Breaking News

အေးငြိိိိိမ်း - ကိုုုဗစ်၁၉ ကပေးသည့် ဒုက္ခ



အေးငြိိိိိမ်း - ကိုုုဗစ်၁၉ ကပေးသည့် ဒုက္ခ

(မိိုးမခ) ဧပြီ ၄၊ ၂၀၂၀

ကျွန်ုပ်တို့ စိုးရိမ်စွာ စောင့်နေခဲ့သည့် နေ့တစ်နေ့ကိုကား ရောက်ရှိလို့ လာခဲ့ပါချေပြီ။

ယနေ့ (၃ ဧပြီ၊ ၂၀၂၀) ညနေ ၄ နာရီတွင် စင်ကာပူဝန်ကြီးချုပ် မိန့်ခွန်းပြောပါသည်။ ဝန်ကြီးချုပ်မိန့်ခွန်းပြောပြီးသည်နှင့် တပြိုင်နက် အသေးစိတ်အချက်အလက်များကို သတင်းစာရှင်းလင်းပွဲ လုပ်၏။

ဝန်ကြီးချုပ်၏ မိန့်ခွန်းနှင့် သတင်းစာရှင်းလင်းပွဲမှ အချက်အလက်များကို ကျွန်ုပ်က အကျဉ်းချုပ် ရေးပြပါမည်။

စင်ကာပူတွင် ကိုဗစ်၁၉ ရောဂါပြန့်ပွားမှုမှာ အလွန်ဆိုးရွားစွာ တက်လာခဲ့၏။ မနေ့က တစ်ရက်တည်းပင် ၄၉ ဦး ရောဂါတွေ့သည်။ ယခုဆို ရောဂါကူးစက်ခံရသူဦးရေမှာ ၁၀၄၉ ဦး ဖြစ်ခဲ့ပြီ။

ထိတ်လန့်စရာကောင်းသည့်တစ်ချက်မှာ အလုပ်သမားအများစုနေကြသည့် တန်းလျား (dormitory) နှင့် Nursing home (မြန်မာလိုဆို ဘိုးဘွားရိပ်သာပေါ့ဗျာ) တွင်ပါ ရောဂါကူးစက်ခံရသူကို တွေ့ရခြင်း ဖြစ်၏။ ထိုနေရာများ၌ ရောဂါရှိနေသူ တစ်ဦးမှ အများသို့ ခဏအတွင်း အလွန်လျင်မြန်စွာ ကူးစက်သွားနိုင်လေသည်။ ပို၍စိုးရိမ်စရာကောင်းသည်ကား ဘိုးဘွားရိပ်သာဆိုသည်မှာ မသန်မစွမ်း၊ သက်ကြီးရွယ်အို အဖိုးကြီး အဖွားကြီးများ စုနေရာနေရာ ဖြစ်နေခြင်းပင်တည်း။ သက်ကြီးရွယ်အိုများကို ရောဂါကူးစက်ခံရပါက အသက်အန္တရာယ် စိုးရိမ်ရသည်။

ထို့ကြောင့် circuit breaker စနစ်ကို တင်းကျပ်စွာ ကျင့်သုံးပါမည်။ ဆိုလိုသည်မှာ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှု အနည်းဆုံးဖြစ်အောင် အဆက်ဖြတ်သည့်စနစ် ဖြစ်၏။ ဤစနစ်ကို ပထမအကြိမ်အနေနှင့် တစ်လ ကျင့်သုံးမည်။

ပထမ -
မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းများမှလွဲ၍ လုပ်ငန်းအားလုံးကို ပိတ်သိမ်းမည်။ (မြတ်စွာဘုရား)
ထို မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းများမှာ အောက်ပါတို့ ဖြစ်၏။
၁။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်း
၂။ အစားအသောက်နှင့် ပတ်သက်နေသည့် လုပ်ငန်းများ
၃။ စွမ်းအင် (လျှပ်စစ်)
၄။ ရေ နှင့် အမှိုက်သိမ်းစနစ်
၅။ သယ်ယူပို့ဆောင်ရေး၊ ပစ္စည်းအပို့အယူလုပ်ငန်း
၆။ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး၊ သတင်း
၇။ လုံခြုံရေး
၈။ Facility Management (နောက်မှ ဘာသာပြန်မဗျာ၊ ခုတော့ ရေမီးစသည်ပံ့ပိုးရေးလို့ပဲ အကြမ်းမှတ်ထားပါ။)
၉။ ကုန်ထုတ်လုပ်မှုလုပ်ငန်း
၁၀။ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း
- စသည်တို့ဖြစ်၏။

သို့သော် လူတစ်ဦးလျှင် တစ်မီတာ ထားနိုင်သည့် နေရာများကို ဆက်လက်ခွင့်ပြုသွားမည်။
သင်တန်း နှင့် ကျောင်းများကို အဝေးသင်စနစ် (ဟားဟား နင်တို့ကခုမှတရေးနိုးလာတယ်။ ငါတို့ဆီမှာ အဝေးသင်စနစ်က အနှစ် ၄၀ လောက် ရှိပြီလကွ) နှင့် သင်ရမည်။
(ထို့ကြောင့်ပင် ကျွန်ုပ်တို့ သင်တန်းကျောင်းများကလည်း Zoom in နှင့် သင်သည့်စနစ်ကို စတင် အကောင်အထည် ဖော်နေကြပြီဖြစ်၏။)(ဝူး - တော်ပါဒေးရက်)
အိမ်မှနေ၍လုပ်နိုင်သည့်လုပ်ငန်း (work from home) များကို ဆက်လက်ခွင့်ပြုသွားမည်။ (Wow)
ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောကျင်းကဲ့သို့ နိုင်ငံခြားသားများ လုပ်နေသည့် လုပ်ငန်းများကို ပိတ်မည်။ (ဂိန်)
တန်းလျား (dormitory) များ၌ နေသည့် အလုပ်သမားများအတွက် လိုအပ်သည့် အစီအမံများ လုပ်သွားမည်။

ဤသည်များကို နောက်အပတ် အင်္ဂါနေ့မှ စတင်မည်။

အလုပ်လုပ်သူအားလုံး အခြားသူများနှင့် ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချရမည်။

ကျောင်းများ တက္ကသိုလ်များအားလုံး အိမ်မှနေ၍ သင်ယူခြင်း (home-based learning) ကို ဧပြီလ ၈ ရက်နေ့မှ (အောင်မငီး၊ ကျုပ်မွေးနေ့ကြီးပါလား) မေလ ၄ ရက်နေ့အထိ အပြည့်အဝ ကျင့်သုံးသွားမည်။

ဆိုလိုသည်မှာ ကျောင်းမသွားရတော့ဘဲ အိမ်မှနေကာ သင်ယူရမည်။ ဤစနစ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အစမ်းကျင့်သုံးခဲ့၏။ ဤတွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာနှင့် အခက်အခဲ များကို အားလုံးနီးပါးလိုလို ဖြေရှင်းခဲ့ပြီးပြီ။ အိမ်၌ အင်တာနက်နှင့် ကွန်ပြူတာမရှိသူများ ကျောင်းသို့လာနိုင်သည်။ ဤသို့လာသည့် ကျောင်းသား/သူ များမှာ တစ်ကျောင်းလျှင် ၁၀ ဦး၊ ၁၅ ဦးထက်မပို၍ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင် သည်။

နှစ်ဝက်စာမေးပွဲများအားလုံး (SA1 – Semester Assessment) မကျင်းပတော့။

မူကြိုနှင့် နေ့ကလေးထိန်းကျောင်းအားလုံးကိုလည်း ပိတ်မည်။ ဘဏ်ဝန်ထမ်း၊ မီးရထားဝန်ထမ်းကဲ့သို့သောသူများ၊ အိမ်၌ ကလေးကို ထိန်းပေးရန် အခက်အခဲရှိသူများအတွက်တော့ စီစဉ်ပေးမည်။

ချုပ်ရလျှင် -

၁။ တတ်နိုင်သမျှ အိမ်မှာနေပါ။ မလိုအပ်ဘဲ ဘယ်မှ မသွားပါနှင့်။
၂။ အခြားသူများနှင့် ထိတွေ့မှုကို ရှောင်ပါ။ ဘယ် မွေးနေ့၊ အလှူ၊ အသုဘ၊ ဆွမ်းကျွေးကိုမှ မသွားပါနှင့်။ ကိုယ့် ယောက္မအိမ်က ဖိတ်သည့် ဘုရားကိုးဆူကပ်သည့်ပွဲကိုတောင်မှ မသွားပါနှင့်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် မထိတွေ့ မဆက်ဆံမိပါစေနှင့်။ (ကိုယ့်မိသားစုနှင့် အတူ ကိုယ်လက် လေ့ကျင့်ခန်းလုပ်တာမျိုးတော့ လုပ်လို့ရပါသည်။)
၃။ အစားအသောက်များကို ဆိုင်တွင် ထိုင်မစားပါနှင့်။ အိမ်သို့ဝယ်လာပါ။ ထိုသို့ဝယ်ရာတွင် ဆိုင်မှ ဖော့ဘူးများအစား ကိုယ့်အိမ်မှ ဆွဲချိုင့်များယူသွားပါ။ (ဟားဟား၊ ငါတို့ဗမာပြည်မှာ ဆွဲချိုင့်စနစ်ကို သုံးလာတာ ကြာပေါ့။)
၄။ ပန်းခြံများထဲ၌ လေ့ကျင့်ခန်းလုပ်လျှင် အခြားသူများနှင့် ခပ်ခွာခွာနေပါ။ (ဝေးဝေးကသာ လွမ်းပါမည် - ပေါ့။)
၅။ ဈေးဝယ်သွားသည့်အခါ လူထူထပ်သည့်နေရာကို ရှောင်ရန် ရုံးဖွင့်ရက် နေ့ခင်းနေ့လယ်များ၌သာ သွားပါ။ ရုံးပိတ်ရက် များကို ရှောင်ပါ။

ဤသည်မှာ သိပ်တော့ မလွယ်လှပါ။ သို့သော် ဤနည်းကသာလျှင် လူတစ်ဦးနှင့် တစ်ဦး ရောဂါကူးစက်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သဖြင့် -

နိုင်ငံသားအားလုံး ကိုယ့်အသိနှင့်ကိုယ် လိုက်နာလုပ်ဆောင်ကြရပါမည်။

ဤသည်မှာ ဝန်ကြီးချုပ်၏ မိန့်ခွန်းအချုပ်ဖြစ်၏။

ဖြည့်စွက်ပြောရလျှင် -

ဆိုးသည်မှာ ရောဂါတွေ့သူများအနက် အချို့မှာ ရောဂါလက္ခဏာ လုံးဝမပြခြင်းဖြစ်၏။
ကူးစက်ခံရသူများ၏ ထက်ဝက်ကျော်မှာ ဘယ်ကနေ ကူးလာမှန်းမသိရ။ နောက်ကြောင်းရာဇဝင် မရှိ။
ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ လမ်းညွှန်ချက်အရ စင်ကာပူအစိုးရက နေကောင်းနေလျှင် မျက်နှာအကာ (face mask) ဝတ်စရာမလိုပါ ဟု ထုတ်ပြန်ခဲ့သည်။ ယခု ဤအဆိုကို ပြန်လည်သုံးသပ်နေပါပြီ။

ဤသည္ကား -

နေကောင်းနေသည့်တိုင် မိမိတွင် ရောဂါရှိနေနိုင်လေသည်။ မိမိတွင် ရောဂါရှိနေမှန်း မသိနိုင်။ ထို့အတွက် မိမိနှင့် နီးကပ်စွာ ဆက်ဆံနေရသူများကို ရောဂါကူးစက်မည့် အန္တရာယ်မှ ကာကွယ်နိုင်စေရန် အပြင်ထွက်သည့်အခါ၊ အခြားသူများနှင့် ဆက်ဆံသည့်အခါ မျက်နှာအကာကို ဝတ်ဆင်ထားရန် ဖြစ်ပါသည်။
စင်ကာပူအစိုးရသည် ပြန်လျှော်ဝတ်၍ရသည့် မျက်နှာအကာများကို လူတစ်ဦးလျှင် တစ်ခုကျစီ ဝေပေးပါမည်။
ထိုမျက်နှာအကာများကို အပြင်သွားလျှင်ဝတ်ပြီး ပြန်လာလျှင် လျှော်ကာ လှန်းထားရမည်ဖြစ်၏။ နောက်တစ်ခါ အပြင်ထွက်လျှင် ပြန်ဝတ်နိုင်သည်။
(မတ်လ ၂၈ ရက်နေ့က လက်သန့်ဆေးရည် (hand sanitizer) များ တစ်အိမ်ထောင်လျှင် ၅၀၀ စီစီ စီ ပေးခဲ့၏။ ကျွန်ုပ်မူကား အလုပ်သွားနေရ၍ မယူလိုက်ရ။)

နောက်ပြီး -

မလိုအပ်ဘဲ သူငယ်ချင်းမိတ်ဆွေများနှင့် လဖက်ရည်ဆိုင်ထိုင်ကာ ဟေးလားဝါးလားလုပ်နေသူများကို အရေးယူမည်။ (မြတ်စွာဘုရား)
ယခင်က လူ ၁၀ ဦးထက်မပိုစေရဟု ထုတ်ပြန်ထားသည့်တိုင် ယခု မလိုအပ်ဘဲ လူ ၄ - ၅ ဦး စုနေပါက အရေးယူမည်။

လုပ်ငန်းများကို ပိတ်သိမ်းရမည်ဟု ထုတ်ပြန်ထားပါလျက် ဆက်လုပ်နေသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်။

အိမ်မှနေ၍ စာသင်ရမည့် ကလေးများအတွက် ကွန်ပြူတာများကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးပါသည်။

အလုပ်လုပ်မှ ပိုက်ဆံရတဲ့ ကျုပ်တို့အဖို့တော့ မျက်ခုံးလှုပ်စရာပေ့ါခင်ဗျား။ (သေပြီဆြာ)

ကိုယ့်မှာ ကိုဗစ်ရှိနေနိုင်သလား။ ဟောဒီမှာ စစ်ကြည့်ပါ။

https://www.sgcovidcheck.com

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ ဧပြီလ၊ ၂၀၂၀၊ ညနေ ၈ နာရီ ၅ မိနစ်