Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၂၁၊ ၂၀၂၀


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၂၁၊ ၂၀၂၀

(မိိုးမခ) ဧပြီ ၂၂၊ ၂၀၂၀

(သူ့ဖေစ်ဘွတ်က ကူးပါတယ်)

ကိုဗစ်၁၉က သင့်ကို ဘာတွေ သင်ကြားပေးလိုက်သလဲ


ကိုဗစ်၁၉အောက်မှာ ခြေချုပ်ကျနေတာ တရားဝင်ကတေ့ာ ၁ လ ကျော်ပါပြီ။ ကယ်လီဖိုးနီးယားက မတ် ၁၆ကနေ ခြေချုပ်နေကြဖို့ ကြေညာပါတယ်။ အလုပ်လုပ်နေတဲ့ တက္ကသိုလ်စာကြည့်တိုက်က တရားဝင် ပိတ်တာက မတ် ၁၈ လောက်ကမှ ဖြစ်တယ်။ စာကြည့်တိုက်က ကျောင်းသားတွေ စာကြည့်မပျက်စေချင်လို့ ဇွတ် ကွန်ပြူတာလက်ဘ်တွေ လက်ပတော့ငှားစခန်းတွေ ဖွင့်ထားတာ။ နောက်တော့ ပိတ်ရတာပဲ။

ဇန်နဝါရီလလယ်ကတည်းက ကိုဗစ်၁၉ သတင်းထဲမှာ လှုပ်ရှားလာခဲ့တာပါ။ ၀ူဟန်မှာပဲ ရှိသေးတယ်။ အဲသည်ကတည်းက မိမိကတော့ မတ်လကျ အိမ်ပြန်လယ်ဦးမယ်ဆိုတဲ့ အစီအစဉ်ကို ကြိုတင်ပြီး ရွှေ့ဆိုင်းခဲ့တယ်။ ကြောက်လို့။ ဖေဖော်ဝါရီထဲမှာ အမေရိကန်အာရှသားတွေထဲက ဂျပန်တွေကတော့ ဘေးဧရိယာမှာ ဘတ်စီီီီီီးရင် မျက်နှာဖုံးတပ်နေကြပါပြီ။ စိုးရိမ်လို့။ သည်လိုနဲ့ မတ်လဆန်းခါနီးမှာ မျက်နှာဖုံးတပ်၊ လက်အိတ်ဝတ်၊ လက်ဆေး၊ မျက်နှာမကိုင်နဲ့၊ တကိုယ်ရေ သန့်ရှင်းရေး အဓိကထားကြဆိုတာကို ကြိုတင်ပူပန်သူတွေကြားမှာ ရေပန်းစားနေပါပြီ။


အခု မတ်လလယ်ကနေ ဧပြီလယ်အထိ ခြေချုပ်ကျကုန်ကြတဲ့အခါ လူအနည်းစုကလွဲရင် ဘေးဧရိယာမှာ အတော်များများက ပြင်ဆင်ထားပြီးသား ဖြစ်နေကြတယ် ဆိုရမယ်။ အိမ်သာသုံးစက္ကူတွေ ပြတ်ကုန်တာနဲ့တင် သိသာတာပေါ့။ အိမ်ထဲမှာ ကောင်းကောင်း ငြိမ်ဝပ်ပိပြားပြီး နေထိုင်ကြတယ်။ တပတ်တခါလောက်တော့ ကုန်စုံဆိုင်စျေးဝယ်ထွက်ကြတာတေ့ာ တားမရပါ။ သို့သော် stay at home , work from home, social distancing တွေ အောင်မြင်တယ် ဆိုရပါမယ်။

ကိုဗစ်၁၉ ကပ်ဆိုက်တုန်း မသေခဲ့ရင် သင် ဘာတွေ သင်ကြားလေ့လာ အမြတ်ထုတ်နိုင်ခဲ့သလဲဆိုတာ မေးခွန်းပဲ။ ပိုကြောက်တတ်လာတယ်၊ ပိုစိုးရိမ်တတ်လာတယ်၊ ပိုစိတ္တဇ ဖြစ်လာတယ်၊ ပိုဒေါသထွက်လာတယ်၊ ပိုပြီး မုန်းတီးတတ်လာတယ်လို့ ဖြေကြမယ်ဆိုရင် သည်လိုလူတွေ လူဖြစ်ရှုံးတာပဲ ဆိုတာ သေချာပါတယ်။

အခုဆို ကိုဗစ်၁၉ ကပ်တွင်းကာလထဲ ဒုတ်ဒုတ်ထိရောက်နေတာ သေချာပါပြီ။ ပညာရှင်များ အုပ်ချုပ်သူများ အလွန်အမင်းစိုးရိမ်သလို အဆိုးဆုံးလည်း မဖြစ်သေးသော်လည်း အရမ်းကာရော အကောင်းမြင်ရမယ့် အခြေအနေလည်း မရောက်သေးပါ။ မြေပြင်မှာ ချိူ့ယွင်း အားနည်း မပြည့်စုံ အမှားအယွင်းများလည်း ရင်ဆိုင်ဖြေရှင်းနေရဆဲဲ ဖြစ်ပါတယ်။

သည်လို ကိုဗစ်၁၉ ကပ်ကြီးကို ရင်ဆိုင်ဖြတ်သန်းနေကြချိန်မှာ တကိုယ်ရေ လွတ်လပ်မှု၊ တကိုယ်တည်း လွတ်မြောက်ဖို့၊ တဦးတည်း သာယာစီးလိုက်ဖိ်ု့အတွက် ဦးစားပေး တောင့်တကြတာ၊ မခံမရပ်နိုင်ဖြစ်နေကြတာဟာ ကိုဗစ်၁၉ သင်ခန်းစာ မယူနိုင်သေးကြတာရဲ့ သက်သေပါပဲ။ တကိုယ်ရေလွတ်မြောက်ရေး တဦးတည်းကိုယ်လွတ်ရုန်းခြင်းသည် တိုင်းပြည်အတွက် လူမျိုးအတွက် နိုင်ငံရေးအတွက် စီးပွားရေးအတွက်ဆိုပြီး ခေါင်းစဉ်တတ်ပြတာ ဆင်ခြေထုတ်ပြနေကြတာဟာ ကိုဗစ်၁၉ ကနေ ဘာမှ သင်ယူနိုင်စွမ်းမရှိတဲ့ ဦးနှောက်သေးသေးလေးတွေပဲ ရှိကြောင်း၏ ပြယုဒ်တွေပါပဲ။

ကိုဗစ်၁၉က သင့်ကို ဘာတွေ သင်ကြားပေးလိုက်သလဲ

အော် ... ဆံပင်မညှပ်ပဲ ၁လလောက် နေရတာ ဧရာမဒုက္ခကြီးပါတကားလို့ သင်ကြားပေးလိုက်ပါတယ်၊ လဘက်ရည်ဆိုင် မထွက်ရတဲ့ ဒုက္ခသည် အလွန်ကြီးမားလှပါတကားလို့ ကိုဗစ်က သင်ပေးလိုက်ပါတယ်််််၊ 'သူများတွေက သေသာသေကုန်ကြတာ ... ငါ့လို မချိမဆန့် မသွားရ မလာရနဲ့ ငါ့လောက် မနစ်နာကြဘူး ဟဲ့ ...' လို့ ငိုကြီးချက်မ ဖြစ်ကြ၊ ဒေါသူပုန်တွေ ထကြတာမျိုးနဲ့ သင်ခန်းစာတွေ ရကုန်ုကြတယ်ဆိုရင်တော့ သည်လူတွေ အတော် ဉာဏ်နည်းသေးတယ် ဆိုရမယ်။ သူတို့တွေ ဉာဏ်တုံးချက်များ ငါတို့တော့ ဉာဏ်ကို မမီဘူးလို့ ပြောလိုက်ချင်တာပါပဲ။