Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၂၈



ခွန်ဆိုင်း  - ကိုဗစ် ဒိုင်ယာရီ ၂၈
(မိိုးမခ)ဧပြီ ၂၀၊ ၂၀၂၀

ခုရက်ပိုင်းတွေမှာ ဆေးသိပ္ပံ ပညာရှင်တွေ နဲ့ ကိုဗစ် တိုက်စစ်မှူးတွေ ။ အစိုးရနဲ့ အတိုက်အခံတွေ ကြား အခြေအတင် အဖြစ်ရဆုံး - အပြောရ ဆုံး ခေါင်းစဥ် ၄ ခုရှိပါမယ် ။

၁။ PPE အမြန်ဆုံးပေးကြပါ။ လုံလုံလောက်လောက်ပေးကြပါ။ သူမပါပဲ ရှေ့တန်းမထွက်သင့် ကြပါ ။
၂။ လူတွေမှာ ရောဂါ ကူးမကူး စစ်ပါ။ များများစစ်ပေးကြ ပါ( Rapid Testing , serology , antibody , )
၃။ ခြေရာခံပါ၊ ထိန်းချုပ်ပါ Tracing, isolation and quarantine
( ၂ နဲ့ ၃ ကို မလုပ်နိုင်ပဲ Lock down ကို လုံးဝဖြည်လျော့လိုက် ရင် အဖြစ် ဆိုးမယ် )

၄။ ကာကွယ်ဆေး( vaccine ) ရပြီ။ မရသေးဘူး။ အငမ်းမရမေးခွန်း ။ တချို့က ရပြီလို့ အသံထုတ်နေ။ အမှန်က လောက်လောက်လားလား ရတယ်ဆိုတဲ့ သက်သေ ဘယ်သူဆီ မှ မရှိသေးဘူး ။ လူ-ဘယ်နှစ်ထောင် မှ မစမ်းသတ်ရသေးဘူး ။ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဘယ် အဖွဲ့အစည်းက မှ အာမ မခံကြသေးဘူး ၊ ဒီလို အာမခံ မရှိသေးတဲ့ ကာကွယ်ဆေးမျိုး ကို ဘယ် ကုမ္ပဏီက မှ ငွေကုန်ခံပြီး ကမ္ဘာကို ဖြန့်ဘို့ ပြီးစလွယ် သန်းနဲ့ချီ မထုတ်ရဲဘူး ။

ကိုဗစ်ကို ခုခံနေကြတဲ့ ဒီနေ့ မဟာ လူသားတွေရဲ့ လက်နက်တွေအကြောင်း ဗျူဟာတွေအကြောင်း မထောက် မညှာ ပြောစမ်းပါ-လို့ ကျုပ်ကို မေးလာရင်တော့ အားကိုးလောက်စရာ မရှိ။ ခုခံနေရတဲ့ လက်နက်တွေ ဆိုတာ မီးကျိုးမောင်းပျက်-လက်နက်တွေ( ဥပမာ နှာခေါင်းစည်း -မျက်မှန် -မျက်နှာကာ- ဝတ်ရုံ-လက်အိတ် -ပိုးသတ်ဆေး ) ။ခုခံနေရတဲ့ ဗျူဟာတွေကလဲ Stay home , Save lives ဆိုတဲ့ ချူချူချာချာ ဗျူဟာတွေ ။ ကိုယ့်စခန်း-မကျ အောင် ခံထားရတဲ့ ကျင်းထဲက ခံစစ်သေ -သက်သက်။ ဒီထက် ဘာမှ မပို ၊ အပြင်ထွက်တာနဲ့ အတိုက်ခံရမှာပဲ ဆိုတဲ့ ခံစစ်သေ ဗျူဟာ ပေါ့ ။

ကိုဗစ် ကို ချေမှုန်းနိုင်မယ့် လက်နက် လာဘို့တော့ ရှိတယ်။ဒါပေမယ့် ကြာမယ် ။ သူရောက်မှ တန်ပြန် ထိုးစစ်က စနိုင်မယ်။ ခုနေကတော့ ဝပ်ကျင်းက အလုံခြုံဆုံး ။ နောက်ထပ် ၁၈ လ စောင့်မှ ထိုးစစ်ပြန်ဆင်လို့ ရမယ် လို့ ရှေ့တန်းတိုက်စစ်မှူး- ဗျူဟာမှူး အများစုက ပြော။ ဒါကို အငတ်မခံနိုင်လို့ ခေါင်းပြူ- ထွက်တဲ့ လူ ကို တော့ - ကိုဗစ်က ပစ်မှတ်ထားမှာ။ သူက တွင်းဝ မှာ အသင့်စောင့်လို့ နေ ။

( ဒီနေ့ပေါ့စတစ် စာရင်း-က 2,256,844 ဆိုတော့ ) လူသား ၂သန်း ၂သိန်းခွဲ ရဲ့ ကိုယ်ထဲမှာ သူ နေရာယူထားပြီးတဲ့ အဓိပ္ပါယ် ။ ကိုဗစ် က အဲဒီထဲက ၃ရာခိုင်နှုန်းလောက်ပဲ - အသက်နှုတ်မှာပါ ဆိုတာကို မနေတတ်လို့ တွက်ကြည့်လိုက်ရင် အသက်ပေါင်းမနဲ ဘူး ။ ဆေးရုံတွေမှာ အခု ရှိတဲ့ အသက်ရှူစက်တွေ ။ ပဋိဇီဝဆေးတွေ ဆိုတာ တကယ်တန်း ကိုဗစ် တိုက်ရိုက် ချေမှုန်းရေးလက်နက်တွေလို့ ပြောလို့ မရဘူး။ အောင်မောင်း ကို တောင့်ခိုင်းထားတဲ့ အဆင့် ။ လူ့ခန္ဓာ ရဲ့ ခုခံနိုင်စွမ်းတက်လာအောင် ရတတ်သမျှနဲ့ ထောက်ကန် အသက်ဆက် ထားရတာမျိုး ဆိုတာကို ဆေးပညာရှင်တိုင်း က နာနာကျင်ကျင် လက်ခံ နားလည်ကြပါတယ်။

ဗြိတိန်နိုင်ငံ အလယ်ပိုင်း မှာ မုန့် ဗူးခွံအကြည်တွေ ကို ပုံမှန် ထုတ်လုပ်နေခဲ့တဲ့ Staeger clear packaging ဆိုတဲ့ စက်ရုံကြီးဟာ အရင် တလလောက်က စပြီး ကိတ်မုန့် -မုန့်ဗူးခွံ ထုတ်လုပ်နေရာကနေ ချက်ခြင်း ကိုဗစ် ကာကွယ်ရေး လက်နက်ထုတ်လုပ်တဲ့ စက်ရုံကြီးအဖြစ် ပုံစံ ပြောင်းပစ်လိုက် ပါတယ်။ အမျိုးသားကျန်းမာရေးဌါနအတွက် အသည်းအသန်လိုနေတဲ့ PPE တွေကို နေ့ကောညပါ မနားမနေထုတ်လုပ်ပေးနေရပါပြီ ။ မျက်နှာအကာတခုကို ဗြိတိန်ငွေ ၁၅ ပြား ကျတယ်။( အဲဒါမျိုး မြန်မာထမီနီ နပ်စ်မလေးတယောက် က သူ တတ်နိုင်သလို သူ့ လက်ဖြစ်လုပ်ပြဖူးတယ်။) အခုသူ့ စက်ရုံကြီး က တပတ် ၁၀၀,၀၀၀ ထုတ်နိုင်တယ်လို့ မန်နေဂျာက ပြောတယ် ။ အစိုးရ တကယ် လိုတာက တပတ်ကို ၅သိန်း ။ တခါသုံး ဆိုတာမျိုးဟာ စျေးပေါဘို့အပြင် များများနဲ့ မြန်မြန် ထုတ်လုပ်နိုင်ရမယ် ။ပြီးရင် သုံးပြီးသားတွေကို ပြန် ကုန်ကြမ်းပြုနိုင်ရဦး မယ် ( recycling ) ။ တချို့ပစ္စည်းတွေကို တခါသုံး single use။ တချို့ပစ္စည်းတွေကို အထပ် ထပ်သုံး reuse ဖြစ်အောင်လုပ်ပေး ရ တယ်လို့ စက်ရုံ အကြီးအကဲက ရှင်းပြပါတယ် ။ အင်္ဂလန်မှာ ခုထိ PPE အရေအတွက် ဘီလီယံချီပြီး ဖြန့်ခဲ့တာတောင် မလောက်နိုင် ပဲ ပြဿနာတက်နေရပါတယ် ။ ကျန်းမာရေးပိုင်းက တာဝန်ရှိတဲ့ ဝန်ကြီး မက် ဟင်းကော့ တို့ ၊ ဂျရမီ ဟန့် တို့ မျက်နှာပူပူနဲ့ နေ့တိုင်း ဖြေရှင်းနေရတဲ့ ကိစ္စ ။ လန်ဒန် တက္ကသိုလ်( UCL ) က ပရော်ဖက်ဆာ ကော်စတဲလို- Professor Anthony Costello ( University College London ) က အခြေအနေကို သုံးသတ်နိုင်သူဆို တော့ အခုအချိန်ဟာ အချင်းချင်း အပြစ်တင်နေကြရမယ့် အချိန်မဟုတ်ပါဘူး။ စုပေါင်းရင်ဆိုင်ရမယ့် အချိန်လို့ ပြောတယ် ။

အင်္ဂလိပ်တွေ က ပိုး ရှိမရှိစစ်ခြင်း ( Testing ) ကို မဖြစ်မနေလုပ်လာလို့ တရက် ကို စစ်တဲ့ နှုန်းဟာ ဒီနေ့ မှာဆို ၁၅, ၉၉၄ ယောက် အထိ စစ်ပြီးတယ် လို့ ဆိုပါတယ်။ရည်မှန်းချက်မှာ တပတ်ကို တသိန်း စီမံချက် ထား တာကတော့ မဖြစ်သေးဘူး တဲ့ ။ဆေးစစ်ခံမယ့် လူတွေကို စုပြုံလာခိုင်းလို့ လဲ မရ ။တယောက်ချင်းစီက နမူနာ ရဖို့ အာခေါင်ထဲအထိ ဂွမ်းတို့ ရတဲ့ ကိစ္စမျိုး ။ သူ့ဆီရောဂါ ရှိနေရင် မကူးအောင် ကာကွယ်ရတဲ့ ကိစ္စ မျိုး ၊ ယူထားတဲ့ နမူနာတွေကို ဓါတ်ခွဲခန်း ဆီ အချိန်မှီရောက်အောင်- နံမည်တွေ မလွဲအောင် ပို့ရတဲ့ ကိစ္စမျိုး ။ ပြောသလောက် လွယ်တဲ့ အမှုတော့ မဟုတ်ပါဘူး။ မကြာခင်လေး က မြန်မာပြည်မှာ လူထောင်ချီပြီး စစ်လို့ရတဲ့ စက်တလုံးကို ဆေးရည်တွေနဲ့တကွလှူဒါန်းတဲ့ အလှူရှင်တယောက်ကို တွေ့လိုက်မိ တယ် ။ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင်နဲ့ ဇနီး ဒေါက်တာစောနေနွယ် ( AA Medical Products Limited ) ။ ငွေကျပ်သိန်းပေါင်း ( ၈၃၅,၂၀၀,၀၀၀ ) ၈ထောင်ကျော် အထိ ကျတာကို ကြည့်ရင် လွယ်တဲ့ အလှူ ။လွယ်တဲ့ စက်မှုကိရိယာပိုင်းအကူအညီ မဟုတ်တာတော့ ရိပ်စားမိနိုင်ကြပါရဲ့ ။
ဗြိတိန်ကတော့ ဥရောပ မှာ လူ အဖိတ်အစင်အများဆုံးဖြစ်သွား နိုင်တယ်လို့ ပရော်ဖက်ဆာ ကော့စတယ်လိုက ခန့်မှန်း ထားပါတယ် ။ ကိုဗစ် ပထမလှိုင်း အခု ရိုက်ပုတ်နေတာ တရက်ကို လူ ၈၀၀လောက်ဖိတ်စင်နေပြီး သူငြိမ်သွားတဲ့အထိဆိုရင် လူ ၄သောင်းလောက်ဖိတ်စင်နိုင်တယ်လို့ တွက်ပြပါတယ်။ ဒုတိယလှိုင်းက လဲ အကြောင်းမကောင်းရင် လာနိုင်ပါသေးသတဲ့ ။ ဒီလိုတွေ မဖြစ်လာ အောင် မတ်လ ၁၂ရက် လောက် ကတည်းက တရက် ၁၀၀, ၀၀၀ စစ်နိုင်ဘို့ ဝန်ကြီး မခ်ဟန်း ကော့နဲ့ ဂျရမီဟန့်တို့ ဆွေးနွေးကြဖူးတယ်လို့ ဂျရမီဟန့်က ဘီဘီစီ အင်တာဗျူးမှာ ဖြေတာ ကြားရတယ်။

Lock Down လော့ဒေါင်းမဖြည်ခင်မှာ လူတွေကို ထိရောက်တဲ့ စစ်ဆေးထားချက် testing တွေ ၊ လူနာ ခြေရာကောက်ခြင်း tracing လုပ်ထားတာတွေကို လူထုကြားမှာ ချပြီးသားဖြစ်ရမယ်လို့ သူတို့က သုံးသတ်လုပ်ဆောင်နေကြပါတယ်။ ဂျာမဏီက ကိုယ့်ထက်လူဦးရေများပြီး သေတဲ့ နှုန်းမှာ အင်္ဂလန်ရဲ့ ၃ပုံတပုံ ပဲ ရှိတာဟာ ဂျာမဏီ စနစ်မှန်လို့ ဖြစ်တယ်။ ဒါကြောင့် လူတွေကို အသေအချာစစ်ဆေးဘို့ လိုတယ် လို့ သူတို့သုံးသတ်ကြပါ တယ်။ တောင်ကိုရီးယား ကိုလဲ ချီးကျူးကြတယ်။ စစချင်း မှာ တောင်ကိုရီးယား အခြေအနေ ဆိုးခဲ့တာ မှန်ပေမယ့် သူတို့ရဲ့ အဆိုးဆုံးကာလ ဆိုတာ က တရက်ကို ၉ယောက်ထက် ပိုမသေခဲ့ကြဘူးလို့ ဂျရမီဟန့်က ထောက်ပြတယ် ။ ဒါတွေဟာ မှန်ကန်တဲ့ ကလိုဗယ် အမြင် ( Global perspective ) နဲ့ လူထုတရပ်လုံး အသွင် စစ်ဆေးချက် တွေ ( mass community test ) အကျိုးကျေးဇူးလို့ သူတို့ က သုံးသတ်ကြပါတယ်။ အဲဒီလို သုံးသတ်တာက တပိုင်း - စီမံချက်အတိုင်း လုပ်နိုင်တာက တပိုင်းဆိုရမလားမသိပါ ။ လောလောဆယ် လူအိုရုံက ဝန်ထမ်းတွေကို PPEလဲ မပေးနိုင် ။ စစ်လဲ မစစ်နိုင် ။ ကျန်းမာရေးဌါန ဝန်ထမ်းတွေကိုလဲ PPE အလျင်မီအောင် မနည်း ကြိုးစားနေရတုန်း ။ဒီအခက်အခဲတွေကြားမှာ ရဲ- မီးသတ်နဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေကို စစ်ဖို့ လိုတယ် ။ ဆက်စစ်သွားရ မယ်လို့ ပြော။

နောက်ထပ် နိုင်ငံရေး ပါတဲ့ အငြင်းပွါးချက်ကတော့ ကိုဗစ် နိုင်တင်း ဆိုတဲ့ -အဆင့်မြင့် ကိုယ်ပျောက်တိုက်ခိုက်ရေး ဗိုင်းယပ်စ် ဟာ ဝူဟန် ဓါတ်ခွဲခန်းကထွက် လာမလာ သေချာ စစ်ဆေးကြရမယ် ဆိုတဲ့ မေးခွန်း။ လူတွေက ဒေါသထွက်။ အထူးသဖြင့် အမေရိကန်တွေ အထူးဒေါသထွက် ပြီး တယောက်ယောက်ကို တရားခံရှာနေကြချိန် ။ တယောက်ယောက်ကို လက်ညှိုးထိုးလိုက်နိုင်ရင် ဘဝင်ကျမယ်။ ဒီမိုကရက်ဘက်က သမတ လောင်း ဂျိုး ဘိုင်ဒန်က ငြိမ်နေတုန်း ။ သမတကြီး ထရမ့်က ကိုဗစ် ဟာ ဝူဟန်ကလာတယ်ဆိုတာကို multiple sources က သိနေကြားနေရတယ် ။ ဝူဟန်က လာမလာ ငါ့ အပိုင်းက သေချာ စုံစမ်းခိုင်းမယ်ဆိုရင် ငါ့လူထုတွေက ငါ့ကို သဘောကျမှာ ပဲ ။ငါတို့သမတက တိုင်းပြည်နဲ့ လူမျိုး ကို ဂရုစိုက်တယ် ဆိုတာမျိုး ဖြစ်မှာပဲ ။ ဒါ လူ့မနော။ ဆိုတဲ့ သဘောနဲ့ စုံစမ်းခိုင်းတာတွေ လုပ်နေပါတယ်။

တရုတ်တွေဘက်ကတော့ ဗိုင်းယပ်စ်ကို ထုတ်လုပ်ဖို့ မဖြစ်နိုင်ပါ ဘူးလို့ ငြင်းသလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အပါအဝင် သိပ္ပံပညာရှင်တော်တော်များများကလဲ ဗိုင်းယပ်စ်ကို အသစ်ထုတ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။ သမတကြီးထရမ့်ကတော့ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးဟာ တရုတ်ကိုဖုံးဖုံးဖိဖိ ကာကွယ်နေတာ ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အရေးတကြီး - ကမ္ဘာကို အချက်ပေးရမယ့် ကိစ္စ ကြီး ကို ပျက်ခဲ့တယ်ဆိုပြီး အခု ထောက်ပန့်ကြေး ဆိုင်းငန့်ထားပါပြီ။
( US officials confirm full-scale investigation of whether coronavirus escaped from Wuhan lab ္
Fox News မှာ အကျယ် ဖတ်နိုင်ပါတယ် )
၁၉၈၃တုန်းက HIVဗိုင်းရပ် ကိုတွေ့ခဲ့တဲ့ ၂၀၀၈ခု ဆေးပညာဆိုင်ရာနိုဗယ် ဆုရှင် ဒေါက်တာလုချ်မွန်တေးနီးယား က covid19ဗိုင်းရပ် genomeမှာ HIV ဗိုင်းရပ်ရဲ့RNA အပိုင်းအစများတွဲလျက်တွေ့ရတာ သဘာဝ မကျဘူး ။ ဒါမျိုးက ဓါတ်ခွဲခန်း မှာပဲ လုပ်နိုင်တယ်ဆိုတယ် ။ ဒါကြောင့် လူလုပ်ဗိုင်းရပ် တမျိုးလို့ ဆိုနေ ပြန်ရော ။

ယူကေအစိုးရ ကတော့ တရုတ်ကို စွပ်စွဲတဲ့ အထဲမှာ မပါပါဘူး။ လောလောဆယ် ကာကွယ်ဆေးထုတ်မယ့် ပရောဂျက် ၂၁ ခု ကို ပေါင် ၁၄သန်းပေးပြီး ကာကွယ်ဆေး အမြန်ထွက်နိုင် ဘို့ လုပ်နေပါတယ်။

နှာခေါင်းစွပ် မျက်နှာဖုံးစွပ်တာတွေ က အာရှမှာ ကိုဗစ်မတိုင်ခင်ကတည်းက ပြဿနာ မရှိ သုံးနေခဲ့ ပေမယ့် အင်္ဂလန်ကတော့ ခုထိငြင်းလို့ကောင်းကြတုန်းပါ ။ လန်ဒန်မြို့တော်ဝန်က အပြင်ထွက်ရင်မျက်နှာဖုံးစွပ်ကြပါလို့တိုက်တွန်းနေချိန်မှာ ကျန်းမာရေးအကြီးအကဲ ခရစ် ဝှစ်တီ ကတော့ နှာခေါင်းစည်းခြင်းရဲ့ ထိရောက်မှုက မသေချာတော့ သူက စွပ်ပါလို့ မပြောချင်ဘူး လို့ ဖြစ်နေပြန်ပါ တယ် ။ လန်ဒန် ဘတ်စ်ဒရိုင်ဘာ ၂၀ ကိုဗစ် ကူးစက်ခံရလို့ အသက်ဆုံးခဲ့ကြပြီးတဲ့နောက် မြို့တော်ဝန်က ခရီးသည်တွေကို ရှေ့ပေါက်ကတက်ပြီးဒရိုင်ဘာဆီမှာ လက်မှတ်ခ ပေးစရာမလိုတော့ပါ ဘူး ။ အလယ်ပေါက်ကတက်ပြီး အလကားသာ စီးကြပါတော့လို့ ပြောပါတယ်။ ( ခရီးသည်တွေ ရှေ့ပေါက်က တက်ပြီး သူ့ဒရိုင်ဘာတွေကို ကိုဗစ်လက်ဆောင်ပေးလို့ သူ့ဒရိုင်ဘာတွေ တဖြေးဖြေးနဲ့ ကုန်သွားမှာ မြို့တော်ဝန်က စိုးရိမ်ပုံပေါ်တယ် )

ဥရောပ မှာ သူများတိုင်းပြည်တွေ အလူးအလဲ ဖြစ်နေတုန်း သက်သာနေခဲ့တဲ့ ရုရှားဟာ အခု လထဲမှာ ကူးစက်ခံရသူ ၃၆,၇၉၀ ကျော်လာပြီး သေဆုံးသူ ၃၁၃ ယောက်ဖြစ်လာတာမို့ မော်စကို မြို့တံခါးကို ပိတ်ခိုင်းထားလိုက်ရပါပြီ။

ဧပြီ မေ ဆိုတာ ဥရောပ အတွက် သစ်သီးခူးရာသီပေါ့ ။ ဒါပေမယ့် အလုပ်သမားရှားပါးပြဿနာ ကို အခု အကြီးအကျယ်ကြုံကြရပြီ မို့ အစိုးရတွေဟာ နယ်စပ်တံခါးတွေကို အသေပိတ်ထား လို့ မရတော့ပါဘူး။ ဂျာမဏီဟာ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်ခူးဘို့ အလုပ်သမား ၈သောင်းအထိ လိုတာမို့ နယ်စပ်တွေ ကို ပြန် ဖွင့်ပေးရပါတယ်။ ဘူဂေးရီးယား ရူမေးနီးယား က အလုပ်သမားတွေကို လေယာဥ်တွေနဲ့ သယ်ကြပါတယ်။ အလုပ်မဝင်ခင်မှာ အရင် ဆေးစစ်တယ်။ အလုပ်လုပ်တဲ့ နေရာမှာလဲ တယောက်နဲ့တယောက် ပူးပူးကပ်ကပ်မနေခိုင်းဘူး။ နှာခေါင်းစည်းတွေ ဝတ်ရင်းအလုပ်လုပ်နေကြပါပြီ တဲ့ ။ တိုင်းပြည်တွင်းက အလုပ်လက်မဲ့တွေ ကျောင်းသားတွေ ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေကို လဲ ခေါ်ခိုင်းနေကြပါသတဲ့ ။ အင်္ဂလန်ကလဲ ဂျာမဏီနည်းတူ စင်းလုံးငှါးလေယာဥ်တွေနဲ့ ရူးမေးနီးယား ဘူးလ်ဂေးရီးယား ရုရှား မော်ဒိုဗာ ဘဲလာရုစ် ဂျော်ဂျီယာ ဘာဘေဒို့စ်က အလုပ်သမားတွေကို ခေါ်သွင်းလာနေကြပါပြီ ။

မြန်မာပြည်အတွက် မှာလဲ လယ်လုပ်ချိန်ကျပြီ ဆို ရင် တော့ ကိုဗစ် က ဘယ်လိုပင် နှိပ်စက်ပါစေ - လယ်ယာကိုင်းကျွန်းလုပ်ငန်းခွင်တွေကို ရပ်လို့ မရတာမို့ လယ်ယာ လုပ်သား ဦးကြီး တွေဟာ အသက်ညာဏ်စောင့် အကာအကွယ် အစောင့်အရှောက်ကို အတတ်နိုင်ဆုံး ယူကြ ပြီး လုပ်ငန်းခွင် ဝင် နေကြဦးမယ်လို့ တွေးနေမိပါတယ်။

ခွန်ဆိုင်း ( ၁၈.၀၄.၂၀၂၀)