Breaking News

နေသွင်ညိဏ်း - ကပ်ဘေးနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ မေးခွန်းများ



ကပ်ဘေးနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ မေးခွန်းများ
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၀

(စာရေးသူ မူစတာဖာ အက်ယို သည်ဝါရှင်တန်အခြေစိုက်မူဝါဒရေးရာ အကြံပေးအဖွဲ့ဖြစ်သော ကာတို အင်စတီကျု၏အကြီးတန်းအဖွဲ့ဝင်ဖြစ်ပြီး ပြည်သူ့ရေးရာ မူဝါဒ၊ အစ္စလာမ်ဘာသာနှင့် ခေတ်မီခြင်းတို့ကို သုတေ သနပြုနေသူဖြစ်သည်။ )

ဘာသာတရားကြီးများသည် သွေးတိုးစမ်းခြင်းကို ခံနေရသည်။ တချို့သော ဘာသာရေးခေါင်းဆောင်များ သည် အစဉ်အလာကို ထိမ်းသိမ်းခြင်း ဆိုသော ခေါင်းစဉ်အောက်တွင်လူသားအသက်ကို အန္တရာယ်ကျရောက်စေခြင်းနည်းလမ်းဖြင့် လောကီသီးသန့် ဝါဒထွန်းကားရေးခေတ်ကို ပေါ်ပေါက်စေပါသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးကြီးသည် ကမ္ဘာတွင်းအပြောင်းအလဲကို ပေါ်ပေါက်စေသော အဖြစ်အပျက်ကြီးတစ်ခုဖြစ်လာဖွယ်ရှိသည်။ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအပေါ် နက်နက်ရှိုင်းရှိုင်းသက်ရောက်နေသည်။ ဘာသာရေးအရ ဘုရားသခင်နိုင်ငံတော်ကို ယုံကြည်သူများ၏ လှုပ်ရှားမှု ပြန်လည် ခေါင်းမော့နိုင်စရာလည်း ရှိသည်။ တချို့က ဒီကပ်ဘေးကို ကမ္ဘာပျက်မည့် နိမိတ်အဖြစ် ယုံကြည်နေကြသည်။ တချို့ကလည်း ကပ်ဘေးကြီးကြောင့် ဘာသာတရားအပေါ်ယုံကြည်မှု လျော့ရဲ လာသည်။ ခက်ခဲသော ဆုတ်ကပ်ကာလ ရှည်ကြ ာလာသည်နှင့်အမျှ ဘုရားသခင်က ဒီအတိုင်း ခွင့်ပြုထားရကောင်းလားဟု မေးခွန်းထုတ်ချင်လာသည်။ မေးခွန်းကို တိတိပပ ဖြေနိုင်သူလည်း မရှိပေ။
ဘာသာရေး ကိုင်းရှိုင်းသော လူများပင်လျှင် ကပ်ဘေးကြီးကို စမ်းသပ်မှုတစ်ရပ်အဖြစ် မြင်ကြလိမ့်မည်။ သူတို့ မှန်ပါသည်။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးသည် ဘာသာတရားအားလုံးအတွက် ကြီးမားသော စမ်းသပ်မှု ဖြစ်ပါသည်။ သို့သော်တချို့ ထင်နေသလို ယုံကြည်ကိုးကွယ်မှုသက်သက်ကို စမ်းသပ်ခြင်း မဟုတ်ပါ။ ကျိုးကြောင်း ဆင်ခြင်တုံတရားကိုပါ စမ်းသပ်မှု ဖြစ်ပါသည်။ လူ့အသက်တွေကို ကယ်တင်ရန် ဆင်ခြင်တုံတရားနှင့် ရွေးသလား၊ သို့မဟုတ် လူအများကို အန္တရာယ်ကျရောက်သွားအောင် ဆင်ခြင်တုံ တရားကင်းမဲ့စွာ ရွေးချယ်မလားဆိုသည့် အပေါ် မူတည်ပါသည်။

အဓိကကျဆုံးအပိုင်းမှာ ကျန်းမာရေးအတွက် လိုအပ်ချက်နှင့် ဘာသာရေးထုံးတမ်းအရ လိုအပ်ချက်ကြား ပဋိပက္ခတွင် ဘယ်အပိုင်းကို ဦးစားပေးသလဲဆိုသော အပေါ် မူတည်နေသည်။ ကျန်းမာရေး အသိပညာ နှင့် လိုအပ်ချက်အရဆိုလျှင် ဆေးပညာကျွမ်းကျင်သူများ အကြံပြုသည့်အတိုင်း လူစုလူဝေးကို ရှောင်ရှားခြင်း၊ လူတစ်ဦးနှင့် တစ်ဦး ဝေးဝေးနေခြင်းနှင့် မိမိအိမ်မှာ နေထိုင်ခြင်းတို့ လိုအပ်ပါသည်။ ဘာသာရေး ထုံးတမ်းဓလေ့ဘက်က ချဉ်းကပ်လျှင် လူစုလူဝေးသည် လိုအပ်ချက် ဖြစ်နေသည်။ ခရစ်ယာဉ်ဘုရားကျောင်း၊ ဗလီ၊ ဂျူးဘုရားကျောင်းနှင့် ဟိန္ဒူဘုရားကျောင်း တို့တွင် လူအများစုရုံးရန် လိုအပ်သည်။ ထိုသို့ ဆိုလျှင် မည်သည်အရာကို ဦးစားပေးကြမည်နည်း။
မှန်ကန်သော အဖြေကို ရှာဖွေရန်မှာ ခက်ခက်ခဲခဲ ကိစ္စမဟုတ်ပါ။ ကပ်ရောဂါအဖြစ် အရေးပေါ် ကြေညာလိုက်သော ဖေဖော်ဝါရီနှောင်းပိုင်းကတည်းက ဘာသာရေးခေါင်းဆောင်များနှင့် လူ့အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ ဥပမာ အနေဖြင့် အီတလီမှာ မတ်လဆန်းကတည်းက ကက်သလစ်ဘုရားကျောင်းက ဝတ်ပြုဆုတောင်းပွဲများ အားလုံးကို ရပ်ဆိုင်းခဲ့ပါသည်။ အီတလီ အစိုးရ၏ အရေးယူဆောင် ရွက်ချက်များနှင့် လိုက်လျှောညီထွေ ဖြစ်စေရန် လို့ ဆိုပါသည်။ သိပ်မကြာခင်မှာပဲ ပုပ်ရဟန်းမင်းကြိး ဖရန့်စစ်က စိန့်ပီတာ ရင်ပြင်တွင် တစ်ပါးတည်း ဆုတောင်းပွဲကို ပြုလုပ်ခဲ့သည်။ ထိုရင်ပြင်သည် ပုံမှန် အားဖြင့်ယုံကြည်ကိုးကွယ်သူများဖြင့်ပြည့်နှက်နေလေ့ ရှိပါသည်။ ပုပ်ရဟန်းမင်းကြီးက အစိုးရများ အနေဖြင့် လူ့အသက်ကို ဦးစားပေးထားပြီး၊ လူသားကိုမျိုးတုံးစေရန် လာနေသော ဗိုင်းရပ်စ်ကို ရပ်တန့်နိုင်ရန် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။

ဆော်ဒီ အာရေးဗီးယားတွင်လည်း အစိုးရက မတ်လဆန်းကတည်းက မက္ကာနှင့် မာဒီနာ ရှိ မြင့်မြတ်သော ဗလီနှစ်ခုကို ပိတ်ခဲ့သည်။ ထို ဗလီနှစ်ခုသည်လည်း ပုံမှန် ဆုတောင်းသူများနှင့် ပြည့်နှက်နေလေ့ရှိရာ လူသူကင်းမဲ့နေသော ဓာတ်ပုံများကြောင့် မျှော်လင့်မထားသော အစုံတရာ အမှန်တကယ် ဖြစ်နေတာကို တကမ္ဘာလုံးရှိ မွတ်စလင်များကို သတင်းစကားပေးပြီးသား ဖြစ်ခဲ့သည်။ မွတ်စလင်အများစု နေထိုင်ရာ နိုင်ငံများလည်း ရှေ့ဆင့် နောက်ဆင့် ဆိုသလို လူအများတက်ရောက်သော ဆုတောင်းပွဲများကို ရုပ်သိမ်းခဲ့ကြသည်။ ကူဝိတ်မှာ ပုံမှန်ဆိုရင် ဗလီကို လာရောက် ဝတ်ပြုရန် အသံချဲ့ စက်ကတဆင့် ဘုရားဝတ် တက်ရန် လာကြပါ၊ ကုသိုလ်ကောင်းမှု ပြုရန် လာကြပါ စသဖြင့် နှိုးဆော်မည့် အစား မိမိတို့ အိမ်အသီးသီးမှာ နေရင်း ဝတ်ပြုကြပါလို့ ပြောင်းလဲ နှိုးဆော်ခဲ့သည်။
ဗြိတိန်တွင် အော်သိုဒေါ့စ် ဂျူး အသိုင်းအဝိုင်းကလည်း ပုံမှန် ဝတ်ပြု ဆုတောင်းပွဲကို ရုပ်သိမ်းခဲ့သည်။ အိန္ဒိယတွင် ဟိန္ဒူ ဘုရားကျောင်းများကို ပိတ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာ ဆရာတော်များက ပါးစပ်နှင့်နှာခေါင်းဖုံး ( mask) များကို ကိုယ်တိုင် ချုပ်လုပ်ကြသည်။ 

(မြန်မာနိုင်ငံတွင်း ဘာသာရေးအဖွဲ့အစည်း အသီးသီးက ဘာသာရေး ဆုတောင်းပွဲများ၊ အခမ်းအနားများကိုမလုပ်ကြရန် သက်ဆိုင်ရာ ဘာသာဝင်များကို တိုက်တွန်းသော ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသလို ဘာသာရေး အဆောက်အဦးများကို လူနာများနှင့် ရောဂါ ရှိ၊ မရှိ စောင့်ကြည်ရမည့်သူများကို နေရာချပေးရန် စီစဉ်ပေးခဲ့ကြသည်ကိုတွေ့ခဲ့ရပါသည်။ -ဘာသာပြန်သူ)

သို့သော်လည်း ဘာသာရေးခေါင်းဆောင်တချို့နှင့် တချို့ အသိုင်းအဝိုင်းများသည် ရောဂါကပ်ဘေး ကြိုတင်ကာကွယ်ရေးလမ်းကြောင်းကို မရွေးချယ်ဘဲ အဆင်ခြင်ကင်းမဲ့သောလမ်းကြောင်းကိုရွေးချယ်ခဲ့သည်။ ဘာသာတရားကို အကြောင်းပြပြီး ကြိုတင်ကာကွယ်ရေးကို လက်မခံပယ်ချခဲ့ပါသည်။
ဥပမာ ဖလော်ရီဒါပြည်နယ်ရှိ ခရစ်ယာန် သင်းအုပ်ဆရာ Rodney Howard-Browne က ပြည်နယ်အစိုးရ၏ အမိန့်ကိုအာခံပါသည်။ လူစုလူဝေး မလုပ်ရ အမိန့်ကို လက်မခံဘဲ အသင်းတော်၏ ဘုရား ကျောင်းသည် ဘေးကင်းလုံခြုံရာ နေရာဟု ဆိုခဲ့သည်။ (တားမရသည့် အဆုံးမှာ သင်းအုပ်ဆရာကို ဖမ်းဆီးခဲ့ပါသည်။) သင်းအုပ်ဆရာ နောက်တစ်ဦးဖြစ်သော Jerry Falwell Jr ကလည်း တစ်နိုင်ငံလုံးက ကပ်ဘေးကနေသက်သာစေကြောင်း ဆောင်ရွက်ချက်များကို ပိုလွန်းသဲလွန်းသည်ဟုဝေဖန်ကာ နွေရာသီ ကျောင်းပိတ်ရက်ပြီးနောက် ကျမ်းစာကျောင်း (Liberty University) ကို ပုံမှန်အတိုင်း ပြန်ဖွင့်ခဲ့သည်။ (မကြာခင်မှာပင် ကျောင်း သား ကျောင်းသူ အတော်များများ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရသည်။)

ပေါ့ဆသော နောက်ထပ် ခရစ်ယာန် ခေါင်းဆောင်တစ်ဦးမှာ လက်ဘနွန်ရှိ ကက်သလို ဘုရားကျောင်းမှ သင်း အုပ်ဆရာ Majdi Allawi ဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းဖုံးကို ဝတ်ဆင်ရန်နှင့် လက်ဆေးရန်အဆိုကို သူက လက်မခံခဲ့ပါ။ ယေရူသည် ငါ့အတွက် အကာအကွယ်၊ ယေရှု သည်သာ ငါ့အတွက် လက်သန့် စင်ဆေးရည် ဟု ကြွေးကြော်ခဲ့သည်။
တချို့ အော်သိုဒေါ့ ဂျူးအသိုင်းအဝိုင်းတွင်လည်း ထိုနည်းလည်းကောင်းပင်။ နယူးယော့ခ်တွင် မတ်လမှာ လူတွေကို အသွားအလာ ကန့်သတ်မိန့် ထုတ်ပြန်ခဲ့သော်လည်း သူတို့ အသိုင်းအဝိုင်းက လက်မခံဘဲ မင်္ဂလာ ဆောင်ပွဲနှင့် နာရေးအခမ်းအနားများကို ပုံမှန်အတိုင်း ကျင်းပနေခဲ့ကြသည်။ အစ္စရေးတွင်လည်း အော်သိုဒေါ့ ခေါင်းဆောင်များက ကျမ်းစာကျောင်းများကို ပိတ်ပေးရန် အစိုးရ၏ မေတ္တာရပ်ခံချက်ကို လက်မခံပါဘူး။ ကျမ်းစာကျောင်းများကို ပိတ်လိုက်ခြင်းသည် ကိုရိုနာထက် ပို၍ အန္တရာယ်များသည် ဟု ဆိုကြသည်။ အကျိုးဆက်ကတော့ အစ္စရေးတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိသော အော်သိုဒေါ့ အုပ်စုသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရသော လူနာအရေအတွက်၏ တဝက်ဖြစ်သွားသည်။

မွတ်စလင်ကမ္ဘာတွင်လည်း ကပ်ဘေးကို စိတ်ပျက်စရာကောင်းလောက်အောင် တုံ့ပြန်မှုများ ပေါ်ပေါက်ခဲ့သည်။ ပြောစမတ်တွင်ရသော အဖွဲ့မှာ အိန္ဒိယတွင် ရှိသော Tablighi Jamaat ဆိုနီ မစ်ရှင်အဖွဲ့ဖြစ်သည်။ ကမ္ဘာလုံးတွင် အဖွဲ့ဝင် သန်း ၈၀ ဝန်းကျင်ရှိသည်။ သတိပေးချက် ထုတ်ပြန်ထားသည့် ကြားမှ ရက်ပေါင်းရှည်ကြာ ဆုတောင်းပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ ထို့နောက် နယူးဒေလီ တို့တွင် ပြုလုပ်ခဲ့သည်။ သို့နှင့် ထိုအဖွဲ့သည် တောင်အာရှနှင့် အရှေ့တောင် အာရှတွင် ဗိုင်းရပ်စ် ကို အလျင်အမြန် ပြန့်ပွားသွားအောင်ဖြန့်ဖြူးသူများဖြစ်လာကြသည်။ (ထိုအဖြစ်အပျက်ကြောင့် အိန္ဒိယတွင် ဟိန္ဒူ အမျိုးသားရေးဝါဒီများက မွတ်စလင်များကို ကိုရိုနာဂျီဟတ် လို့စွပ်စွဲပြီး ဘာသာရေး အမုန်းတရားနှင့် အပြစ်တင်မှုများပြုလုပ်ခဲ့ကြသည်။) အမှန်တကယ်မှာ မွတ်စလင်များ၏ အကွက်ချ ကြံစည်မှု မဟုတ်ပါ။ ကိုရီးယားရှိ Shincheonji Church ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ အဖြစ်အပျက်လိုပင် အမူမဲ့အမှတ်မှ ကပ်ဘေး အသွင်ဆောင်သွားခြင်းသာ ဖြစ်ပါသည်။

ဆိုနီနှင့် ရှီယိုက် အများစုရှိသော နိုင်ငံအများစုတွင် အစိုးရများသည် ကြိုတင်ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း အယူသည်းသော အုပ်စုများ၏ ဆန့်ကျင်မှုများလည်း ရှိခဲ့သည်ပင်။ အီရန်သည် ရောဂါ ကူးစက်မှု အဆိုးဆုံးနိုင်ငံများ စာရင်းဝင်ပြီး ရှီယိုက်တို့၏ ဗလီကို အစိုးရက ပိတ်လိုက်သောအခါ ဒေါသထွက်နေသော လူအုပ်ကြီးက အတင်း တိုးဝင်ခဲ့သည်။ ပါကစ္စတန်တွင်လည်း ဘာသာရေးခေါင်းဆောင်များက ဗလီတွင် လူစုလူဝေး မလုပ်ရန် ကန့်သတ်ချက်ကို လက်မခံခဲ့ကြပါ။ သောကြာနေ့ ဝတ်ပြုပွဲကို အတင်းဝင်ပြီး လူစုခွဲရန် ကြိုးစားခဲ့သော ရဲအရာရှိများကို ပရိသတ်က ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ယူကေတွင်လည်း ရှေးရိုးစွဲ မွတ်စလင် ပညာရှင်အုပ်စုက ဗလီများ ပိ မည့် အမိန့်ကို လက်မခံခဲ့ကြပါ။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးတွင် လူနာဘဝရောက်သွားကြရသော ဘာသာရေးခေါင်းဆောင်များသည် ယုံကြည်ကိုးကွယ်ရာ ဘာသာချင်း မတူပေမယ့် တူညီချက်တော့ ရှိပါသည်။ ယင်းမှာ ဓမ္မဓိဌာန်ကျသော သိပ္ပံပညာနှင့် ဆင်ခြင်တုံ တရားကို ဦးစားမပေးဘဲ မိမိတို့၏ ဘာသာရေးအယူအစွဲကို ဦးစားပေးမိခြင်းပင် ဖြစ်သည်။ မည်မျှ ကြီးမားသော အန္တရာယ်ကျရောက်သည်ဖြစ်ပါစေ။ သူတို့ ယုံကြည်ရာ ဘုရားက ကယ်တင်လိမ့်မည် ဆိုသော အချက်ဖြစ်ပါသည်။ သူတို့၏ လက်သုံးစကားမှာ ဘုရားရှေ့မှောက် ဆုတောင်းခြင်းသည်သာ ကြုံနေရသော ကပ်ဘေးမှ လွတ်မြောက်ရာလမ်း ဖြစ်သည် ဆိုသော အီဂျစ်မှ အာရဘီဆရာ၏ စကားအတိုင်းဖြစ်သည်။ ဘုရားသည် ငါတို့၏ ရှေ့မှာ ကာကွယ်ပေးမယ့် ဒိုင်းဖြစ်သည်ဟု ဘရွတ်ကလင်းမှ အစွန်းရောက် အောသိုဒေါ့ ဂျူးတစ်ယောက်က ဆိုပါသည်။ ထိုအပြုအမူသည် ဘာသာမဲ့ သမားများ ဖြစ်သော Richard Dawkins သို့မဟုတ် Sam Harris တို့ အစောကတည်းကဝေဖန်ခဲ့သော မျက်ကန်းယုံကြည်မှုတစ်မျိုးပင် ဖြစ်ပါသည်။ ဘုရားသခင်က ငါတို့အတွက် လေထီးဖြစ်သည်ဟု ဆိုကာ လေယာဉ်ပေါ်ကနေ လေထီးမပါဘဲ ခုန်ချခြင်းနှင့် ဘာမှ မခြားပေ။

မျက်ကန်းယုံကြည်သူများသည် ဤမျှနှင့်မရပ်သေးဘဲ ပိုပြီး အကျည်းတန်သော ဘာသာရေးဆိုင်ရာ သဘော တရားများကိုပင် ဖော်ထုတ်လာကြသည်။ သဘောတရား တစ်ခုမှာ ဘုရားသခင်သည် ယခု ကပ်ဘေးကို လူအုပ်စုတချို့အတွက် ရည်ရွယ်၍ ဖန်ဆင်းသည်ဟု ဆိုလာကြပြန်သည်။ ဂေးနှင့်သဘာဝ ပတ်ဝန်းကျင်သမားတွေအပေါ်အမုန်းခံစိတ်ရှိသော အမေရိကန်ဘာသာရေးခေါင်းဆောင်တစ်ယောက်က အိမ်ထောင်ရေးဖောက် ပြန်သူများနှင့် အမျိုးသားချင်း လိင်ဆက်ဆံသူများကြောင့်ဟု ဆိုသည်။ တူရကီကွန်ဆာဗေးတစ်သမားတစ်ယောက်က တရုတ်တွေကြောင့်ဟုဆိုသည်။ မွတ်စလင်ဘာသာရေး ခေါင်းဆောင်များက ဂျူးတွေကို ပစ်မှတ်ထားသည်ဟု ဆိုသည်။ ဂါဇာမှ အီမန် တစ်ယောက်က အနောက်နိုင်ငံများအတွက် ရည်ရွယ်သည်ဟု ဆိုပြန် သည်။

ကိုနိုနာ ဗိုင်းရပ်စ် ကပ်ဘေးကြီးကြောင့် ကျိုးကြောင်းယုတ္တိမဲ့၊ အကျည်းတန်သော သဘောတရားများ၊ စိတ်နေစိတ်ထားများကို ဘာသာရေးသမားများက ထုတ်ပြလာသောအခါ လောကီသီးသန့် လှုပ်ရှားမှု ပေါ်ပေါက်ရန် အကြောင်းဖြစ်လာသည်။ မွတ်စလင် ကမ္ဘာအတွက် တူရကီ ပညာရှင် တစ်ဦးဖြစ်သော Gokhan Bacik တို့လို ပုဂ္ဂိုလ်များ ကြိုတင် သတိပေးနေသော အနာဂတ်ဖြစ်ပါသည်။ အနီးကပ်ဆုံးနှင့် ဆင်တူယိုးမှာ အဖြစ် အပျက်တစ်ခုမှာ ၁၇၅၅ လက်ဘနွန် ငလျင်ဘေး ဖြစ်ခဲ့သည်။ လူပေါင်း ၅ သောင်း သေဆုံးခဲ့ပြီး အယူသည်းသော ကက်သလစ် သဘောတရားကို တစစီ ဖြစ်စေခဲ့သည်။
ဘာသာရေးခေါင်းဆောင်များက သဘာဝကပ်ဘေးကို မကောင်းမှုနှင့် တွဲလျက် ဟောပြောလေ့ ရှိသော်လည်း တကယ်တမ်းငလျင်လှုပ်ခဲ့သောနေ့မှာ သူတော်စင်များနေ့၊ ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းသူများနှင့်ပြည့်နေသော အချိန်ဖြစ်သည်။ လူအများအပြားသေဆုံးခဲ့သည်။ ယင်းအဖြစ်အပျက်ကြောင့် ဉာဏ်အလင်းခေတ်ပညာရှင်ဖြစ်သော Immanuel Kant က သဘာဝတရားဖြစ်စဉ်ကို သိပ္ပံနည်းကျ ရှင်းလင်းပြဖို့ စိတ်အားထက်သန်စေခဲ့သလို၊ Voltaire ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ဘာသာမဲ့ သဘောတရားနှင့် လောကီသီးသန့် အယူအဆကို ယုံကြည်စေခဲ့သည်။
တစ်ကမ္ဘာလုံးမှ ဘာသာရေးခေါင်းဆောင်များအနေဖြင့် ကပ်ဘေးကာလ နောက်ထပ် အမှားမျိုးကို မကြုံရစေရန် ကိုရိုနာ ကပ်ဘေးကာလကို အတူတကွ ရင်ဆိုင်ကြရန် လိုအပ်သည်။ ဆိုလိုသည်မှာ သိပ္ပံပညာ၏ ယုတ္တိတရားကို လက်ခံလိုက်နာသည့်တချိန်တည်းတွင် လူအများ၏ မျှော်လင့်ချက်နှင့် စိတ်ခွန်အား အရင်း အမြစ် ဖြစ်ရန်လိုပါသည်။ ထိုအရာနှစ်ခုသည် တစ်ခုက တခုကို အစားထိုးစရာမဟုတ်ဘဲ အပြန် အလှန် ဖြည့်ဆည်းရမည့်အရာများသာ ဖြစ်ပါသည်။

မွတ်စလင်နှင့် တခြားသော ဘာသာဝင်များအတွက် တမန်တော် မိုဟာမက်၏ ဘဝမှ ရိုးစင်းသော ပုံပြင်ကို ထုတ်ပြလိုပါသည်။ ဇာတ်လမ်းအရ အမျိုးသားတစ်ယောက်က အို တမန်တော် ကျွန်ုပ်အနေနဲ့ ကုလားအုပ်ကို တနေရာမှာ ကြိုးချည်ထားပြီးမှ ဘုရားကို ယုံကြည်ရမလား။ ဒါမှမဟုတ် ကုလားအုပ်ကို ဒီအတိုင်းလွှတ်ထားပြီး ဘုရားကိုယုံကြည်ရမလားလို့ မေးသောအခါ တမန်တော်က ကုလားအုပ်ကို အရင် ကြိုးချည်ထားလိုက် ပါ။ ပြီးမှ ဘုရားကို ယုံကြည်ပါလို့ ပြန်ဖြေခဲ့တယ်လို့ ဆိုပါသည်
ယနေ့ကာလမျိုးတွင် ကုလားအုပ်ကို ကြိုးအရင်ချည်ပါ ဆိုသော အဓိပ္ပာယ်မှာ လက်ကို ဆက်ပြာဖြင့် မကြာ ခဏ ဆေးခြင်း၊ တခြားသူများနှင့်ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးနှင့် ဝတ်ပြုဆုတောင်းမှုများကို စွန့်လွှတ်ထားခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် လူ့အသက်ကို ကယ်ဆယ်ခြင်းဖြစ်ပြီး ဘာသာအသီးသီးမှ ဘုရားများ၏ အဆုံးအမ၊ ပညတ်တရားပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ဘုရားက ဖန်ဆင်းထားသော ကမ္ဘာကြီးရှိ သဘာဝ ဓမ္မ ဖြစ်စဉ်များနှင့် ဇီဝဗေဒ အချက်အလက်များအပေါ် အလေးထားဖို့ ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ပေါ့ပေါ့ဆဆ လုပ်နေကြမည်ဆိုလျှင် လူသားများအပေါ် ကပ်ဘေးကျရောက်ရုံမက၊ အနာဂတ် ယုံကြည်ကိုးကွယ်မှုများအပေါ်တွင်လည်း ကပ်ဘေးကြီးဖြစ်သွားနိုင်ပါသည်။
Thou Shalt Practice Social Distancing by Mustafa Akyol
-
https://www.facebook.com/nethwin.nyein/posts/1009365026147252 ...စာရေးသူ၏ဖေ့ဘုတ်မှ ....