်းတာခြင်းတို့ဖြင့်တုန့် ပြန်ခဲ့ပါသည်။ နေ့စဉ်နှင့် အမျှ ဗိုင်းရပ်ပြန့်ပွားပြီးဖြစ်သော ဥရောပ နှင့်ပင်လယ်ကွေ့မှခရီးသည်များ အ များစုပါဝင်သောလူ ၈၀,ဝ၀ဝ ထက်မနည်းရောက်လာကြခြင်းကြောင့် ရောဂါပြန့်ပွားရခြင်းဖြစ်ပါသည်။ နိုင်ငံနှင့်အဝှမ်း လူဦးရေထူထပ်သောအရပ်များတွင်တစ်ဦးနှင့်တစ်ဦးနီးကပ်စွာနေလေ့ရှိသဖြင့်အစိုးရ ၏ ကြေညာခြင်းမှာ ဤရောဂါကို ကာကွယ်ရန်အတွက်လိုအပ်လှပါသည်။

တရုတ်ပြည်မှသတင်းအချက်အလက်များမှသိရသည်မှာ ကွန်ထရိုး လုပ်မထားသော သွေးတိုး နှင့်ဆီးချိုရောဂါရှိသူများအတွက်Covid-19 ရောဂါမှာသေစေနိုင်ပါသည်။ အိန္ဒိယပြည်၏ သုံးပုံတစ်ပုံမှာ သွေးတိုးရောဂါရှိပြီး လူ ၁၀ဦးလျင်တစ်ဦးထက်မနည်း ဆီးချိုရောဂါများရှိကြပါသည်။ တရုတ်ပြည်တွင် ကလေးများမှာ ဤရောဂါမကူးစက်ကြပါ။ သို့သော်အိန္ဒိယတွင်အစားအစာလုံလုံလောက်လောက် မစား ရသောသူ ကလေးများမှာ သန်းချီ၍ရှိပါသည်။

အိန္ဒိယပြည်တွင် အဆုပ်ရောဂါ၊ နျူမိုးနီးယား၊ ဆေးလိပ်သောက်ခြင်းနှင့် ညစ်ညမ်းသောလေထု တို့ရှိခြင်းကြောင့်၄င်းတို့သည်အသက်ရူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများဖြစ်ပွားလွယ်စေပါသည်။ နွေခါနေပူလျင်ဤရောဂါမကူးနိုင်ဟုယုံကြည်ကြသော်လည်း အပူချိန်မြင့်တက်လာသောကြောင့်ရောဂါ မဖြစ်ပွားနိုင်ပါဟုပြောသောသိပ္ပံဆိုင်ရာတွေ့ရှိချက်မရှိ သေးပါ။

ယခင်ကခန့်မှန်းကြသည်မှာ ဇူလိုင်လကုန်လျင်အိန္ဒိယနိုင်ငံသား သန်း ၃၀ဝ မှ ၅၀ဝ အတွင်း ဤရောဂါ ကူးစက်ကြလိမ့်မည်ဟူ၍ဖြစ်ပါသည်။ များစွာသောလူနာတို့တွင် လက္ခဏာပြမည်မဟုတ်ဘဲ ၁၀ပုံ တစ်ပုံ ၃၀ သန်းမှ ၅၀ သန်းအထိလူများမှာ ရောဂါကိုဆိုးရွားစွာခံစားကြရပါလိမ့်မည်။

ကွန်ပျူတာမော်ဒယ်များအရပြောရလျင် အဖြစ်အများဆုံးအချိန်တွင် ရောဂါဖြစ်ပွားသူ ၁၀သန်း မျှ ရှိပြီး ထိုလူများထဲမှများစွာသော လူများမှာဆေးရုံတွင်အတွင်းလူနာအဖြစ်ကုသကြရမည် ဖြစ်သည်။

အိန္ဒိယဆေးရုံများတွင် ICU-Intensive Care Unit အိပ်ရာပေါင်း တစ်သိန်းခန့်ရှိပြီး လေရူစက် (Ventilator) ပေါင်း၂၀,ဝ၀ဝ ခန့်ရှိပါသည်။ သို့သော်မြို့ကြီးများတွင်သာရှိနေခြင်းဖြစ်ပါသည်။ အီတလီ ပြည်မှဆရာဝန်များလုပ်သကဲ့သို့ လေရှုစက်ကိုဘယ်သူရထိုက်သည်၊ ဘယ်သူမရထိုက်ဘူးဟုဆုံးဖြတ် ရသာကိစ္စများ မှာအိန္ဒိယတွင် အဖြစ်ပိုများစရာရှိ ပါသည်။


ဤရောဂါကြောင့်သေဆုံးမှုများတစ်ကမ္ဘာလုံးအခြေအနေအရရောဂါဖြစ်ပွားသူ၏ ၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်းမျှရှိပါသည်။ သို့ရာတွင် အိန္ဒိယထက်ကျန်းမာရေးအခြေအနေအဆင့်မြင့်သောနေရာများ မှာဖြစ်ပြီး အိန္ဒိယတွင် ကျန်မာရေးနှင့်ပါတ်သတ်၍ ခိုင်ခံ့သော (Infra Structure) နည်းစနစ်များမရှိပါ။ စီးပွားရေးဆိုင်ရာအင်အားပြည့်စုံသောနိုင်ငံများနှင့် တရုတ်ပြည်ကဲ့သို့လူအများအသွားအလာကိုအများ ကြီးစည်းကြပ်နိုင်မှုမရှိလျင် (Lockdown)လုပ်သည်မှာသာအကောင်းဆုံးအခြေအနေပင်ဖြစ်ပါလိမ့်မည်

မိုဒီကအသွားအလာကိုစည်းကြပ်လိုက်ချိန်တွင် အိန္ဒိယရှိရောဂါဖြစ်ပွားသူ ၅၀ဝ ခန့်ရှိပြီး လူ ၁၀ ယောက်မျှသေခဲ့ပြီးပါပြီ။ (နောက်ပိုင်း ၁၁၁၇ ဦးမှသေသူ၃၂ဦးရှိလာပါသည်) လူများရောဂါအဖြစ်နည်း ရသည်မှာရောဂါစမ်းသပ်သည့်တက်စ်ကစ်(Test Kit) မလုံလောက်သောကြောင့်လည်းဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ခန့်မှန်းရသလောက် အိန္ဒိယရောဂါဖြစ်ပွားမှုမှာအနည်းဆုံး ၂၁,ဝ၀ဝ ခန့်ရှိပါသည်။

အိန္ဒိယ ဆေးကောင်စီ (Council For Medical Research) ကခန့်မှန်းသည်မှာ လူဦးရေသွား လာမှုကိုထိန်းချုပ်ထားခြင်းဖြင့် ရောဂါဖြစ်ပွားသူဦးရေကို ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိထိမ်းချုပ် နိုင်ပါလိမ့်မည်။ မေလဆန်းတွင်ရောဂါဖြစ်သူ အများဆုံးဖြစ်မည်ဟုခန့်မှန်းထားရာလူဦးရေဖြန့်ကျက်မှု အနည်းအများပေါ်တွင် မူတည်ပြီးလူတစ်သန်းခန့်ဆေးရုံတက် ကုသမှုခံယူရမည်ဟု ခန့်မှန်း ထားပါ သည်။ အကယ်၍ ထိန်းချုပ်ထားမှုမရှိပါက လူဦးရေ ၅ သန်းမှ ၁၀ သန်းအထိ ရောဂါကူးစက်ဖွယ် ရှိပါ သည်။

လူနာဦးရေအများဆုံးအခြေအနေရောက်သည်ထိ ၄ ပါတ်မှ ၆ ပါတ်အထိအချိန်ရပါသေးသည်။ ဤကာလမတိုင်မီရောဂါရှိမရှိ ဆန်းစစ်သော တက်စ်ကစ် များနှင့် (PPE Personal Protective equipment) ခေါ်ပုဂ္ဂိုလ်လုံခြုံမှုကာကွယ်ရေးဝတ်စုံများကိုပြည့်စုံအောင် လုပ်ထားရန်လိုပါသည်။ ရောဂါရှိသူများကိုရှာဖွေရေး၊ သူထိတွေ့ခဲ့သူလူများကိုရှာဖွေရေး (Contact Tracing) စသောကိစ္စ များအတွက် ပြင်ဆင်ထားရန်လိုပါသည်။ မြို့ကြီးများတွင် သန့်ရှင်းသော သီးသန့်ထားရန်နေရာ (Quarrantine) နှင့် အိပ်ရာနေရာ များကို အဆင်သင့်ထားရှိရန်လိုအပ်ပါသည်။

နယူးဒေလီတွင် ရော၈ါကုသရန်နေရာနှင့်ဆေးရုံများကို အဆင်သင့်ဖြစ် စေရန်လိုအပ်ပါသည်။ တချိန်ထဲမှာ ကျန်မာရေးလုပ်သားများကို လူနာကို စောင့်ရှောက်ကုသနည်းများကို သင်တန်းပေးထား ရန်လိုအပ်ပါသည်။

နှစ်ကုန်ပိုင်းတွင် ရောဂါသည် တစ်ဖန်ပြန်၍လာစရာအကြောင်းရှိပါသည်။ အိန္ဒိယမှ လူပေါင်း များစွာ ထိုရောဂါ ခံနိုင်ရည်ရှိမရှိမသေချာသေးပါ။ လူများ၏ (Antibodies) များကိုခံနိုင်ရည်ရှိမှုများအား လူထုအတွင်း စမ်းသပ်မှု (Survey) လုပ်ကြည့်မှ သာသိနိုင်ပါလိမ့်မည်။

လူတို့၏ အသွားအလာများကို ထိန်းချုပ်ခြင်းဖြင့် လူသန်းပေါင်းများစွာတို့ကို ရောဂါဘေးမှ ကာ ကွယ်ခဲ့ပါသည်။ လူဦးရေ သန်းငါးရာခန့်မှာတစ်နေ့လုပ်မှ တစ်နေ့စားရပြီးသူတို့မှာ စုဆောင်း ငွေ ဟူ၍ သီးသန့်မရှိပါ။ ကာရာလာ၊ တမီနာဒူးနှင့် အူတာပရာဒက်ရှ နယ်များတွင်နေ့စဉ်ထောက်ပံ့ငွေများကိုပေး မည်ဟု ကြေညာပြီးဖြစ်ရာအခြားနယ်များမှာလည်း ကြေညာဖွယ်ရှိပါသည်။

(၃)

ကြာသပတေးနေ့ကအိန္ဒိယဘဏ္ဍာရေးဝန်ကြီးမှ တိုင်းပြည်ကိုအကြပ်အတည်းမှကယ်တင်ငွေ အဖြစ် ၂၀.၆ ဘီလီယံ အကုန်အကျခံမည်ဟု ကြေညာခဲ့ပါသည်။ ၄င်းတွင် တိုက်ရိုက်ငွေပေးမှု၊ ထမင်း ချက်ရန် ဂက်စ်၊ စားစရာဆန်နှင့် ဂျုံဖြန့်ဝေခြင်းတို့ ပါဝင်ပါသည်။ အိန္ဒိယအစိုးရတွင် သိုလှောင်ထား သော စားစရာအမြောက်အများရှိပြီး ၄င်းတို့ကို ဖြန့်ဝေပေးရန်သာလိုပါသည်။

ယခုအိန္ဒိယနိုင်ငံ၏ ၄၀ ရာခိုင်နှုန်းမှာ ငွေကြေးကိုဒီဂျစ်တယ်နည်းဖြင့် ဖြန့်ဝေပေးနိုင်ပါသည်။ ဆင်းရဲသားတို့သည် ဘဏ်အကောင့်ရှိခြင်းတို့ကြောင့် ငွေကြေးကို လွယ်ကူအလျင်မြန်စွာသူတို့၏အိတ် ထဲအရောက်ဖြန့်ဝေပေးနိုင်နေပါပြီ။ လနှင့်ချီ၍ ကြာမည့်ကာလများအတွက် ဤပိုက်ဆံကို အသုံးပြုနိုင် ကြပါပြီ။

နိုင်ငံနှင့်အဝှမ်း ကျန်းမာရေး၊ ကာကွယ်ရေးပစ္စည်းများမလုံလောက်မှုကြောင့် ပြောဆိုမှုများရှိရာ အစိုးရနှင့် အစိုးရမဟုတ်သော ပရိုက်ဗိတ် ကုမ္ပဏီများ စုပေါင်း၍ ထိုပြဿနာကိုလျင်မြန်စွာဖြေရှင်းပေး ရန်လိုအပ်ပါသည်။ လာမည့် ရက်သတ္တပါတ် ၄ ပါတ်သည် အိန္ဒိယပြည်အတွက်အလွန်အရေးကြီးသော အချိန်များဖြစ်ကြပါသည်။ လူပေါင်း ၁.၄ဘီလီယံတို့၏ အနာဂါတ်ရေးသည် ထိုအလုပ်များအပေါ်တွင် မူတည်၍ပြောင်းလဲရပါလိမ့်မည်။

ကိုသန်းလွင်

Ref: What India needs to fight Virus. By Ramanan Laxminarayan: New York Times March 27 2020