Breaking News

ဝါကျဖြူ - စာရွက်များနှင့်စကားပြောခြင်း

KT#
စာရွက်များနှင့်စကားပြောခြင်း
 ဝါကျဖြူ
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၀

အိပ်မက်တွေဟက်တက်ကွဲပြီး
သေဆုံးနေတဲ့လူတွေ လမ်းလျှောက်နေကြတယ် ။

တိုက်ခန်းတွေက နှစ်ထပ်ကားတွေပေါ်က
ဆင်းလာကြတာပါ ။
လူအသားတွေကိုသတင်းစကားတွေက
လှိုင်းလိုလုပ်စီးနေကြတဲ့ပင်လယ်ကို
ကျနော်ငေးကြည့်နေမိပါတယ်။

မျက်ဝန်းဆိုတာကွဲရှနေတဲ့ မီးတောက်တွေကို
ချဲ့ကားထားတဲ့ကဗျာဖြစ်တယ်။
အသံတွေချည်းပဲ ဟထားတဲ့သံတိုင်တွေရဲ့
ချိန်းဆိုမှုက အဝတ်တန်းတွေပေါ်မှာ
အဝတ်တွေတလွင့်လွင့်နဲ့ 
ဆီအပြည့်ဖြည့်ထားတဲ့ မြင်းခွာတွေ။

နဘေးကနေ သံသယအသားတွေတင်ပြီး
ဖြတ်မောင်းနေတဲ့ ကွန်တိန်နာကားထဲက
ကပ်ရောဂါတွေလွင့်ဖြာလို့ ။

ကျနော်ဦးခေါင်းပေါ်မှာအကြိမ်ကြိမ်ထုနှက်နေတဲ့ စက်ဘီးတွေဖြတ်သန်းနေကြတယ်။

တကယ်တော့ ဒါတွေဟာ မာဘယ်ကျောက်သားထဲရောက်နေတဲ့ လိင်စိတ်ကို
ကောင်းကင်အဖြစ်တပ်မက်ပစ်လိုက်တာပါပဲ ။

တကယ်တော့ ကျနော်ဟာ ဓာတ်ပုံဆရာ
တစ်ယောက်ရဲ့ နာကျင်မှုထဲမှာ ဆွဲနှုတ်ခံ
ထားရတဲ့ သွားတစ်ချောင်းပါ ။