Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၆၊ ၂၀၂၀



မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၆၊ ၂၀၂၀

(မိိုးမခ) ဧပြီ ၁၆၊ ၂၀၂၀
(သူ့ဖေစ်ဘွတ်က ကူးပါတယ်)

ကယ်လီဖိုးနီးယားက ပြန်ဖွင့်မယ် ဆိုပဲ

ခုထိတော့ ပိုးကိုက်နှုန်းက စစ်လေ တိုးလေပဲ။ သို့သော် သေနှုန်းက နည်းလာပြီ၊ ဆေးရုံတက်သူလည်း မတိုးတော့ဘူး။

သည်တော့ ကယ်လီဖိုးနီးယားနဲ့ အမေရိကအနောက်ခြမ်းပေါင်း ၃ ပြည်နယ်တို့က ဖြေးဖြေးချင်း ပြန်ဖွင့်မလား စဉ်းစားနေကြတယ်။ စတားဘတ်ကော်ဖီဆိုင်က တူဂိုးတွေ ပြန်ဖွင့်မယ်။ ပါဆယ်သောက်မှာလို့ရတယ်ပေါ့။

ကယ်လီဝန်ကြီးချုပ်( မောင်လူပေက အုပ်ချုပ်ရေးမှူးလို့ ဘာသာပြန်တယ်) နယူးဆန်ကတော့ အချက် ၆ ချက်နဲ့ ကိုက်ညီအောင်လုပ်နိုင်ရင် ဖြေးဖြေး ချင်း ဘုံဘိုင်ခေါင်းဖွင့်သလို တရစ်ချင်း ဖွင့်မယ်။ ပြန်ပိတ်သင့်ရင်လည်််််းတရစ်ချင်း ပိတ်မယ်လို့ ပြောတယ်။ မီးခလုတ်ဖွင့်သလို ဖြတ်ခနဲ ဖွင့်တာ ပိတ်တာမျိုး မလုပ်ဘူးတဲ့။

အခု အမေရိကားမှာ ဖြစ်နေတဲ့ အခြေအနေက ပိုးက ဘယ်လိုဘယ်လောက် ကူးစက်နေပြီလဲ အတိမ်အနက်ကို မသိရသေးတာ။ စစ်မှ စစ်မကြည့်နိုင်တာကိုး။

သည်တော့ လူတိုင်းကို ပိုးစစ်ကြည့်နိုင်ရမယ်။

တချိန်တည်းမှာပဲ ပိုးစစ်ရုံတင်မကဘူးimmunity ခံနိုင်ရည်ရှိသူတွေကိုလည်း သွေးစစ်ပြီး ဖော်ထုတ်နိုင်ရမယ် (ကူးဖူးသည်သို့သော်ခံနိုင်သည်ပေါ့)။
အပြင်ထွက်သည့် ကာကွယ်ရေး ဝတ်စရာတွေ အလုံအလောက် ရှိထားမှလည်း ဖြစ်မယ်။ အပြင်ထွက်ကြသည့်အခါ ဆင်ခြင်ပြီး ကန့်သတ်ထားမှုတွေလည်း အတိအကျပြဌာန်းနိုင်ရမယ် (ဥပမာ - စားသောက်ဆိုင်တွေမှာ ပါဆယ်ပဲ ရောင်းတာ၊ အပူချိန်စစ်တာ၊ လူဝင်လူထွက်ကန့်သတ်တာ၊ ရုံးတက် ကျောင်းတက် စည်းကမ်းများ ထုတ်ပြန်ထားတာ)။
အရေးယူမှု ဒဏ်တပ်မှု ဖမ်းဆီးမှုတွေကိုလည်း လုပ်နိုင်ရမယ်။
ကပ်ဆိုးကာလအောက် စောင့်ရှောက်ကာကွယ် ကုသကယ်ဆယ်မှုတွေလည်း ပြဌာန်းပေးနိုင်ရမယ်။ (ဥပမာ - အလုပ်ထွက်လုပ်ကြဆိုပြီး ကိုယ်လုံးတီး ထွက်လုပ်ခိုင်းတာမျိုးဆိုရင် ကာလနာပါတိုက်ကုန်မှာပေါ့)။ ကုသနိုင်တဲ့ ဆေးဝါး အတိအကျ ထွက်ရှိပြီးမှ ဖြစ်ရမယ်။
စသည်ဖြင့် New Normal Under Covid19 ကို သဘောတူနိုင်ကြရင် ပြန်ဖွင့်မယ်လို့ ဆိုလိုချင်ဟန် ရှိပါတယ်။

ကယ်လီဖိုးနီးယားက ပြန်ဖွင့်ပေမယ့် အိမ်နီးချင်းပြည်နယ်တွေက အခြေအနေဆိုးနေသေးရင်လည်း ပြည်နယ်အချင်းချင်း သွားလာမှု ကန့်သတ်တာတွေလည်း လုပ်ချင်လုပ်လာနိုင်တာပဲ လို့ စဉ်းစားမိတယ်။ နယူးယောက်ကလူတွေ ကယ်လီဖိုးနီးယားလာချင်ရင် ဗီဇာလျောက်၊ ဆရာဝန်ဆေးစာပြ၊ ၁၄ ရက် ကွာရင်တင်းနေကြ ဒါမျိုး လုပ်ရမလား မသိဘူးနော်။ အသွား ၁၄ ရက် ကွာရင်တင်း ။ အပြန် ၁၄ ရက် ကွာရင်းတင်းသာ နေခိုင်းနေရင် သူများပြည်နယ်တို့ တိုင်းပြည်တို့ သွားလည်တာ တလလောက်က အိမ်ချုပ်ကျနေပြီးမှ အပြင်ထွက်လည်ခွင့်ရမယ်ဆို မသွားဘဲနေတာက ခပ်ကောင်းကောင်း ...

ကပ်ဆိုးတွင်းနဲ့ ကပ်ဆိုးအလွန်ကာလ လူနေမှုစနစ်နဲ့ စတိုင်တွေ အသစ်တဖန်ပြန်စဉ်းစားကြရဦးမယ် ထင်ပါတယ်။ အရင်ကအတိုင်းတော့ ပြန်ဖြစ်မယ် မထင်တော့ပါဘူး။ အသစ်ကနေ ပြန်စတဲ့အထိလည်း မဟုတ်။ ပုံစံတမျိုးတော့ ဖြစ်တည်လာကြမယ် ထင်ပါတယ်။ ဥပမာ - လူတွေက မျက်နှာဖုံး ၊ခေါင်းဆောင်း ၊မျက်မှန်၊ လက်အိတ်၊ လက်ရှည်အင်္ကျီ၊ လည်ရှည်ဘွတ်ဖိနပ်တွေနဲ့ အပြင်ထွက်မှ ခေတ်မီတယ် ဖြစ်လာမယ်၊ မျက်နှာဟောင်းလောင်း လက်ဟောင်းလောင်းနဲ့ ဟိုဖော်ဒီဖော် ဟိုပေါ်ဒီပေါ် လူတွေဆိုရင် နှာခေါင်းရှုံ့ခံရတဲ့ အချိန်ကို ရောက်လာမယ် ထင်တယ်။