Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၃၀



ခွန်ဆိုင်း  - ကိုဗစ် ဒိုင်ယာရီ ၃၀

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၀

လူ့အဖွဲ့ အစည်း တခုနဲ့ တခုကြား စည်းနှောင် ထောက်ကန်ထားတဲ့ တန်ဖိုးမြင့် အခြေခံကျင့်ဝတ်- လူမှု အုတ်မြစ်တွေ ကျေမွသွားချိန်လား ။ လောကလူ့ဘောင်ကြီး ကို ရှင်သန်စည်ဝေ စေခဲ့ တဲ့ သစ္စာရေသောက်မြစ်တွေလဲကိုက်ဖြတ်ပစ်ချခံထားရပြီလား ။ လူသားတို့ရဲ့ ဘဝတွေအသက်အိုးအိမ်တွေကိုစောင့်ရှောက်လာတဲ့ တာဝန်ခံမှု-အသက်မွေးမှု နီတိ- စောင့်သိမှု ပင်မတရားတွေ က အခု ဘာမှ တန်ဖိုးမရှိတော့သလို ဆက်ဆံခံရတယ် ။ လုပ်ငန်းကြီးတခုရဲ့ နံမည် - အမှတ်တံဆိပ် -ဂုဏ်သတင်း -စည်းကမ်း- စာချုပ်စာတမ်း ဒါတွေအားလုံး ကိုဗစ်အဆိပ်သင့်ချိန်ကစလို့ ဘာတွေမှ မဟုတ်တော့တဲ့ အမှိုက်သရိုက်တွေလို လူတို့ စွန့်ပစ် ထားရစ်ကြပြီ။ Dog eat dog ဆိုတဲ့ ကွင်းစပ်နား အထိ လူဟာ မောင်းထုတ်ခံလိုက်ရလေသလား ။ လူတချို့ ဒုက္ခဖြစ်တော့မှာကို သိသိနဲ့ လူတချို့က အောင်မြင်ဘို့ လုပ်နေတာမျိုး ကို dog eat dog လို့ ဆိုကြတယ်။ အခုက အောင်မြင်ချင်လို့ လုပ်တာမျိုးတော့ မဟုတ်ပေ ဘူး။ မတတ်သာလို့ ကိုယ်လွတ်ရုန်းထွက် ကြတာမျိုး ။ နိုင်ငံတကာကို သိက္ခာရှိရှိ လူးလာခေါက်တုန့် ပျံသန်းနေခဲ့ တဲ့ စီးပွါး လုပ်ငန်းရှင်များရဲ့ အတောင်တွေစုတ်ပြတ်ကျွတ်ထွက်ကျ ။ စက်မှုလုပ်ငန်းရှင် များရဲ့ ပင်မ ယန္တယား ဝန်ရိုးကြီး တွေ ကျိုးပျက်ပြိုကွဲ ရပ်စဲ ။ ကော်ပိုရေးရှင်းဒါရိုက်တာများ စွာ သူတို့ ရာထူး ထိုင်ခုံကြီး တွေမှာ အသက် မဲ့ဆွံအ တဲ့ ကျောက်ရုပ်ကြီးတွေဖြစ် - ကျိန်စာသင့်သွားခဲ့ကြပြီ ။

မတ်လ ၃၀ ရက်လောက်က ဒိန်းမလား -မာစီဒီး ကားကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ် အူလာကာလိနိယပ်စ်( Ola Kallenius) ကို စတီဗင်ဆပ်ကား Stephen Sackur က Hard Talk အစီအစဥ်ကနေ မေးမြန်းတဲ့ အခန်းမှာ ဒီ ကိုဗစ် ကာလကြီး ထဲ- ခင်ဗျား ကား ကုမ္ပဏီ ကြီး ကြာကြာ ခံရပ်တည်နိုင်ပါ့မလား ရေရှည်ဘယ်လိုရပ်တည်သွား မလဲ ဆိုတဲ့ မေးခွန်းကို မေးတဲ့ အခါ အူလာ က သူဟာ ကုမ္ပဏီကြီးရဲ့ ကျန်းမာရေး- သူ့ အလုပ်သမား ၃သိန်းရဲ့ ကျန်းမာရေးလုံခြုံရေး ၂ခုစလုံးကို မျှမျှတတ ကြည့်ပြီး လုပ်သွားရမယ်လို့ ပြောတာ မှတ်မိလိုက်တယ်။

ဧပြီ ၁၉ ရက်နေ့ မှာ တူရကီ ကအရောက် ပို့မယ် ဆိုတဲ့ PPE ၈၄ တန်ဟာ ဒီနေ့ အထိ ရောက်မလာသေးတဲ့ အတွက် အင်္ဂလန်နိုင်ငံတဝှမ်းက ဆေးရုံအသီးသီးမှာအသက်လုပွဲ တွေဆင်နေကြရတဲ့ ဆရာဝန်ဆရာမ ထောင်သောင်း ဟာ ရတက်မအေးစရာတွေ ဖြစ်ကြရတယ်။စစ်မြေပြင်ကို လက်နက်မပါအကာအကွယ်မယူ ထွက်ကြရမှာလား ။ ဗြိတိသျှ စစ်လေယာဥ်တွေကြီးတွေ ဟာ စစ်ပစ္စည်းမဟုတ်တဲ့ - ဆေးရုံတွေမှာသာ အသုံးကျတဲ့ ပိုးကာကွယ်ရေးဝတ်စုံတွေ မသယ်နိုင် သေးလို့ တကြောင့်ကျကျ နဲ့ တူရကီလေယာဥ်ကွင်းမှာသောင်တင်နေကြတုန်း ။ တူရကီလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းကတိကဝတ်တွေ ဘယ်လိုဖြစ်နေ လဲ ဗြိတိသျှ အစိုးရ က အမောတကော မေးခွန်းထုတ်နေကြတယ်။ 

ပြီးခဲ့တဲ့ အပတ်တုန်း ကလဲ တရုတ်ဆီက ကူးစက် ကာကွယ်ဝတ်စုံ ၂သိန်း မှာတာ ၂သောင်းပဲ ရလိုက်တယ်။ ၁၉ ရက်နေ့က မြန်မာ ကကြိုတင် မှာထားတဲ့ ဝတ်စုံ ၁၄၀,၀၀၀ ရောက်လာတဲ့ အတွက်တော့ နဲနဲ ခုသာခံသာဖြစ်သွားတယ် ။ ဒါလေး ကို ဘဏ္ဍာရေးဝန်ကြီး ရီရှီဆွမ်းနတ် ( Chancellor Rishi Sunak )က ဘီဘီစီကတဆင့် ဆရာဝန်ဆရာမတွေ သောက ပြေလျော့သွားအောင် ထုတ်ပြန်ရှင်းလင်း ပြခဲ့ ရ တယ်။ 

မနေ့ကတော့ Public Health England က ကာကွယ်ရေးဝတ်စုံတွေမလုံလောက် ရင် တချို့နေရာတွေမှာ သုံးပြီးသား ကို ( လျှော်ဖွတ်ပြီး) ပြန်သုံးသင့်တယ်လို့ NHS အကြံပြတဲ့ အထိ အခြေအနေက ခက်ခဲကြပ်တည်း တယ်။

တရုတ်က ပြင်သစ် ကို ပို့လိုက်တဲ့ PPE တွေကို အမေရိကန် က စျေးပိုပေးပြီး လေဆိပ်မှာ ပြင်သစ်လက်ကဖြတ်သုတ်သွားတဲ့ကိစ္စဖြစ်တာလဲ မကြာသေးဘူး။ 

အင်္ဂလိပ်လုပ်ငန်းရှင်တွေလဲ ကတိပျက်ကြတာပဲ ။ တန်ဘိုးသင့် အဝတ်အစားတွေ ရောင်းတတ်တဲ့ ပရိုင်းမတ် Primark ဆိုတဲ့ ဆိုင်တွေကို ပိုင်တဲ့ ဗြိတိသျှ ကုမ္ပဏီ ( Associated British Foods Plc,) ဟာ ဆိုင်းမဆင့်ဘုံမဆင့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံတွေနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ ၁.၅ ဘီလီယံတန် စာချုပ်ကို မတ်လအကုန်မှာ တဖက်သတ် ဖျက်ချလိုက်တဲ့ အခါ အထည်ချုပ်စက်ရုံ ပေါင်း ၁၀၈၉ ရုံ ကို မှီခိုရပ်တည် နေရတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၁ သန်း ၂သိန်း အလုပ်ပြုတ် ထမင်းငတ်သွားကြပါတယ်။ အဲဒီအချိန်က ကိုဗစ်ဟာ သူ့လက်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်သား ၂ယောက်ရဲ့ ဇီဝိန်ကိုသာ ချွေရသေးပေမယ့် ဥရောပမှာ သူမွှေတဲ့ မီးက အာရှ သား ၁သန်းကျော် ဘဝတွေကို လောင်ကျွမ်းစေလိုက်ပါပြီ။ 

အလုပ်ရှင် စက်ရုံပိုင်ရှင်တွေဟာ အလုပ်သမားတွေကို ကြိုတင် သတိပေးမနေပဲ- အိမ်ပြန်ခိုင်းလိုက်တဲ့ အတွက် ပုံမှန်ကာလဆိုရင် ဒါ အလုပ်သမားအခွင့်အရေးချိုးဖေါက်တာပါ။ ဒီ့အတွက် အလုပ်သမားတွေဖက်က ကြားဝင် အရေးဆိုဘို့ HRW က ကြိုးစားနေပုံရတယ်။ မီဒီယာကနေ Women Right Branch မှာ တာဝန်ရှိသူတယောက်က စက်ရုံတွေ မပြောမဆိုပိတ်တဲ့ အကြောင်းကို တင်ပြ နေတာ တွေ့လိုက် တယ်။ ဒါပေမယ့် အရေးဆိုတဲ့ HRW ကိုယ်တိုင် နှာခေါင်းစည်း အကာအကွယ်မယူ- လူတွေကို မရှောင်ရင် ကိုဗစ် က ကြိတ်မှာပဲ ။ 

တလကို ပေါင်စတာလင် သန်း ၆၅၀ ဖိုး ရောင်းအား ရှိတဲ့ ပရိုင်းမတ်ဆိုင်တွေ မတ်လမကုန်ခင် အကုန်ပိတ်လိုက်ရတော့ ဝင်ငွေ သုံည နဲ့ ရေတိမ်နစ်သွားတယ် ။ ဥရောပ အစိုးရတွေကမထောက်ပန့် -ကျားမကန်ဘူးဆိုရင် သူ့ဝန် ထမ်း ၆သောင်း ၈ထောင်ကို သူကိုယ်တိုင် အလုပ်ဖြုတ်ရတော့မှာသေချာနေတယ်။ အာရှက အလုပ်သမားတွေ ငယ်သံပါ အော်ဟစ် နေသံတွေကို သူ မကြားနိုင်။ ကြားလဲ မကြားချင်ယောင်ဆောင်နေတော့မယ်ကိစ္စ ( ဒီလို ဥရောပ ပြိုလဲကျသွား တဲ့ အခါ မှာ ဘင်္ဂလားဒေ့ရှ်က လို အလားတူ ကိစ္စတွေ ဗီယက်နမ် မြန်မာအထည်ချုပ်စက်ရုံတွေ ကို လဲ တချိန်ထဲ ကပ်သင့်ကြပါတယ် )

သင်္ကြန်ပြီး ပေမယ့် လုပ်ငန်းခွင်တွေဆီ ပြန်မလာရဲ ပြန်မလာချင်သေးတဲ့ အလုပ်သမားတွေနဲ့ စက်ရုံပိုင်ရှင်တွေ တွေ ထိပ်တိုက်တိုးနေကြတယ်။ ဒဂုံတက္ကသိုလ် နားက - မင်းရဲကျော်စွာလမ်းမကြီးပေါ်မှာရှိတဲ့ AIT သိုးမွှေးစက်ရုံမှာ အလုပ်သမားတွေက လကုန်တဲ့ အထိ အခြေခံလစာနဲ့ တကွ သူတို့ကို အလုပ်ပိတ်ထားပေးဘို့ ဆန္ဒပြနေတဲ့ ပုံတွေ ဒီနေ့ တက်လာတာ တွေ့တယ်။ ရေကြီး လို့ ရေနစ်ကြပြီ ဆိုတော့ အလုပ်ရှင် အလုပ်သမား ရေက ခွဲခြားနစ်စေမှာမဟုတ် ။ အသက်ရှင်ရာရှင်ကြောင်း-အလုပ်ရှင် အလုပ်သမား ရရာ ဆွဲ ကြမှာပါပဲ ။

ဒီနေ့သတင်းတွေ မှာ ကိုဗစ် ပိုးထိခဲ့ပြီး အသက်မသေ နလန်ထလာတဲ့ လူ ဆီကထုတ်တဲ့ ပလာစမာ ရည်ကြည် နဲ့ ရောဂါခံစားနေရတဲ့ ဝေဒနာရှင်ကို ကုသ လို့ ထိရောက်မလား ဆိုတဲ့ စမ်းသတ်မှု လုပ်နေကြတဲ့ သတင်းလေး ပါတယ်။ ကိုဗစ် ကို ခုခံတဲ့ ဓါတ် က ရောဂါခံစားပြီး ပျောက်ကင်းသွားတဲ့ လူသား ရဲ့ ပလာစမာသွေးရည်ကြည်ထဲမှာ ရှိနေတာမို့ ရောဂါသည်းထန်နေတဲ့ လူကို အဲဒီ ပလာစမာ ရည်ကြည် ထိုးပေးလိုက်မယ်ဆိုရင် ရောဂါကို ခုခံတိုက်ဖျက်နိုင်စွမ်းမြင့်လာ မယ်လို့ ဆေးပညာရှင်တွေက ယူဆကြပါတယ်။ ( ကာကွယ်ဆေး မရခင် ခုသာခံသာ ကုထုံးတခုအနေနဲ့ စမ်းသတ်ကြတဲ့ သဘော)

ဂျာမဏီ ကတော့ အခြေအနေကောင်းလာ တယ်။ ကိုဗစ်ကို ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်လာလို့ ဆိုပြီး ဆိုင်အသေးတချို့ပြန်ဖွင့်တယ်။ မူကြိုကျောင်းလေးတွေ အစမ်းပြန်ဖွင့်တယ်။

နော်ဝေက လဲ လာမယ့်အပတ်မှာ မူကြိုကျောင်းတချို့ ပြန်ဖွင့်ဘို့လုပ်နေပါတယ်။

ပိုလန်ကလဲ ရှေ့ မေလထဲလုပ်မယ့် သမတ ရွေးကောက် ပွဲကို ဖြစ်အောင်လုပ်မယ် ပြောပါတယ်။ မဲဆွယ် ကင်ပိန်းတွေကိုတော့ လုပ်ခွင့် မပေး ဘူး ။ ကိုဗစ် ကူးစက်ခံ လူ ၉၈၀၀ ၊ သေဆုံး ၄၀၀ ကျော်ဖြစ်နေဆဲ ပိုလန်ဟာ မဲရုံတွေ ဖွင့်မပေးပဲ ရပ်ကွက်အလိုက် မဲပုံးတွေထောင်ပြီး ထည့်ရတာမျိုး လုပ်သွားမယ်လို့ ပြောပါတယ်။ မဲမဆွယ် နိုင်ဘူး - မဲဆွယ်ခွင့်ကင်ပိန်းတော့ မရှိ ဘူးဆိုတဲ့ ဒီသမတရွေးပွဲမှာ လက်ရှိသမတ အသာစီး ရတာပေါ့လို့ အတိုက်အခံတွေက မကျေမချမ်း ဝေဖန်ကြပါတယ်။

တိုကျို အိုလံပစ် ကို ရှေ့နှစ် သြဂုတ်လအထိ-လပေါင်း ၁၅ လ နောက်ဆုတ်ထားပေမယ့် နောက် ၁၅ လအတွင်းမှာ ကိုဗစ် ကာကွယ်ဆေးက ရနိုင်ဖွယ်အကြောင်း မမြင်တာမို့ ကမ္ဘာအိုလံပစ်ပွဲတော်ကြီးကို အဲဒီအချိန်မှာ တကယ်ကျင်းပသင့်ရဲ့လား မေးခွန်းထုတ်ကြ ပြီး အငြင်း ပွါးနေကြပြန်တယ်။

အမေရိကားကို နိုင်ငံခြားက လူတွေ အဝင်အထွက်မရှိအောင် ယာယီပိတ်ထား ဘို့ လိုမယ်ဆိုပြီး သမတထရမ့်က ကြိုးစား နေပါတယ်။ဒီအစီအစဥ် ကို အတော်များများက မယုံကြည်ပါဘူး ။ လူ ၄၃၀၀၀ သေဆုံး- လူ ၈သိန်းကူးစက်ခံထားရတဲ့ သူ့တိုင်းပြည်ကို နိုင်ငံခြားက လူတွေ ထပ်ရောက် လာပြီး ထပ် ကူးစက်ပေး စရာမလိုတော့ပါ ဘူး။ ကိုယ်ကတော့ ခပ်ပိန်းပိန်းပဲ တွေးလိုက် တယ်။ သူ့တိုင်းပြည်က ဒီမိုကရက်တွေကလဲ ဒီအလုပ်ဟာ မအောင်မြင်မယ့် အလုပ်ပဲ ။လက်ရှိ နိုင်ငံတကာက လာရောက်အလုပ်လုပ်နေကြသူ ထောင်သောင်းမက ဟာ သူတို့ ဆေးရုံတွေမှာ အသီးသီး ကိုဗစ် ကို ရင် ဆိုင် ကူညီ တိုက်ခိုက်နေ ကြတာပဲလို့ ထောက်ပြကြပါတယ်။

ရပ်ထားရတဲ့ ဗြိတိန် ပါလီမန်ကို အွန်လိုင်းကနေ လုပ်ကြဘို့ ။ အစိုးရက ဗြိတိန် က စီးပွါးရေးလုပ်ငန်း ၁၈၅၀၀၀ ကို အသက်ဆက်ထားတယ်လို့ ပြောပါတယ်။

ကားတွေ လေယာဥ်တွေ နိုင်ငံတိုင်းလိုလိုမှာ အကုန်ရပ်နေတော့ ရေနံ အသုံး အနှုတ် နဲ ။ ကမ္ဘာ့ ရေနံစျေးကွက် အနိမ့်ဆုံးကို ပြုတ်ကျသွားပြီး အခုတစည်ကို ၂၆ ဒေါ်လာလောက်ပဲ ရှိတယ်ပြောပါတယ်။ အိုပက်အဖွဲ့ က ရေနံထုတ်လုပ်တာကို ၁၀ ရာခိုင်နှုန်းလျော့ချထားပေမယ့် ထွက်နေတဲ့ ရေနံတွေကို အသုံး မရှိတော့ ထားစရာမရှိ ဘယ်မှာ ထားရမလဲ မသိဖြစ်နေကြပါသတဲ့။ ရှိသမျှ ရေနံသိုလှောင်ကန်တွေလဲ ပြည့်လုခမမ်း။ ရေနံတင်သင်္ဘောတွေလဲ အကုန်ပြည့် ။ သိုလှောင်စရာ ရေနံကန် အခက်အခဲတွေရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အထွေထွေ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန်ဂီဘရရီဆပ် .က ကိုဗစ် အဆိုးဆုံး အခြေအနေက မလာသေးပါဘူး။ အခုကပ်ရောဂါဟာ ၁၉၁၈ တုန်းက ဖြစ်ခဲ့ဖူးတဲ့ စပိန်တုတ်ကွေးလို အရမ်းပြင်းထန်တယ်လို့ပြောပါတယ်။ သူက အဆိုးဆုံးမလာသေးဘူးလို့ ပြောတဲ့အချိန်မှာ ဥရောပ အမေရိက မှာ ဖွတ်ဖွတ်ကြေနေပြီးဆိုတော့ ကိုဗစ်ဟာ ဥရောပ ကနေ အာရှ အာဖရိကဘက်ကို မျှားဦးလှည့်လာမှာကို ဆိုလိုချင်တာလား တွေးတယ်။

အစိုးရက စက်ရုံတွေကို ဧပြီလကုန်တဲ့ အထိ ပိတ်ထားဘို့ ပြောပေမယ့် တချို့စက်ရုံတွေက မပိတ်တော့ အလုပ်သမားတွေက အလုပ်ဆင်းနေကြရ တဲ့အကြောင်း သတင်းတွေမှာပါ ။ သီရိမင်္ဂလာစျေးကြီးကလဲ အထူးစည်ကားလှတဲ့ အကြောင်း ဓါတ်ပုံတွေ တင်နေတာမြင်ရ။ အလုပ်လုပ်ရင်း ကိုဗစ်ကူးစက်ခံရရင် ဘယ်သူတွေ တာဝန်ခံ ဘယ်သူတွေ တာဝန်ယူကြမှာပါလိမ့်။ ကိုဗစ်ရဲ့ သေစေတဲ့ လက်နက် ကို မမှုအား -ငတ်စေတဲ့လက်နက် ကို အမှုထား- လူတွေ ဝပ်ကျင်းထဲ က ထခဲ့ ကြတယ် ။

ခွန်ဆိုင်း ( ၂၂-၀၄-၂၀၂၀ )