Breaking News

အမေရိကန်က ပြည်နယ် ၈ ခုု ကိုဗစ်၁၉ ထိန်းချုပ်မှု မလုပ်သေး


အမေရိကန်က ပြည်နယ် ၈ ခုု ကိုဗစ်၁၉ ထိန်းချုပ်မှု မလုပ်သေး

(မိုးမခ) ဧပြီ ၆၊ ၂၀၂၀

အမေရိကားမှာ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် (မတ်လ တတိယပတ်ကနေ ဧပြီလဆန်းအတွင်း)  ၃သိန်း၃သောင်းကျော် ကူးစက်ခံရ၊ လူ ၉သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကားက ပြည်နယ် ၅၀ မှာ ၄၈ ပြည်နယ်က အိမ်တွင်းမှာပဲ နေထိုင်ကြဖို့ ခြေချုပ်အမိန့် (Stay at Home) ထုတ်ပြန်ထားပါတယ်။ အလုပ်တွေကိုလည်း အရေးပေါ်လုပ်သားများမှအပ အိမ်ကနေ အလုပ်လုပ်ကြဖို့ (work from home) ညွန်ကြားထားပါတယ်။ မလိုအပ်ပဲ အပြင်မထွက်ကြဖို့ တဦးနဲ့ တဦး ၆ ပေ ခွာနေကြဖို့လည်း (Social Distancing) ပြောထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်ရောဂါကူးစက်မှုကိို အရှိန်ချဖို့ လူနာတွေ အများကြီး အချိန်တိုတိုအတွင်း မတိုးအောင် လုပ်တာပါ။

အဲသည်လို စိုးရိမ်မှုတွေနဲ့ ပြည်နယ်အစိုးရတွေ ဆောင်ရွက်နေချိန်မှာ ရီပတ်ဘလစ်ကန်ဝန်ကြီးချုပ်တွေ အုပ်ချုပ်ထားတဲ့ ပြည်နယ် ၈ ခုကတော့ ကိုဗစ်၁၉ ထိန်းချုပ်နိုင်ရေး အမိန့်ကို မလိုက်နာဘဲ နေမြဲအတိုင်း နေထိုင်ဆဲဖြစ်ပါတယ်။ အဲသည်အတွက် ရောဂါတွေ မထိန်းသိမ်းနိုင်ဖြစ်လာမှာစိုးရိမ်လို့ အများကတော့ ပူပန်နေကြပါတယ်။ သူတို့ကတော့ သူတို့သမ္မတကြီးပြောထားသလို ပြည်နယ်တွေအဆင့်မှာ သူတို့ သဘောပဲလို့ ပြောထားတော့ သူတို့ဝန်ကြီးချုပ်တွေ သဘောအတိုင်း အမိန့်ကို အသက်မသွင်းဘဲ ထားတာဖြစ်ပါတယ်။

ပြည်နယ် ၈ ခုကတော့ - Arkansas, Iowa, Nebraska, North Dakota, South Carolina, South Dakota, Utah, and Wyoming တို့ ဖြစ်ပါတယ်။ သူတိုု့ပြည်နယ်တွေက လူဦးရေ မထူထပ်ဘူး၊ လူနေ ကျဲပါးတယ်၊ အလုပ်အကိုင်သဘာ၀မှာလည်း စိုက်ပျိုးရေး မွေးမြူရေးများပြားတယ်။ မြို့ပြထက် ကျေးလက်ပိုများတယ်၊ ဒါကြောင့် မြို့ပြထူထပ် ခရီးသွားများပြားသော အခြား ပြည်နယ်များကဲ့သို့ မဖြစ်ပွားနိုင်ဘူးလို့ ဆင်ခြေပေးကြပါတယ်။ ကူးစက်ရောဂါအထူးဆရာဝန်ချုပ်ကြီး ဒေါက်တာ ဖူချီကတော့ အဲသည်ပြည်နယ်တွေ ရဲ့ စဉ်းစားဆင်ခြင်တုံ့တရားကိုု နားမလည်နိုင်ဘူးလို့ ညီးတွားပါတယ်။ 'တိုင်းပြည်တခုလုံး ဘာဖြစ်နေသလဲဆိုတာကို ကြည့်ရမယ်။ အများနဲ့အတူူ ဝိုင်းလုပ်ဖို့ နားလည်မှု ရှိရမယ်လို့ " ဆရာဝန်ကြီးက ပြောကြားပါတယ်။

အဲသည်ပြည်နယ်တွေဟာ လူဦးရေ ထူထပ်မှု နည်းသလို၊ ကျန်းမာရေးစောင့်ရှောက်မှုမှာလည်််း ပြည်နယ်ကြီးများကဲ့သို့ အားကောင်းခြင်း မရှိပါဘူး။ သည်အတွက် ကပ်ရောဂါဆိုက်ရောက်ရင် အကာအကွယ်ပစ္စည်း၊ ဆေးရုံ ဆေးခန်း၊ ကျန်းမာရေးဝန်ထမ်း အားမကောင်းလို့ အဖိတ်အစင် များနိုင်လို့ ကြိုကာကွယ်သင့်တယ်လို့ အများက ဝေဖန်နေကြပါတယ်။ ယခင်အပတ်ကတော့ သူတို့လို ခေါင်းမာနေတဲ့ ပြည်နယ်တခုဖြစ်တဲ့ ဥက္ကလာဟိုးမားက ကိုဗစ်ကာကွယ်ရေး - stay at home order ထုတ်ပြန်လိုက်ခဲ့ပါတယ်။