Breaking News

အောင်မော်ဦး - “ အနိဋ္ဌာရုံကို လိုက်ဗ်ရှိူး ကြည့်နေရတယ် "

Photo Credit- CNA-Asia
“ အနိဋ္ဌာရုံကို လိုက်ဗ်ရှိူး ကြည့်နေရတယ် "
အောင်မော်ဦး
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၀

နှစ်ဘက်စလုံး
လက်နက်တွေချပြီး
လက်-လက်ချင်း ချကြမယ်ဆိုရင်တောင်
အပြစ်မဲ့ပြည်သူတွေ 
ခုလောက်သေကြရမှာမဟုတ်ဘူး

လူမမယ်တွေ
လူငယ်လူရွယ်တွေ
သားသည်အမေတွေ
သက်ကြီးရွယ်အိုတွေ
ပိုးစိုးပက်စက် သေကြေနေကြတဲ့
အနိဋ္ဌာရုံကို လိုက်ဗ်ရှိူး ကြည့်နေရတယ် 

ငတို့ဟာ
တရားမျှတမှုနဲ့လွတ်လပ်မှုကို ရှာဖွေနေကြသူတွေပါ
ဓမ္မနဲ့အဓမ္မကို ကောင်းစွာခွဲခြားနားလည်ကြသူတွေပါ
အားနည်းသူကိုအနိုင်ကျင့်တဲ့
အားကြီးသူကို အလွန်တရာမုန်းတီးကြသူတွေပါ

တော်လှန်ရေးဟာ ဘယ်တော့မှ မကျဆုံးသလို
အာဏာရှင်စနစ်ဟာလည်း ထာဝရ အသာရမနေနိုင်ပါဘူး
ခင်ဗျားတို့စစ်ပွဲကို 
ခဏဖြစ်ဖြစ်ရပ်ပစ်ဖို့
နေ့ကောင်းရက်သာကိုရွေးဖို့လိုသေးလို့လား

ခေတ်မီတဲ့ နိုင်ငံတော်ကာကွယ်ရေးဆိုတာနဲ့
ခေတ်မီတဲ့ အမျိုးသားလွတ်မြောက်ရေး ဆိုတာတို့ဟာ
ကမ္ဘာ့အခြေအနေနဲ့
လိုက်လျောညီထွေ ဖြစ်နေဖို့တော့ လိုပါတယ်

ဒီနေ့ဖြစ်နေတာက
အလောင်းတောင် ခြောက်ပေခွာပြီးမြှုပ်ရမယ့်
ဆိုရှယ်ဒစ်စတင်းဆင်းမှာ
အားလုံးဟာ
စတေးအက်ဟုမ်းကြဖို့ဆိုတာ ကမ္ဘာ့ဗေဒပဲ

လူအများအသက်ကို ကယ်ဖို့
ကိုယ့်အသက်ကိုတောင် စွန့်တန်စွန့်ကြရမယ် အချိန်မှာ
သူတပါးအသက်ကိုသတ်ဖြတ်နေကြတာကတော့
စကားလုံးတလုံး ရွေးချယ်သုံးနှုန်းဖို့တောင်
ကဗျာဆရာဟာ ဆွံ့အ ခဲ့ရပါတယ်

လူသားကမ္ဘာမှာ
လူသားပါလို့ ပြောလို့ရဖို့ကတော့
လူသားဆန်ပြကြမှရမယ် ကိုယ့်လူတို့။

အောင်မော်ဦး
ဧပြီ၊ ၁၅၊ ၂ဝ၂ဝ။