Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာယီ ၃၁

 


ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာယီ ၃၁

(မိုးမခ)ဧပြီ ၂၃၊ ၂၀၂၀

ပင်ဆဲလ်ဘေးနီးယားပြည်နယ် ( Pennsylvania) Harrisburg မှာ သူတို့ ပြည်နယ် ပိတ်ထားတာကို ပြန်ဖြည်ပေးဘို့ ဆန္ဒပြတဲ့ နေရာကို စုဝေး ရောက်ရှိလာတဲ့ လူအုပ်စုကြီး ကို သေချာကြည့်ရင် ကိုဗစ် ရဲ့ နက်ရှိုင်းတဲ့ မာယာတွေကို တစိုးတစ ထိုးထွက်နေတာကို တွေ့ရမယ် ။ ဒီကောင်က ခေတ်မီတိုးတက် လူသားတွေအချင်းချင်း ကြား- ဝိဝါဒခြား သွေးကွဲသွားအောင် ထိုးခွဲထားနိုင်တာပဲ ။ လူ့အခွင့်အရေးဖွင့်ဆိုချက် နဲ့ လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေး ဖွင့်ဆိုချက်တွေ ပဋိပက္ခဖြစ်ကုန်အောင် ခြေထိုးနိုင်သားပဲ ။

လူအုပ်ကြီးက လွတ်လပ်စွာ စုဝေးခွင့် ( Right to Assembly ) လွတ်လပ်စွာ လက်နက်ကိုင်ဆောင်ခွင့်တွေ( Right to bear Arms) တွေ ကြွေးကြော်ပြီး မြို့တော်ခန်းမရှေ့ကို စုရုံး ရောက်ရှိချိန်။ သူတို့ ကိုင်လာ တဲ့ ဆိုင်းဘုတ်တွေ -ကြွေးကြော်သံတွေ ဖတ်ကြည့်။ ငါ့ ကိုယ် ငါ ပိုင်တယ်- ငါ့စိတ်ကြိုက် ရွေးမယ် ( My body my choice )။ ခရစ်တော် ကိုသာ နာခံကြ ( Obey Jesus ) ။ ငါတို့ အလုပ်လုပ်ချင်တယ် ( We want to work ) ။ အကြောက်တရားသာ- တကယ့်ဗိုင်းယပ်စ် ( Fear is the real virus ) ....

မြို့တော်အာဏာပိုင်တွေက လူထုအေးချမ်းငြိမ်သက်မှု အစဥ် Public Order နဲ့ တိုင်းပြည် အရေးပေါ်စီမံချက်တွေ National Emergency Measures ကို ပြန်ရှင်းပြနေပေမယ့် လူထုက ဒီလို ဥပဒေတွေ မျိုးနဲ့ အထိအတွေ့နဲလှတယ်။ စိမ်း လှ တယ်။ ဘာသာရေးနဲ့ ကပ်ဘေး ယှဥ်ရင် ။ နိုင်ငံသားအခွင့်အရေးနဲ့ ကပ်ဘေး ယှဥ် ရင် ဘာအရေးက ပို အရေးကြီးသလဲ ။ ကိုဗစ်က အကုန် ကဗြောင်းကဗြန် မှောက်လှန်ထား တယ်။

တကယ့် ငိုနေရတဲ့ ကိစ္စတွေ ကြား ရီစရာ -ကွက်ကြောင် တွေ ညှပ်ပေးနေတာလဲ ဒီ ကောင် ပဲ ။ လူ အများစု နမော်နမဲ့ အသက်ကြီးလာကြ တယ် ။ ကိုဗစ် နှိပ်စက်တာ အလူးအလဲ ခံရချိန်မှာ ဗိုင်းယပ်စ် နဲ့ ဘက်တီးရီးယား ဟာ မတူဘူး ။ ဆေးကုတာ မတူဘူး ။ ဆေးဖေါ်တာ မတူဘူး ဆိုတာ ကို ခွဲခွဲခြားခြား စဥ်းစားရကောင်းမှန်း - စသိ တယ်။ မြန်မာပြည်ထဲ ခုထိ ဘယ်မြန်မာမှ နှာခေါင်းစည်း တဲ့ ကိစ္စ ကို ရှည်ရှည်ဝေး ဝေးတွေးတာ အငြင်းပွါးတာ မရှိပါဘူး။ အာရှ သား မြန်မာတွေ နှာခေါင်းစည်း သင့်သလား မသင့်ဘူးလား ငြင်းတာ စိစစ်တာ မရှိ ဘူး။ စည်း ဆို စည်းလိုက်ကြတာပဲ ။တချို့ မြန်မာတွေ အပြင်ထွက်လို့ နှာခေါင်းစည်းမပါလဲ အရေးမကြီးဘူး ။ သူများဆီက ဟာ ငှါးစည်းလိုက် - ဖြစ်တာပဲ ဆိုတာတွေ တပုံ ။ အလုပ်ရှုပ်ခံပြီး နှာခေါင်းစည်းက ရောဂါ ပိုကူးနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ ဝိဇ္ဇာနည်းကျ ချဥ်းကပ်တာတွေ စဥ်းစားတာတွေ မလို ။

အမေရိက နဲ့ ဥရောပ မှာ ကျတော့ သာမန်သွားလာနေကြတဲ့ လူတွေကြား နှာခေါင်းစည်းသင့် မစည်းသင့် ပြဿနာ ခုထိ ငြင်းနေတာ ပျော်စရာတောင်ကောင်းသေး ။ ရီရမလား ငိုရမလား။ လူ ၂သန်းခွဲ ကူးစက်ခံထားရပြီး သေတာ ၂သိန်း ပြည့်ခါနီးလာတဲ့ အထိ ငြင်းလို့ ကောင်းတဲ့ ခေါင်းစဥ်လေး ။ ယူကေ မှာ လူထုကြား နှာခေါင်းစည်းတာကို လက်ခံတဲ့ သိပ္ပံပညာရှင်တွေနဲ့ မကြိုက်တဲ့ ပညာရှင်တွေ စကားစစ်ထိုးနေကြတာကို လူထုက အူကြောင်ကြောင်နားထောင်နေရတဲ့ အဆင့် ။ သာမန်လူထုတွေ နေ့စဥ် အပြင်ထွက်ရင် စျေးသွားရင် နှာခေါင်းစည်းထွက် တာ တကယ်ထိရောက် မှု ရှိလား အကျိုးရှိသလား ။( ဆေးရုံတွေ- ဓါတ်ခွဲခန်း- ခွဲစိပ်ခန်း ဆရာဝန် ဆရာမ နှာခေါင်းစည်းတာကို ငြင်းတာ မဟုတ်ဘူး။ သူတို့ကတော့ မစည်းမနေရ ( Surgical Mask , N95 , FFP2 )စည်းကြဘို့လိုမယ် )

အဓိက ဆေးသိပ္ပံဆရာ တွေ ငြင်းနေတာ သာမန် လူတွေ အပြင် သွားတုန်းလာတုန်း စည်းသင့်မသင့် ။ နှာ ချေလိုက်-ချောင်းဆိုးလိုက်ရင် ထွက်တဲ့ အမှုန်အမွှားလေးတွေနဲ့ ကိုဗစ် ထွက်လာတယ်။ သူများကို ကူးစက်စေ တယ်ဆိုတာ သိကြပြီ။ ဒီတော့ လမ်းပေါ်မှာသွားနေတဲ့ လူက လူကောင်းဆိုရင် သူ့ မှာ ဘာရောဂါမှ မရှိတော့ နှာခေါင်းစည်းစရာမလိုဘူးလို့ သိပ္ပံ ဆန်ဆန် ချဥ်းကပ်ကြတာက ပြဿနာ စတာ။ လူကောင်းက ရောဂါ မရှိတော့ သူများကို ကူးစက်စရာမရှိဘူး ။ ဒီတော့ မစည်းနဲ့ ။ နှာခေါင်းစည်း လိုက်တော့မှ ကိုဗစ် ငါ့ကို လာ မကူးနိုင်တော့ဘူးလို့ မသိစိတ်ထဲက စိတ်ချသွားမိ ရင် အဓိက ကျတဲ့ အချက်တွေကို မေ့သွား မယ်။ အဲလိုနဲ့ ကူးစက်နိုင်ချေ ပိုများလာမယ်။ နှာခေါင်းစည်း အကာအကွယ်ကြောင့် ငါ့ ကို မကူးတော့ ဘူး ဆိုတဲ့ စိတ်ချလက်ချ အနေအထား နဲ့ နမော်နမဲ့ လူတွေနားကို ပိုကပ်မိ ။ ၆ပေ ခွါ စရာ မလိုတော့ဘူး ထင် ။ လက်ကိုသေချာဆေးရမယ့် အဓိက အချက်ကို မေ့သွားကြမှာ ။အဓိက ကျတာတွေ ကို မေ့သွားမှ ပို အန္တရာယ်ဖြစ်မှာ ။ ဒါကြောင့် နှာခေါင်းမစည်းကြနဲ့ ။ ဒီလို ညာဏ်များနဲ့ တွေးကြတယ်။နောက်ထပ် ကြောင်တောင်တောင် တချက်က လူထုတရပ်လုံး က အပြင်သွားတိုင်း နှာခေါင်းစည်းတွေ လိုက် စည်းကြမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ အတွက် နှာခေါင်းစည်း မလုံလောက်တာတွေ ကြုံရမယ်လို့ ပစ္စည်းထောက်ပန့်ရေးအဖွဲ့က ပြောတာမျိုး ။ ( Masks for public 'could put NHS supplies at risk')

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကိုယ်တိုင် က သာမန် လူတွေကြားမှာ နှာခေါင်းစည်းလို့ အကျိုးရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောထား တယ် ။နှာခေါင်းစည်းတာ သိပ္ပံနည်း ကျ စနစ်တကျ - မစည်းတတ်ရင် ပိုတောင် ရောဂါ ရနိုင်သေးတယ်လို့ ပြောတယ်။ အမေရိကန်သမတ ထရမ့် ကိုယ်တိုင် ကလဲ သူ မစည်းဘူးလို့ ပြောတယ်။

ဒါပေမယ့် ဂျာမဏီမှာ နှာခေါင်းစည်းက မစည်းမနေရ။ အခု ပြင်သစ်အစိုးရကလဲ လော့ဒေါင်း ကို ဖြည်လျော့တဲ့ အချိန်ကျရင် လူထုကို နှာခေါင်းစည်းတွေ ဝေမယ်လို့ပြောတယ်။ အမေရိကန်မှာလဲ လူထူထူ နေရာ ၆ပေအကွာ ခွါနေလို့မရအောင် ကြပ်တဲ့ နေရာမျိုးမှာ နှာခေါင်းစည်းသင့်တယ်လို့ ပြောလာပြီ။ ချက်ကို စလိုဗက် ကတော့ အစကတည်းက နှာခေါင်းစည်းတာကို အားပေးတယ်။

ဒေါ်အောင်ဆန်းစုကြည် က နှာခေါင်းစည်းကို ကိုယ့်ဖါသာ လက်ချုပ်ချုပ် ပြပြီး လူထုကို နှာခေါင်းစည်း စည်းဖို့ စည်းရုံးခဲ့တာ ကြာလှပြီ။ ပြန်လျှော်ပြီး မီးပူထိုးတာတောင် ၃ခါလောက် ရှိရော့မယ်။ ယူကေ ကျန်းမာရေးဝန်ကြီး မက် ဟင်းကော့ ( Matt Hancock ) ကို အခု သွားမေး၊ ရေရေရာရာ မဖြေနိုင် သေး ဘူး။ ဆေးသိပ္ပံဆရာတွေ ညွှန်ကြားသလို ပါပဲလို့ လွှဲချနေတုန်း ။ ဆေးသိပ္ပံဆရာတွေက ၂ဖွဲ့။ စည်းသင့်တာက တဖွဲ့။ မစည်းသင့်တာက တဖွဲ့ ။ အခု ကြားချတဲ့ အဖွဲ့ ထပ် ပေါ်လာတယ် ။ လက်ဖြစ် နှာခေါင်းစည်းတွေ စည်းကြပါ။ တီရှပ်အဟောင်းနဲ့ လုပ်လဲ ရပါတယ်။ ကိုယ့်ဖါသာ လက်ဖြစ် စည်းတော့ ဆေးရုံတွေမှာ နှာခေါင်းစည်းပြတ်လပ်မယ့် ပြဿနာ မရှိတော့ဘူးပေါ့တဲ့။ လန်ဒန်မြို့တော်ဝန်ကလဲ လန်ဒန်သားတွေ အပြင်သွားရင်နှာခေါင်းစည်းကြပါလို့ တိုက်တွန်းထားတယ်။

မြန်မာတွေ အေးဆေး ။ ဒီနေ့ဆို ကောလင်း မြို့က သီလရှင် စာသင်တိုက်တခု မှာ ဆရာလေးတွေ ကိုယ်တိုင်ချုပ်လုပ်ကြတဲ့ နှာခေါင်းစည်းလေးတွေ တင် ပြထားတာ လက်ရာတွေ ကောင်းမှကောင်း ။

ဝေဘာဂီဆေးရုံ နဲ့ နောက် ကူးစက် ဆေးရုံတခုမှာ စောင့်ကြည့်လူနာတွေကို အဝေးထိန်း စနစ်နဲ့ ထမင်းဝေမယ့် ထရော်လီလှည်း လေးတွေကို လူငယ်ဗော်လန်တီယာပညာတတ်လေးတွေ စမ်းသတ်နေကြတာ အတော် သဘောကျ ကျေနပ်စရာပဲ ။ ဒီ ကျရာ တာဝန်သိစိတ် တွေ နဲ့ သာ ကိုဗစ် ကို ကျော်ဖြတ်နိုင်ကြမှာ ။

ယူကေ လွှတ်တော် ကိုဗစ်ပုံစံ ကို ဒီနေ့ ဘီဘီစီသတင်းမှာ တွေ့ရတယ်။ အမတ်နဲနဲလေး တက်-ခပ်ခွါခွါ ထိုင် ဆွေးနွေး ငြင်းခုန်ကြ ။ကျန်အမတ်တွေက အိမ်တွေက အွန်လိုင်းက မေး။ တင်ပြ။ ဆွေးနွေး။ အခုမနက်ကျမှ မှာထားတဲ့ PPE တွေ စစ်လေယာဥ်နဲ့ တူရကီကနေ ရောက်လာကြ တယ်။ ပီပီအီးတွေ ဘာဖြစ်လို့ ပြတ်လပ်ရသလဲ မေးခွန်းတွေက စိတ်ဝင်စားစရာ ။ ပီပီအီး ဟာ အဆင့်သိတ်မြင့် လို့ ခက်ခက်ခဲခဲ ထုတ်လုပ်ရမှုမျိုးမဟုတ်ဘူး။ ပီပီအီး တွေ ကူညီ ထုတ်လုပ်ပေးကြ ဘို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကမ်းလှမ်းမှု ၈၀၀၀ လောက် ရှိတယ်ဆိုပါလား ။ ဒီကြားထဲ ပြတ်လပ်တာ မဖြစ်သင့်ဘူးလို့ ထောက်ကြတယ်။ ဖြေရှင်းသူကလဲ စံချိန်စံညွှန်းမီ အရည်အသွေးမှီအောင် သိပ္ပံဆရာတွေ ညွှန်းတဲ့အတိုင်း လိုက်လုပ်ရတာလို့ ပြန်ဖြေတယ်။ ကိုဗစ်ကြောင့် ကျန်းမာရေး ဌါန ဝန်ထမ်း စုစုပေါင်း အသက်ဆုံးပါးတာ ဘယ်၂ယောက် ရှိပြီလဲ မေးတော့ ၆၇ ယောက် ရှိသွားပြီဖြေတာတွေ့တယ်။ လူအိုရုံတွေမှာ အသေများနေတာ- ပီပီအီး မပေးနိုင် တာ ။ ကိုဗစ် ရှိမရှိ စစ်ဆေးတာတွေ မလုပ်နိုင် တာတွေကို လေဘာပါတီက ထောက်တယ်။ သူ က ကိုဗစ်ကာလမှာ အပြုသဘောနဲ့သာ အတိုက်အခံ လုပ်မယ်( Constructive engagement )လို့ ပြောထားတော့ တဖက်ပါတီကို ဒေါသတကြီး တိုက်ခိုက်နေတာမျိုး မတွေ့ရဘူး။ အေးရာအေးကြောင်း ပဲ ဆွေးနွေးတယ်။ စစ်တပ်က တာဝန်ရှိ အကြီးအကဲတယောက်လဲ သတင်းစာရှင်းလင်းပွဲ မှာ တက်ရောက်ပြီး အစိုးရကို ကူညီ လုပ်ဆောင်ထားတဲ့ သူတို့ အပိုင်းတွေကို သတင်းစာဆရာတွေကို တင်ပြရှင်းလင်းတာ တွေ့တယ်။

ကိုဗစ် ကာကွယ်ဆေး စတင် စမ်းသတ်ထိုးနှံမှု ကို ဒီနေ့ လူ ၂ယောက် နဲ့ အစီအစဥ် စမယ်။ စနေ့ နေ့ကျရင် နောက်ထပ် ၆ယောက် ထပ် ထိုးမယ်။ နောက်တကယ် စိတ်ချရရင် စမ်းသတ်ထိုးမယ့် လူတွေကို တဖြေးဖြေး ရာဂဏန်း အထိ တိုးတက် စမ်းသတ် သွားမယ်။ ဗော်လန်တီယာ ဆေးထိုးခံမယ့် လူတွေကလျှောက်လွှာတင်လို့ရတယ်။ အသက် ၁၇ ကနေ ၅၃ နှစ်ကြားထင်တယ် ( သိတ်မမှတ်မိလိုက် ) ဒီနှစ်ကုန်ရင်တော့ ယူကေတနိုင်ငံလုံး အတွက် လုံလောက်တဲ့ ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်မယ်လို့မျှော်လင့်တဲ့ အကြောင်းပြောပြ တယ်။

အဲလို ယူကေအစိုးရ က ကာကွယ်ဆေး ရအောင် သူတို့ ဘယ်လိုကြိုးစားနေတယ်ဆိုတာကို လူထုကို အသိပေးနေချိန် ကျွန်တော့်ချက်ဘောက်ထဲမှာ ကိုဗစ်ကာကွယ်ဆေး အမေရိကားမှာ ရပြီဆိုပြီး အမေရိကားက ကျွန်တော် ဘယ်သူတင်ဆက်နေတာပါ ဆိုတဲ့ သတင်းတင်ဆက် ဖိုင်တခု ။ နောက်ထပ်အမျိုးတယောက်ဆီ က အိန္ဒိယမှာ နက္ခတ္တ ပညာရှင်လေးတယောက်ဟောတာ မေလ ၂၉ ရက်ကျရင် ကိုဗစ် ချုပ်ငြိမ်းသွားတော့မယ်ဆိုတဲ့ ဟောကြားချက် ကို မြန်မာမီဒီယာတခုက တင်ဆက်ထားတဲ့ ဗီဒီယိုဖိုင်တခု။ ရထားပြီးပေါ့ ။

ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌါန က ဝက်ဖ်ဆိုဒ်ကို သွားကြည့် တော့ ကိုဗစ် ပိုးတွေ့လူနာ ၁၂၃ ယောက် ဖြစ်လာပါပြီ ။

ခွန်ဆိုင်း ( ၂၃-၀၄-၂၀၂၀ )