Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၁


thespinoff.co.nz
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၁
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၀
အဌဝီသ (၂၈ ရက်မြောက်)နေ့

ကျောင်းစဖွင့်ကတည်းက အတော် အလုပ်ရှုပ်နေလို့ ကိုယ်စာမရေးဖြစ်တာ ကြာပါပြီ။ မနေ့က ညနေက အစိုးရက သတိပေးချက် အဆင့်တွေနဲ့ ပတ်သက်ပြီး ကြေငြာချက် အကြီးကြီး ထုတ်တာရယ် အလုပ်တွေ ပြီးသလောက် ရှိသွားတာရယ်ကြောင့် ကိုယ်စာရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မနေ့က ရောဂါထပ်ကူးခံရတဲ့ သူ ၉ ယောက်ထပ်တွေ့ပါတယ်။ အကုန်လုံးဟာ ဘယ်ကကူးတယ်ဆိုတာ သိပါတယ်။ ရောဂါဖြစ်တဲ့သူ စုစုပေါင်း ၁၄၄၀ ရှိပြီး သေဆုံးသူ စုစုပေါင်းက ၁၂ ယောက်ရှိပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်က သုတေသနအရ ကမ္ဘာပေါ်မှာ အနည်းဆုံးသေဆုံးနှုန်းရှိတဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ ခုလော လောဆယ်ဆေးရုံတွေမှာ ကိုးဗစ်လူနာ ၁၄ ယောက်ရှိပြီး ၃ ယောက်ဟာ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေပါတယ်။ ၂ ယောက်ကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။ ပြန်ကောင်းလာတဲ့သူ ၉၇၄ယောက်ရှိပြီး ဆေးစစ်မှုပေါင်း ၈၆၃၀၅ခု လုပ်ခဲ့ပါတယ်။ ရှိတဲ့လူဦးရေနဲ့ ယှဥ်ရင် ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဆေးစစ်မှုနှုန်းလို့ ပြောပါတယ်။ ပါမောက္ခကြီးတစ်ယောက်ကတော့ စူပါမားကက်တွေမှာ တွေ့တဲ့လူတွေလိုက်စစ်လို့ရတဲ့ အချက်အလက်နဲ့ ဆုံးဖြတ်ချက်ချတာ မလုံလောက်ဖူးလို့ဆိုပါတယ်။ ဟုတ်ရင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအချိန်မှာ အပြင်ထွက်ခွင့် ရှိတဲ့ နေရာမှာပဲ စစ်လို့ရမှာပေါ့၊ အိမ်တံခါးခေါက်ပြီး လိုက်စစ်လို့မှ မရတာ။ အချိန်နဲ့ အမျှ စစ်နည်းပြောင်းနေမယ်လို့ ကိုယ်ယုံကြည်ပါတယ်။ အဲဒီလို အချက်အလက်တွေတင်ပြအပြီးမှာ သတိပေးချက် အဆင့် ပြောင်းတဲ့အကြောင်း စပါတယ်။

နယူးဇီလန်တစ်နိုင်ငံလုံးမှာ covid 19 ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ဖို့  တိုက်ဖျက်နိုင်ဖို့ ကာကွယ်နိုင်ဖို့ အတွက် အစိုးရက သတိပေးချက် အဆင့် ၄ ချက် ထုတ်ပြန်ထားပါတယ်။ ခုလောလောဆယ်မှာ တစ်နိုင်ငံလုံးဟာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၄ မှာပါ။ လူမှုနယ်ပယ်အတွင်းမှာ ကူးစက်မှုတွေဖြစ်ပွားနေပြီး ရော ဂါကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေလို့၊ အုပ်စုလိုက်ကူးစက်မှု အသစ်တွေ ဖြစ်ပွားနေလို့ အမြင့်ဆုံး စတုတ္ထအဆင့်မှာ တင်ထားတာပါ။ တစ်တိုင်းပြည်လုံး အိမ်ထဲမှာပဲ နေရပါတယ်။ ကိုယ့်ဘူပေါင်းထဲက လူတွေနဲ့ပဲ ပုံမှန်ထိတွေ့ ဆက်ဆံခွင့် ရှိပါတယ်။ ဒီမှာ အိမ်တစ်အိမ်ကို ဆပ်ပြာဘူပေါင်းတစ်လုံးဆိုပြီး တင် စားပြောကြပါတယ်။ ဥပမာ ကိုယ့်ဘူပေါင်းထဲမှာ လူ ၄ယောက် ရှိပါတယ်။ အပန်းဖြေဖို့၊ အညောင်းပြေ အညာပြေ လမ်းလျောက်ဖို့ အိမ်နားနီးတဲ့ နေရာတွေ သွားနိုင်ပါတယ်။ စျေးဝယ်ဖို့၊ မလုပ်မဖြစ်တဲ့ အလုပ် သမားတွေ အလုပ်သွားဖို့ပဲ အပြင်ထွက်ခွင့်ရှိပါတယ်။ ဝန်ကြီးတစ်ယောက် တောင်ပေါ်စက်ဘီးစီးတဲ့ နေရာကို တစ်နာရီကျော်ကျော် ကားမောင်းသွားလို့ ရာထူးချခံလိုက်ရပါတယ်။ ကံကောင်းလို့ မပြုတ်သေးတာပါ။ ဒီအချိန်မှာဖြုတ်လို့မရလို့ မဖြုတ်တာလို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။ လူတွေစုဝေးခွင့် မရှိတဲ့အတွက် စူပါမားကက်တွေ ဆေးဆိုင်တွေ ဆေးခန်းတွေ ဓာတ်ဆီဆိုင်တွေလောက်ပဲ ဖွင့်ခွင့်ရှိပါတယ်။ ကျောင်းတွေ ရုံးတွေ အကုန် ပိတ်ပါတယ်။

ကိုယ်တို့ အဆင့် ၄ မှာ နေနေတာ ဒီနေ့ဆို ၂၈ရက် ရှိပါပြီ။ အဆင့် ၄ ကို တက်မယ်လို့ ကြေညာချက် စထုတ်တုန်းက ရက်သတ္တပတ် ၄ ပတ်ကြာမယ်၊ အခြေအနေကြည့်ပြီး ပြောင်းမယ်လို့ ပြောထားတာပါ။ မနေ့က ကြေညာချက်မှာတော့ နောက်ထပ် ၅ ရက် ထပ်တိုးပြီး နောက်အပတ် တနလာနေ့  ပြီလ ၂၇ ရက်နေ့ ည ၁၁နာရီ ၅၉ မိနစ်မှာ အဆင့်၃ ကို ဆင်းမယ်လို့ ပြောသွားပါတယ်။

အဂါနေ့  ၂၈ ရက်နေ့ကစပြီး ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေးစတဲ့ လိုအပ်တဲ့ လုပ်ငန်းတွေ ဆိုင်တွေ ရုံးတွေ ကျောင်းတွေ စဖွင့်လို့ ရပါပြီ၊ ခုလောလောဆယ်မှာ ဖွင့်လို့မရသေးပေမယ့် ကြိုတင်ပြင်ဆင်ဖို့ သန့်ရှင်းရေးက အစ လိုတာတွေ ဖြည့်ဖို့ ဝန်ထမ်းတစ်ချို့ကို ဆိုင်ထဲ ရုံးထဲ ကျောင်းထဲ ပေးဝင်မယ်လို့ ပြောပါတယ်။ မူလစီစဥ်ထားတာထက် ရုံးဖွင့်ရက် ၂ရက်ပဲ နောက်ကျလို့ စီးပွားရေး သိပ်မထိခိုက်နိုင်ပါဘူးလို့ ပြောသွားပါတယ်။
 ၂၇ ရက်နေ့ တနလာနေ့က စစ်ပြန်များနေ့အတွက် ပိတ်ရက်ပါ။ သူတို့ ဘိန်းပန်းအနီလေးတွေတပ်ပြီး ကြီးကြီးကျယ်ကျယ် အခမ်းအနားတွေ လုပ်လေ့ရှိကြပါတယ်။ ဒီနှစ်တော့ လုပ်ခွင့်မရှိတော့ဘူးပေါ့၊ အဲဒီပွဲတွေမှာ စစ်ပြန်အဖိုးတွေနဲ့ သူတို့ မိသားစုတွေ စုတတ်ကြတော့ ရောဂါကူးရင် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတဲ့ အုပ်စုထဲကလူတွေကို ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ နာမည်တော့ မေ့နေပါပြီ၊ ကိုယ်မှတ်မိတာ ရုပ်ရှင်တစ်ကားထဲမှာ မင်းသားကြီး ညွန့်ဝင်း စန္ဒယားတီးပြီး ဆိုသွားတဲ့ မြန်မာလို အီစလံဝေလို့ ခေါ်တဲ့ “It’s a long way” အပါအဝင် စစ်အတွင်းက သီချင်းသံတွေ ကြားရတတ်ပါတယ်။ သေမင်းတမန်ရထားလမ် းဖောက်တဲ့ ရုပ်ရှင်မျိုးတွေ ပြလေ့ရှိပါတယ်။

တတိယအဆင့်မှာ ပိုပြီး သတိရှိကြဖို့ ဝန်ကြီးချုပ်နဲ့ ဒေါက်တာ ဘလွမ်းဖီးလ်က တိုက်တွန်းထားပါတယ်။ အခြေအနေကို အမြဲစောင့်ကြည့်ပြီး မေလ ၁၁ ရက်နေ့မှာ ပါလီမန်မှာ ပြန်စိစစ်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ လိုက်နာကြဖို့ စည်းကမ်းတွေကို နံပါတ်စဥ် ၇ ခုနဲ့ သေသေချာချာ ပြောပြသွားပါတယ်။

1.       အိမ်မှာနေပါ
2.       ဖြစ်နိုင်ရင် အိမ်ကနေကျောင်းတက်ပါ၊ အိမ်ကနေ အလုပ်လုပ်ပါ
3.       လုပ်ငန်းခွင်ကို covid 19 အန္တရာယ်က ကာကွယ်ပါ
4.       အဝေးကြီးမသွားပါနဲ့၊ ကိုယ့်ဒေသအတွင်းမှာပဲ နီးနီးနားနား သွားလာလုပ်ကိုင်ပါ
5.       ဘူပေါင်း သေးနိုင်သမျှသေးသေးထဲမှာပဲ နေပါ
6.       လက်ဆေးပါ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ တံတောင်ဆစ်နဲ့ကွယ်ထားပါ
7.       နေမကောင်းရင် အိမ်မှာနေပါ၊ ဆေးစစ်ပါ၊ ကိုးဗစ် ဖြစ်လို့  အပြစ်တင်ခံရမှာ၊ ဝိုင်းအကျဥ်ခံရမှာ မကြောက်ပါနဲ့။

ဆေးစစ်တာတွေတော့ ဆက်လုပ်နေဦးမယ်လို့ ပြောပါတယ်။ ဘယ်ကိုသွားပြီး ဘယ်သူနဲ့တွေ့တယ်ဆိုတာလဲ သိနိုင်အောင် ဖုန်းကတဆင့် ခြေရာခံနိုင်အောင် လုပ်ဖို့ အစီအစဥ်လဲရှိတယ်လို့ ပြောပါတယ်။ ဟန်ကျတာပေါ့၊ အဖေက တချိန်လုံး အချိန်မဟုတ် အချိန်ဟုတ် အပြင်သွားနေရတော့ အလုပ်သွားရတာမှ ဟုတ်ရဲ့လားလို့ မေးရတယ်။ အလွတ်စုံထောက်ငှားရမယ်လို့ ပြောနေတာ၊ ခုတော့ အတော်ပဲ။ အစိုးရက ကိုယ့်အစား ခြေရာခံ ပေးတော့မယ်။ ကျေးဇူးပါခင်ဗျား။ အကောင်းဆုံးရနိုင်တဲ့ အလွတ်စုံထောက်ပဲ။ ပေါက်ကရ လုပ်မယ့်သူတွေ သေမယ့်သာ ပြင်ပေတော့။

ပိုစတာထဲမှာတော့ တတိယ အဆင့်မှာ လူအများကို ကူးစက်နိုင်တဲ့ အခြေအနေ ရှိပြီး အုပ်စုလိုက် ကူးစက်မှု အသစ်တွေ ဖြစ်လာနိုင်ခြေ ရှိလို့ စစ်ဆေးမှုတွေနဲ့ ထိတွေ့မှု စစ်တမ်းတွေ ကောက်ယူဖို့ လိုအပ်နေလို့ ဖြစ်နိုင်ရင် အိမ်မှာပဲ ကိုယ့်မိသားစုနဲ့ ကိုယ်နေကြဖို့၊ သွားဖို့လိုရင်လဲ ကျောင်း၊ အလုပ်၊ အိမ် ကလွဲရင်လိုအပ်တဲ့ ပစ္စည်းတွေအတွက် အိမ်နားနီးတဲ့ စျေးသွားတာလောက်ပဲလုပ်ကြဖို့၊ အပန်းဖြေဖို့၊ အညောင်းပြေအညာပြေ လမ်းလျောက်ဖို့ အိမ်နားနီးတဲ့ နေရာပဲ သွားကြဖို့ အကြံပေးထားပါတယ်။  ဒီအဆင့်မှာ အမျိုးအဆွေတွေဆီ မိတ်ဆွေတွေဆီ သွားလို့ရပေမယ့် တတ်နိုင်သမျှ လျှော့ကြဖို့ အကြံပေးထားပါတယ်။

ဒီမှာ အိမ်တစ်အိမ်ကို ဆပ်ပြာဘူပေါင်း တစ်လုံးဆိုပြီး တင်စားပြောကြပါတယ်။ ဥပမာ ကိုယ့်ဘူပေါင်းထဲမှာ လူ ၄ယောက် ရှိပါတယ်။ အလုပ်သွားရင် ကိုယ့်ဘူပေါင်းသေးသေးလေးထဲကထွက်ပြီး အကြီးကြီးထဲ ရောက်သွားပါပြီ၊ တကယ်လို့ အဲဒီဘူပေါင်း အကြီးကြီးထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက်အကြား ရှိရမယ့် အကွာ အဝေးကို (အပြင်ဘက်မှာ ၂မီတာ (အများပြည်သူသုံး ပို့ဆောင်ရေး ဝန်ဆောင်မှုတွေအပါအဝင်)၊ အတွင်းဘက်မှာ ၁မီတာပါ။ ) လိုက်နာပြီး ကိုယ့်ဖာသာ ဘူပေါင်း သေးသေးလေး ပိစိလေး ဖန်တီးပြီး နေရင် ပိုးကူးနိုင်နှုန်း နည်းလို့ ကိုယ့်အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ဘူပေါင်းထဲကသူတွေ ဘေးကင်းဖို့ အခွင့် အလမ်းရှိပါတယ်။
ကျောင်းတွေ ကလေးဘဝ အစောပိုင်းပညာရေး စင်တာ (မူကြို) တွေ လိုအပ်တဲ့ သူတွေအတွက် ပြန်ဖွင့်ပါမယ်။ ဖြစ်နိုင်ရင် အိမ်ကပဲ စာပေးစာယူနဲ့ ကျောင်းတက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါနဲ့ အခြားအဆင့်တွကိုလဲ ဆက်ကြည့်ဖြစ်ပါတယ်။

ဒုတိယအဆင့်က ရောဂါကူးစက်မှု တစ်ခုတစ်လေ ရှိနေပြီး အစုလိုက် ကူးစက်ရာကနေ လူအများကို ကူးစက်နိုင်တဲ့ အခြေအနေ ရှိလို့ အများပြည်သူသုံး ပို့ဆောင်ရေး ဝန်ဆောင်မှုတွေဖြစ်တဲ့ ရထားတွေ ဘတ်စ်ကားတွေ အပါအဝင် နေရာတွေအားလုံးမှာ လူတွေအားလုံး လိုအပ်သလောက် ခပ်ခွာခွာ နေကြဖို့ ပါပါတယ်။ လိုအပ်တဲ့ တင်လို့ ရလောက်ပါတယ်။  စာရင်းပေးစီးရတော့ မလိုအပ်ပဲ မစီးဖြစ်အောင် လုပ်ထားတာနဲ့ အတူတူ ဖြစ်နေတာပေါ့။ ကိုယ်တို့ လမ်းလျောက်ထွက်ရင် လူ ၂ ယောက်လောက်ပဲပါတဲ့ ဘတ်စ်ကားတွေ မောင်းမောင်းသွားတာ တွေ့ရတာ ဒါကြောင့်ဖြစ်မယ်လို့ စဥ်းစားမိပါတယ်။

ပုံမှန်အခြေအနေမှာလဲ ရုံးချိန်လောက်ပဲ စီးတဲ့သူရှိပါတယ်။ ကားကျပ်တယ်ဆိုတာ သိပ်မရှိလှပါဘူး။ တိုးစီးစရာလဲ မလိုပါဘူး။  ထိုင်စရာရတာ များပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တတ်နိုင်သမျှ မထိကြပါဘူး။ စပယ်ယာဆိုတာလဲ မရှိပါဘူး။ ကားပေါ်တက်ရင် ရှေ့ပေါက်က တစ်ယောက်ခြင်း တန်းစီတက်ပြီး ကားခကို ငွေသား ဒါမှမဟုတ် ကဒ်နဲ့ ပေးရပါတယ်။ ဆင်းချင်ရင် မှတ်တိုင်မရောက်ခင် နဲနဲ အလိုမှာ ခလုပ်နှိပ်၊ မသိရင် ဒရိုင်ဘာကိုမေး၊ မေ့မသွားအောင် သူ့နားမှာ ရပ်နေ၊ ဆင်းရမယ့်နေရာမှာ ရပ်ပေးပြီး ရောက်ပြီလို့ ပြောပါတယ်။ သွားချင်တဲ့ နေရာ ရောက်ပါတယ်။ နောက်ပြီး တစ်ခုထူးခြားတာက ကားပေါ်က ဆင်းသွားတဲ့ လူတိုင်းနီးပါး ကားမောင်းတဲ့သူကို ကျေးဇူးတင်ကြောင်း ပြောသွားတာပဲ။ ကိုယ်ဘယ်မှာမှ မတွေ့ဖူးပါဘူး။ ကောင်းတဲ့ အမူအကျင့်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အော်ကလန် တောင်ပိုင်းက မြို့နယ်တွေက ဘတ်စ်ကားတွေပေါ်မှာ အမြဲလိုလိုကြားရပါတယ်။ ခုလဲရှိဦးမယ်ထင်ပါတယ်။ ကိုယ်မစီးဖြစ်တာ ၉ နှစ်လောက်ရှိပြီ။ အော်ကလန် မြို့လယ်ကောင်မှာတော့ ကြားရခဲပါတယ်။ ဘတ်စ်ကားစီးရင် နေရာ တစ်နေရာရဲ့  ယဥ်ကျေးမှု၊ လူနေမှုအဆင့်အတန်း စတာတွေကို အမှန်အတိုင်း အလွယ်တကူ သိနိုင်တာကြောင့် ကိုယ်ဘယ်ရောက်ရောက် ဘတ်စ်ကားစီးပါတယ်။ အချိန်ရတဲ့အခါ ဘေဂျင်း၊ ဘန်ကောက်၊ ဆစ်ဒနီတို့က ဘတ်စ်ကားတွေ ရထားတွေ အကြောင်း ရေးပါဦးမယ်။ ခုတော့ ကိုးဗစ် အဆင့်၂ အကြောင်း ဆက်ပါဦးမယ်။
ဒုတိယအဆင့် သတိပေးချက်မှာ နေရာအကျယ် အဝန်းပေါ် မူတည်ပြီး လူ၁၀၀ အထိ အမိုးအကာအောက်မှာ စုလို့ရပါတယ်။ အပြင်မှာတော့ ၅၀၀ အထိရပါတယ်။ ဒီတော့ ဆိုင်တါ ဖွင့်လို့ ရတယ်၊ စီးပွားရေး လုပ်ငန်း အတော်များများ လုပ်လို့ ရတယ်၊ ကျောင်းတွေ ဖွင့်လို့ရတယ်။ ဒါပေမယ့် လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ စည်းကမ်းတွေ လိုက်နာရမယ်၊ လက်ဆေးတာတို့၊ နေမကောင်းရင် ဆရာဝန်နဲ့ ပြပြီး လိုအပ်ရင် ဆေးစစ်တာတို့ပေါ့။ ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ကြဖို့၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိတဲ့သူတွေရယ်၊ အသက်ကြီးတဲ့သူတွေရယ် အိမ်မှာနေကြဖို့၊ လိုအပ်လို့ အလုပ်လုပ်မယ်ဆိုရင်လဲ သတိထားကြဖို့ အကြံပြုထားပါတယ်။

ပထမအဆင့်က ကိုယ့်နိုင်ငံမှာ မဖြစ်ပေမယ့် တခြားနိုင်ငံ တွေမှာ ဖြစ်နေပြီး ကိုယ့်ဆီရောက်လာနိုင်မယ့် အလားအလာရှိလို့ အကွာအဝေးက ၁ မီတာလို့ ကိုယ်သိထားပါတယ်၊ ဘတ်စ်ကား တစ်စီးမှာ တစ်ယောက်ပဲ စီးရမှာလား၊ ဒါနဲ့ အင်တာနက်မှာ ကြည့်လိုက်တော့ ကိုယ်အံ့သြသွားပါတယ်။ အခုလောလောဆယ် တတိုင်းပြည်လုံး သတိပေးချက် အဆင့် ၄ မှာဆိုတော့ လိုအပ်တဲ့ အကွာ အဝေးက ၂မီတာပါ။ ဘတ်စ်ကားကို အလကား ဆွဲပေးပါတယ်။ တကယ့်ကို ၂မီတာအကွာမှာ နေလို့ရအောင် ဘတ်စ်ကားတွကို စီစဥ်ပေးထားပါတယ်။ အွန်လိုင်းမှာ စာရင်းပေးပြီး စီးလို့ရပါတယ်။ ဘယ်အချိန်လာမယ် ဘယ်နှစ်ယောက်ပါမယ် ဆိုတာ မစီးခင်ကြည့်လို့ရပြီး စီးလို့ရမရ ကြည့်လို့ရအောင် လုပ်ပေးထားပါတယ်။ ဒီက ကားကြီးတွေက ကြီးပါတယ်။ ၄ -၅ ယောက်လောက်တော့ ကြိုတင်ပြင်ဆင်ဖို့ အတွက် ဖြစ်ပြီး
တိုင်းပြည်အတွင်းကို ဝင်လာမယ့်လူတွေကို စိစစ်ရာကစလို့ လိုအပ်သလို ဆေးစစ်ဖို့ လိုအပ်ရင် တစ်ယောက်ထဲ နေဖို့တို့ ပါပါတယ်။


 ဝန်ကြီးချုပ်က ဂျေစင်ဒါ သတင်းထောက်တွေကို လေးလေးစားစား ဆက်ဆံပုံဟာ အမေရိကန်သမ္မတနဲ့ လုံးဝ ပြောင်းပြန်ဖြစ်နေတာကို ကိုယ်သတိထားမိတယ်။ နယူးဇီလန် ဝန်ကြီးချုပ်ဟာ ဂရုဏာတရားကို ဘယ်လို အကျိုးရှိရှိ ကျင့်သုံးရမယ်ဆိုတာကို နားလည်တယ်၊ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို နားလည်တယ်လို့ ကိုယ်ထင်ပါတယ်။ လူ့ ဦးနှောက် အလုပ်လုပ်ပုံက ရှင်းရှင်းလေးပါ၊ ဘေးတွေ့လာပြီဆို အန္တရာယ်ကင်းဖို့အတွက် ပြေးရင်ပြေး မပြေးရင် ခံတိုက်၊ အန္တရာယ်မရှိတာ သေချာပြီဆိုမှ အေးအေးလူလူ စဥ်းစားဆင်ချင်ပြီး လုပ်သင့်တာလုပ်။ ဒါပါပဲ။ ဒီတော့ ဂရုဏာ ရှေ့ထားပြီး ဆက်ဆံရင် စဥ်းစားတတ်တဲ့ ဦးနှောက်နဲ့ လူတွေနဲ့ အလုပ်လုပ်ရမယ်၊ ပါဝါ အာဏာတွေပြပြီး ဟောက်ဟန်းငေါက်ငန်းနေရင် ပြေးမယ့်သူတွေ(နောက်ကွယ်မှာ မကောင်းပြောမယ့်သူတွေ) ခံတိုက်မယ့်သူတွေနဲ့ အလုပ်လုပ်ရမှာပေါ့။

သတင်းထောက်တွေဟာ သူတို့အလုပ်ကို သူတို့ လုပ်နေတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲလို့လဲ ဝန်ကြီးချုပ်က သိထားပုံပေါ်ပါတယ်။ ဒီလို သူများဘက်ကို နားလည်နိုင်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်နားလည်နိုင်တဲ့သူတွေမှာပဲ ရှိပါတယ်။ မူကြိုဆရာမပီပီ ကလေးဘဝ အစပိုင်းရဲ့ အရေးကြီးပုံကို စိတ်ဝင်စားလေတော့ ဂျေစင်ဒါရဲ့ ကလေးဘဝကို ကိုယ်စိတ်ဝင်စားလာပါတယ်။ ၁၉၇၂ ခုနှစ်ကစပြီး လူပေါင်း ၁၀၀၀ ကို မွေးကင်းစကစလို့ အခုချိန်အထိ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အချက်အလက်တွေကို ကောက်ယူပြီး စစ်တမ်းပြုနေတဲ့ ဒနီဒင် သုတေသန ဆိုတာရှိပါတယ်။ နယူးဇီလန်မှာ အရှည်ဆုံးနဲ့ စိတ်အဝင်စားစရာအကောင်းဆုံး ဒီသုတေသနက ရလာဒ်တွေထဲမှာ ကိုယ်စိတ်အဝင်စားဆုံးက လူတစ်ယောက်ရဲ့ ပထမ သုံးနှစ် ဒါမှ မဟုတ် ပထမ ရက် ၁၀၀၀ကို ကြည့်ရင် ဒီကလေးကြီးလာရင် ဘာြဖစ်မလဲဆိုတာ ပြောနိုင်ပါတယ်ဆိုတဲ့ အချက်ကို ကောက် ချက်ဆွဲနိုင်တဲ့ ကိစ္စပါပဲ။

ဒီတော့ စပ်စပ်စုစု ဝိကီပီးဒီးယားထဲ ဝင်ကြည့်လိုက်ပါတယ်။ အံ့သြစရာမရှိပါဘူး၊ ချစ်ခြင်းမေတ္တာလို့ အမည်ရတဲ့ မြို့ကလေးမှာ မွေးတဲ့ ဝန်ကြီးချုပ်ရဲ့ အဖေက ရဲအရာရှိပါ။ အမေက ကျောင်းတစ်ကျောင်းက နေ့လည်စာ စားဖိုမှူးပါ။ အမတစ်ယောက်ရှိပါတယ်။ သူ့အဖေက ခုချိန်ထိ အလုပ်လုပ်နေတုန်း၊ တိုကီလောင်းလို့ခေါ်တဲ့ ကျွန်းနိုင်ငံမှာ အုပ်ချုပ်ရေးမှူးလုပ်နေပါတယ်။ အဖေမကြာခဏ သွားရတဲ့ နယူးအီ ကျွန်းနိုင်ငံက နယူးဇီလန် ကော်မရှင်နာဟောင်းပါ။ ကိုယ်က အဲဒီအကြောင်းတွေ ပွစိပွစိလုပ်နေတော့ အဖေက ရယ်ပါတယ်။ ပြီးတော့ သူနဲ့ အလုပ်အတူတူလုပ်ခဲ့တဲ့ အကြောင်း၊ ဟိတ်ဟန်မရှိပဲ ရိုးရိုးသားသား အလုပ်ကြိုးစားတဲ့သူဖြစ်ကြောင်းပြောပြပါတယ်။ သူ့အမျိုးသမီးဟာလဲ သူ့လိုပဲလို့ ပြောပါတယ်။ သူတို့သမီးလေးတွေကို စံနမူနာကောင်းတွေ ပေးနိုင်ခဲ့တယ်လို့ ကိုယ်ထင်ပါတယ်။

နောက်တစ်ယောက်ကိုယ်စပ်စုတာတော့ မစ္စတာထရမ့်ပါ။ သူ့အဖိုးက စပါတယ်။ သူကဂျာမန်ပါ။ အသက် ၁၆နှစ် ပြည့်တော့ ဘာဘေးရီးယားမှာ စစ်ထဲမလိုက်ချင်လို့ ၁၈၉၀နှောင်းပိုင်းမှာ အမေရိကန်ကို ခိုးဝင်လာတာပါ။ ၆ နှစ်လောက် ဆံပင်ညှပ်ပိုက်ဆံစုပြီး မိုင်းတူးတဲ့မြို့ကို သွားပါတယ်။ မြေဝယ်၊ မိုင်းမတူးပဲ စားသောက်ဆိုင်ဖွင့် ဇိမ်ခန်းဖွင့်ပြီး ကြီးပွားလာပါတယ်။ ဒါနဲ့ သူ့မြို့ သူပြန် လက်ထပ်ပြီး စစ်ထဲမဝင်ချင်လို့ ပြေးထားသူဖြစ်တဲ့အတွက် နိုင်ငံသားလုပ်ခွင့်မရှိတော့လို့ အမေရိကန်ပြန်လာပြီး လုပ်လက်စတွေ ဆက်လုပ်ပါတော့တယ်။ ၁၉၁၈ ခုနှစ် က Spanish flu pandemic မှာ ဆုံးပါတယ်။ သူ့သားတွေထဲမှာ ကိုယ်တို့မင်းသားကြီးရဲ့ အဖေက အိမ်အရောင်းအဝယ် စိတ်ဝင်စားပါတယ်၊ အိမ်လဲ ဆောက်ပါတယ်။ နာဇီတွေကြောင့် ဂျာမန်မုန်းနေတဲ့ အချိန်မှာ သူ့ကိုယ်သူ ဆွီဒင်ကလာတာလို့ပြောပြီး နည်းမျိုးစုံနဲ့ စီးပွားဆက်ရှာပါတယ်။ တစ်ခါ အဖမ်းခံရဖူးပါတယ်။

ကလေးတွေကို အမိန့်အာဏာ စည်းကမ်းတွေနဲ့ မွေးပါတယ်။ ညနေကျရင် အမေက တစ်နေ့စာ ကလေးတွေ ဘာလုပ်တယ်ဆိုတာ အစီရင်ခံရပြီး လိုအပ်ရင် အပစ်ပေး စည်းကမ်းကျပ်တဲ့ အလုပ်လုပ်ပါတယ်။ အိမ်ဆောက်တဲ့ ဆိုဒ်တွေကို ခေါ်သွားပြီး ပုလင်းခွံတွေကောက်ခိုင်း၊ သွားသွင်းခိုင်းလုပ်ပါတယ်။ ညနေဘက် သတင်းစာ ဝေရပါတယ်။ တစ်ခုစိတ်ဝင်စားစရာကောင်းတာက ရာသီဥတုဆိုးရင် လီမိုဆင်းကားနဲ့ သတင်းစာပို့ခိုင်းပါသတဲ့။ ဒီတော့ သူ့ ဦးနှောက်ဟာ ပြေးရင်ပြေး မပြေးရင် ခံတိုက်ဆိုတဲ့ နေရာမှာ အချိန် အတော်များများ ရှိခဲ့ပုံပါပဲ။ သူတို့ဟာ ချမ်းသာကြပါတယ်။ ဒါပါပဲ။


Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
5:36 a.m. 21.04.2020 Tuesday