Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၂၉



ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၂၉

(မိိုးမခ)ဧပြီ ၂၁၊ ၂၀၂၀

ကိုဗစ်က အမေရိကန်တွေကို ခပ်ထေ့ထေ့ ပြုံးကြည့်နေတယ်။ မင်းတို့ အချင်းချင်း ပြီးအောင်အရင်ချကြဦးကွာ -ဆိုတဲ့ သဘော ။ သမတကြီး ထရမ့် က တွစ်တာကနေ.... မင်နီဆိုးတား ကို လွတ်မြောက်အောင်လုပ်ကြ ၊ မီချီဂန် ကို လွတ်မြောက်အောင်လုပ်ကြ ၊ ဗာဂျီးနီးယား ကို လွတ်မြောက်အောင်လုပ်ကြ 'LIBERATE MINNESOTA,' 'LIBERATE MICHIGAN' and 'LIBERATE VIRGINIA.' လို့ ရေးတယ်။ သုံးပြည်နယ်စလုံးက Lock down မဖြည်ချင်တဲ့ သူနဲ့ ဖက်မတူတဲ့ - ဒီမိုကရက် အုပ်ချုပ်ရေးမှူးတွေကိုး ။ နောက်ရက်မှာ ဆက်တိုက်ဆိုသလို အမေရိကား ကို - မင်း ပိတ်ထား လို့ မရဘူး ‘You Can’t Close America’ ဆိုတဲ့ ဆန္ဒပြပွဲတွေ ကာလီဖိုးနီးယား ။အိုဟိုင်းယိုး ။ ကင်တက်ကီ ။ မီချီဂန် ပြည်တွေမှာ လူထောင်ချီ တဲ့ အစုအဝေးတွေနဲ့ ဖြစ်သွားတယ်။ လမ်းတွေကို ပိတ်ဆို့ ၊ မြို့တော်ခန်းမတွေရှေ့မှာ ဆန္ဒပြ။ Social distancing တွေ မေ့။ တချို့က စစ်ယူနီဖေါင်းတွေ ဝတ်ထားပြီး အေကေ- ၄၇ ၊ အေအာ- ၁၅ ချေမှုန်းရေး ရိုင်ဖယ်တွေ ကိုလဲ ဆန္ဒပြတဲ့နေရာအထိ သယ်လာကြသေးတယ်။

ဝါရှင်တန် အုပ်ချုပ်ရေးမှူး ဂျေအင်စလီး ( Washington Governor Jay Inslee ) က တွစ်တာကနေ သမတထရမ့် ရဲ့ ရေးသားချက်ကို ခုလို တုန့်ပြန် တယ် ။ သမတကြီး လုပ်နေတာ ...တရားမဝင် ဘူး - အန္တရာယ်များတဲ့ ကိစ္စ ပဲ ဆိုပြီး ။ သူ့ အင်တာဗျူး မှာလဲ သမတကြီး ရဲ့ တွစ်တာ ရေးသားချက်ဟာ ရူးသွတ်တဲ့ အပြုအမူ လို့ ဆိုခဲ့ တယ် ။ 

၂၀၂၀ အမေရိကန် သမတ လောင်းအတွက် နံမည်တင်သွင်းခဲ့တဲ့ တက္ကဆက် ပြည်နယ်က ကွန်ဂရက် အမတ်ဟောင်း ဘီတိုအိုရိုကီ ( Texas congressman Beto O’Rourke ) ကလဲ ခုလို မှတ်ချက်ပေးထားခဲ့ တယ်။ ”၂၀၂၀ ဧပြီလထဲမှာ ကူးစက်ကပ်ရောဂါကြီးကြောင့် အမေရိကန် ပြည်သူပေါင်း ၃၅,၀၀၀ ရဲ့ အသက်တွေ ဆုံးရှုံးနေရချိန်မှာ အမေရိကန်သမတဟာ ပြည်နယ်ရုံးတွေကို အေကေ၄၇ -အေအာ၁၅ ရိုင်ဖယ်တွေနဲ့ စီးနင်းဘို့ လူထုကြီးကို လှုံ့ဆော်ခဲ့ တယ်”” လို့ သမိုင်းစာအုပ်တွေမှာ ရေးကြတော့ မယ် ဆိုတဲ့ အကြောင်း ။
လူတွေ ဟာ အငတ်မခံနိုင်ဘူး ။ အစုအဝေးမလုပ်ရရင် မနေနိုင်ဘူး ဆိုတဲ့ လူတွေရဲ့ ပျော့ကွက်ကို ကိုဗစ်က သေချာသိထားတာမို့ သူ့ဗျူဟာတွေက အကွက်ကျ - ပီပြင်နေလို့ ။ အိမ်မှာနေ - အသက်တွေကို စောင့်ရှောက်ကြ ( Stay Home , Save Lives ) ဆိုတဲ့ လူတွေ ဗျူဟာမျိုးမှာ ကြောင်ကြာကြာ ရေမငုတ်နိုင် တဲ့ ပြဿနာ ပျော့ကွက်ရှိတယ်။ ငတ်ရင် - မနေနိုင်ရင် ထွက်လာကြမှာပဲ။ အခု ကြည့် ။ တလမပြည့်ခင် အပြင်ထွက်လာဘို့ - တာစူနေကြပြီ။ Social Distancing ဆိုတာကြီးကို လူက မခံနိုင်ဘူး ။ မကြိုက်ဘူး။ ထုံးစံမရှိဘူး။ အလေ့မရှိ ဘူး ။ တရုန်းရုန်းလုပ်နေရတာကို သာ -သာယာ သဘာဝကျ ။ ကြိုက်တာ ။ လက်ထဲ သေနတ်ရှိနေရင် လုံခြုံတယ် ၊ လူတွေ အားနည်းချက်ကို သိသလို သူ့ အားသာချက်ကိုလဲ သိတဲ့ ကိုဗစ် ။ သူက သေနတ်ကို မကြောက်ဖူး ။ သေနတ်ပြီးတယ်။

ခုရက်ထဲ အမေရိကန်တချို့ ဟာ နေမထိ ထိုင်မသာ - လုပ်နေကြသလို အလုပ်တွေဆီ ကို သတိနဲ့ သွား -သတိနဲ့ ပြန်လုပ်ကြဘို့ တွေးကြ အားသန်လာကြပြန်ပါတယ် ။
ရုရှား နဲ့ ပတ်ဝန်းကျင်နိုင်ငံတချို့ ဆီကိုလဲ ကိုဗစ် အရောက် သွားပြီး မွှေနေပါပြီ။ အဲဒီက အော်သိုဒေါ့စ် ခရစ်စယာန်တွေရဲ့ အရေးအကြီးဆုံး အမြတ်ဆုံး အီစတာ ဘာသာရေးပွဲ အမှီ သူ့တပ်တွေ ကိုယ်ယောင်ဖျောက်- ရောက်ရှိနေခဲ့ပုံပဲ ။ 

ရုရှား က ချာ့ချ်ကျောင်းတွေ ပိတ်ထားပြီး ဘာသာရေးဝတ်ပြုအခန်းအနားတွေကို တယ်လီဗေးရှင်းက တဆင့် ဆောင်ရွက်ကြပေမယ့် တချို့နေရာဒေသတွေမှာ အစုအဝေးတွေ ဖြစ်ခဲ့ကြတယ်။ ယူကရိန်းက ဒွန်ညက် မြို့ ( Donetsk, Ukraine) ဘုရားကျောင်းမှာတော့ ကိုးကွယ်ယုံကြည်သူ အပေါင်း ဟာ စနစ်တကျ တန်းစီပြီး ဘုန်းတော်ကြီးလက်ထဲက လက်ဝါးကပ်တိုင်ကို တယောက်ချင်း နမ်းရှုံ့ အရိုအသေပြုခဲ့ကြသလို ဂျော်ဂျီယာပြည်က ဘုန်းတော်ကြီးတပါးဆီမှာလဲ သူ့ ဇွန်းတချောင်းထဲနဲ့ တိုက်ကြွေးနေတဲ့ သက်ဝင်ခိုင်မာခြင်း ဝိုင်တဇွန်းစီကို ယုံကြည်သူသာဝက အပေါင်းက တန်းစီ သောက်သုံးနေကြတာကို ရုပ်သံကနေပြနေတာ -ဒီနေ့ မြင်ကြရပါတယ် ။ ရေဒီယို ဆောင်းပါးတပုဒ်ကို နားထောင်မိရာမှာတော့ ဒီအီစတာရာသီပွဲမှာ ကွယ်လွန်သူ မိဘဆွေမျိုးတွေရဲ့ အုတ်ဂူတွေ ရှိရာကို သွား ရောက် ဂါရဝပြု ဆုတောင်း မေတ္တာပို့ကြတဲ့ အစီအစဥ်လဲ ပါတယ်။ လာမယ့်နှစ်ကြရင်တော့ အခုလာရောက်ဂါရဝပြုသူ တချို့ဟာ ဒီအုတ်ဂူတွေထဲက အကန်တော့ခံတဲ့နေရာကို ရောက်နေကြတော့မယ်လို့ ရေးထား တာလေး ကို..... စိတ်လေးလေးနဲ့ ကျွန်တော် ကြားလိုက် ရပါတယ်။

 ရုရှားရဲ့ ကိုဗစ် ဂရဖ်မျဥ်း ကို သွားစပ်စုမိ တဲ့ အခါ ဧပြီလ တရက်နေ့က ကူးစက်ခံရသူ စာရင်းမှာ ၅၀၀ လောက် သာ ရှိခဲ့ ရာက အခု ဧပြီ ၁၉ ရက် စာရင်း( ၃ပတ် မပြည့်ခင် ) မှာတော့ ကူးစက်ခံ ၄၂,၈၅၃ အထိ ထိုးတက်နေတာကို တွေ့လိုက်ရ ပြီး သေဆုံး ၃၆၁ ယောက် ပြထား ပါတယ်။

ကိုဗစ်တိုက်ဖျက်ရေး- ကာကွယ်ဆေး အမြန်ရဘို့ ကူညီနေတဲ့ မိုက်ခရိုဆော့ သူဌေးကြီး ဘီလ်ဂိတ် ကိုအင်တာဗျူးတဲ့ အခါ သူက ၂၀၁၅ ကတည်းကဒီလို ဗိုင်းယပ်စ် အန္တရာယ်တွေ ကို ခန့်မှန်းပြီး ကြိုတင်ပြင်ဆင်ထားကြဘို့ လိုတဲ့ အကြောင်း တိုက်တွန်းဖူးတယ်။ အခုလို ဝရုန်းသုဥ်းကားမဖြစ်ကြ အောင်။ ပြင်ဆင်ချိန်ရအောင် ။ဒါပေမယ့် လူတွေက အာသီသ မရှိခဲ့ကြဘူး တဲ့ ။ သုတေသနတွေ ကြိုလုပ်ထားကြရမယ်။ ဇီဝပိုးမွှားစစ်ပွဲအတုလိုဟာမျိုး ကို ဖန်တီးလေ့ကျင့်ထားသင့်တယ်လို့ သူ ပြောဖူးသတဲ့ ။ အခုတော့ အိုင်စီယူ အခန်းတွေ လဲ အဆင်သင့် မရှိ။ မလုံမလောက်။ အရေးပေါ်အမြန်စစ်ဆေးနိုင်တဲ့ နည်း Rapid Test Kit လဲ အဆင်သင့်မရှိ ။ ဒုက္ခရောက်ကြရတယ်လို့ ညည်း။ ကာကွယ်ဆေးရဖို့ က ၁၈ လထက် မစောနိုင်ဘူး။ လူသားတွေရဲ့ အသက်စိတ်ချလုံခြုံဘို့ အရေးကြီးတော့ ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေ မပါလာအောင် သေချာလုပ်မှ ရမယ်လို့ တွက်ပြတယ်။

ဘီဘီစီ 1 ကနေ Home Concert အစီအစဥ်က ဘီတဲလ် အဖွဲ့သား ပေါ့မက္ကတနီ ။နောက် နံမည်ကျော် ရိုးလင်းစတုန်း။ အီလ်တန်ဂျွန်။ လေဒီဂါဂါ။ တေလာဆွဖ် ။ ဘီလီအိုင်းလစ်ရှ်စတဲ့ စတဲ့ နိုင်ငံကျော်များစွာ တို့က ကိုယ့်နေထိုင်ရာနေရာဌါန အသီးသီးကနေ သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ ကိုဗစ် နှိပ်စက်ခံ ကမ္ဘာလူသားတွေကို ဖြေသိမ့်နိုင်အောင် ကိုဗစ်နဲ့ ဝေးရာခဏ ခေါ်သွားကြစဥ် ...... ( ဆရာဝန် ၃ဦး အပါအဝင် ) မြန်မာ၅ ဦး - ကိုဗစ်နဲ့ အင်္ဂလန်မှာ ဆုံးပါးခဲ့ပြီဖြစ်တဲ့ အကြောင်း ကြေကွဲဖွယ် သတင်းတွေ ဆိုရှယ်မီဒီယာမှာ တက်နေပါတယ်။

လူအိုရုံတွေမှာ ကိုဗစ် နဲ့ သေဆုံးတဲ့ လူနာ စာရင်း ၄၀၀၀ကျော်ရှိမယ်လို့ စတင် သတင်းထုတ်ပြန်တဲ့နေ့ ။ တူရကီက မှာထားတဲ့ ကာကွယ်ရေးဝတ်စုံ တသိန်းကျော် အပါအဝင် PPE အထုတ် ပေါင်း အလေးချိန် ၈၄ တန် ဗြိတိန်ကို ရောက်လာတဲ့ နေ့...... ဒီနေ့မှာ ... ဝေဘာဂီ ကူးစက်ဆေးရုံမှာ တာဝန်ယူထားတဲ့ ဆရာဝန်ဆရာမ စေတနာ့ဝန်ထမ်းတွေနဲ့ နှစ်ဆန်းတရက်နေ့တုန်းက တွေ့ဆုံတဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကို ရင်ဘတ်ကြီးနဲ့ နားထောင် ပါတယ်။

တာဝန်ခံ ပါမောက္ခ ဆရာဝန်မကြီး ဒေါ်စပါယ်ဖြူက ---- သူတို့ ဆေးရုံမှာ အတည်ပြုလူနာ ၉၀ အထိ လက်ခံနိုင် တာ ၊ အိုင်စီယူ မှာ လူနာ ၁၂ ယောက်အထိ လက်ခံကုသလို့ ရနိုင်တာ ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို အားလုံး အညီအညွတ်လုပ်ကြဖို့ အချိန် -ဝန်ကြီးဌါနတွေ အားလုံး ညီညီညွတ်ညွတ်လုပ်ဖို့ အချိန်တန်ပြီ လို့ သူလဲ ထင်ကြောင်း ။

လူနာတွေ အစိုးရိမ်ဆုံးကိစ္စ က ဘာဖြစ်မလဲ လို့ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က ဖြတ် မေးတဲ့ အခါ ဒေါ်စပါယ်ဖြူက လူနာ ဟာ ကိုဗစ်နဲ့ သေရမှာကိုလဲ ကြောက်နေ -သောကရောက်နေတယ်။ ၂၁ရက် တိတိ ဆေးရုံမှာ နေရမှာကိုလဲ ကြောက်နေတယ်။ မိသားစု နဲ့ ဝေးသွားရတာကိုလဲ စိတ်ဆင်းရဲနေတယ်။ အိမ်က စီးပွါးကိစ္စကိုလဲ စိတ်ပူနေတယ်။ ရပ်ကွက်ထဲ ပြန်သွားရင် လူတွေက သူ့ကို ကြောက်ပြီး လက်မခံ မဆက်ဆံကြမှာကိုလဲ ကြောက်နေတယ်လို့ ပြောတာ မှတ်သားလိုက် ရ တယ်။

သူတို့မှာ တကယ်က အဖွဲ့ ၃ဖွဲ့လောက် ဖွဲ့ပြီး တဖွဲ့ ဝင် တဖွဲ့နား လုပ်ချင်ပေမယ့် ဝန်ထမ်းအင်အား မလုံလောက်တော့ အနားမရပဲ လုပ်နေကြရတဲ့ အကြောင်း တင်ပြတာ ကြားရတယ်။ ( ဆွေးနွေးပွဲဖိုင်ကို ပြည်သူ ၆သိန်းကျော်ဝင်ရောက် ကြည့်ရှုထား ပြီး - မျှဝေမှုက သုံးသောင်း ကျော်တာကိုတွေ့ပါ တယ် )

အဲဒီဆွေးနွေးပွဲက အပြီး မှာ ဒေါ်အောင်ဆန်းစုကြည်က သူ စာမျက်နှာမှာ ခုလို အမှတ်တရ ရေးတင်ထားတာကို တွေ့ရသလို သူတို့ ဆွေးနွေးပွဲကို နားထောင်မိကြ ပြီး စေတနာသဒ္ဓါ တရားတွေနဲ့ လာရောက်လှူဒါန်းကြတဲ့ အလှူရှင်တွေ ပေါ်လာတဲ့ အကြောင်း ကိုလဲ ဖေါ်ပြပေးထားတာဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖဘ စာမျက်နှာ မှ......ကူးယူဖေါ်ပြချက်

မနေ့ က(မြန်မာသက္ကရာဇ် ၁၃၈၂ ခုရဲ့ နှစ်ဆန်း (၁)ရက်နေ့) ဝေဘာဂီ ကူးစက်ရောဂါ ဆေးရုံ မှာ COVID-19စစ်ပွဲကြီးကို ရှေ့တန်းက တိုက်ပေးနေတဲ့ ကျန်းမာ ရေး ဝန်ထမ်းနှစ်ဦး၊စေတနာ့ဝန်ထမ်းတစ်ဦး တို့နဲ့ video တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ ပါတယ်။ ဘယ်လိုအခက်အခဲတွေနဲ့ နိစ္စဓူဝရင်ဆိုင်နေရတယ်၊ ပစ္စည်းအင်အား ၊လူအင်အား အကန့် အသတ်တွေ ကြားထဲက သည်းခံစိတ်ရှည်စွာနဲ့ လူနာတွေရဲ့လိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းပေးနေတယ် ဆိုတာ ကြား ရတော့ ကျေးဇူးတင်၊ လေးစား၊ဂုဏ်ယူမိပါတယ်။
ဆွေးနွေးပွဲကိုနားထောင်တဲ့ ပရိသတ်တွေကလည်း ဒီလိုပဲ ခံစားကြရတယ် ထင်ပါတယ်။ နေမဝင်မီ ပဲ၊ ဝေဘာဂီရဲ့ လိုအပ်ချက် အဝဝ အတွက် တာဝန်ယူမဲ့ အလှူရှင်တစ်ဦး၊ ပစ္စည်းလှူမဲ့ အလှူရှင်တွေ၊ လုပ်အားပံ့ပိုးမဲ့ အလှူရှင်တွေ၊ ဆက်သွယ်လာ ပါတယ်။ ဒီကနေ့ဆို ဝေဘာဂီဆေးရုံ ကလူ နာတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ကို ပံ့ပိုး ကူညီဖို့ အစီအစဉ်တွေ စတင် ချမှတ် အကောင် အထည်ဖေါ်နေ ပါ ပြီ။
ကိုယ့်ရပ်ကိုယ့်ရွာအတွက်၊ ရောဂါခံစားနေ ရသူတွေအတွက်၊ အများပြည်သူတွေ အတွက်၊ ကိုယ်ကျိုးကို ရှေ့တန်း မတင်ပဲ၊ တတ်အားသမျှ ပံ့ပိုးပေးနေ ကြ သူ အားလုံး ဒီနှစ်သစ်တွင်သာမက အသက်ထက်ဆုံး ချမ်းသာ သုခနဲ့  ပြည့်စုံကြပါစေ။

 ( ၂၀-၀၄-၂၀၂၀ )