Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၇


Roamalicious.com
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၇
ခင်လေး (Aotearoa)
(မိုးမခ) မေ ၂၆၊ ၂၀၂၀

ဒွါဒဿမနေ့ ၊ သတိပေးချက် အဆင့် ၂

ဒီနေ့တော့ သတင်းထူးတွေ အများကြီး ကြားရပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းကတော့ ကိုးဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေကို အစိုးရက တစ်ပတ်ကို ဒေါ်လာ ၄၉၀ ထောက်ပံ့ကြေးပေးမယ့် သတင်းပါ။ တကယ်လို့ အချိန်ပိုင်းပဲ အလုပ်လုပ်တဲ့သူဆိုရင်တော့ ၂၅၀ ရမယ်လို့ ပြောပါတယ်။ ရန်ကုန်မှာတုန်းက အဲဒီလို သတင်းမျိုးကြားရရင် ပျော်စရာကြီးဟယ် အလုပ်မလုပ်ပဲ ပိုက်ဆံရတယ်၊ ငါတို့ဆီမှာလဲ အဲဒီလိုဆိုကောင်းမှာလို့ စဥ်းစားခဲ့ပါတယ်။ တကယ်နဖူးတွေ့ဒူးတွေ့  မျက်စေ့အောက်မှာ ကြုံရတော့မှ အလကားရတဲ့ ငွေမဟုတ်မှန်း သူတို့ အလုပ်လုပ်တုန်းက ပေးထားရတဲ့ အခွန်တွေကျန်တဲ့ အခွန်ထမ်းတွေဆီက ကောက်ထားတဲ့ ငွေတွေနဲ့ ပေးတာမှန်းသိလာတော့ ပျော်စရာ သိပ်မရှိလှပါဘူး။ အလုပ်ပြန်ရှာလို့ မရရင် ကြုံရမယ့်ဒုက္ခတွေကလဲ မနည်းလှပါဘူး။

ကိုယ်ဒီကိုရောက်ခါစက လိုချင်တဲ့ အလုပ်ရဖို့ အတော်ကြိုးစားရပါတယ်။ နာမည်က မြန်မာနာမည် ဒီဂရီတွေက အာရှက ရလာတာတွေဆိုတော့ အင်တာဗျူးတောင် အဖက်လုပ်ပြီး မခေါ်ပါဘူး။ ကိုယ်တင်လားဆိုတော့ မဟုတ်ပါဘူး။ ရုရှားက ဒုံးပျံထုတ်ခဲ့တဲ့အင်ဂျင်နီယာတစ်ယောက် ဘယ်မှာမှ အလုပ်ရှာမရလို့ စူပါမားကက် ကောင်တာမှာအလုပ်လုပ်နေရတာ သတင်းထဲပါလာတာလဲ ကြားလိုက်ရပါတယ်။ အလုပ်မခန့်ရခြင်းအကြောင်းရင်းကတော့ အရည်အချင်းပြည့်လွန်းနေလို့ပါတဲ့။ နယူးဇီလန်ရောက်မှပဲ ကြားဖူးတဲ့အကြောင်း ပြချက်ပါ။ နောက်ဆုံး သူတို့ဆီမှာ ကျောင်းတက်ပြီးတော့မှ လုပ်ချင်တဲ့အလုပ်ရတော့တာ။ အဲဒါကျတော့လဲ ကျောင်းမပြီးခင်ကထဲက အလုပ်လာလုပ်ပါဆို ခေါ်ပါတယ်။

နောက်သတင်းတစ်ပုဒ်ကတော့ ကိုယ်လမ်းသရဲလုပ်ဖို့ အခွင့်အရေးပေါ်လာတဲ့ သတင်းပါပဲ။ ပြည်တွင်း ခရီးရှည်ထွက်ဖို့ ကားအိမ်လေးတွေ စျေးလျော့ပြီး ငှားပေးမယ့်သတင်းပါ။ တစ်ရက်ကို ၂၉ ဒေါ်လာကနေ ၆၉ ဒေါ်လာအထိပဲ ကျမယ်တဲ့။ စက်တင်ဘာကျောင်းပိတ်ရက်အထိ အဲဒီစျေးနဲ့ပေးမှာတဲ့။ နိုင်ငံခြားက လာလည်မယ့်သူတွေကို ပေးဝင်လို့ မရ၊ ပြည်တွင်းကလူတွေကို အပြင်သွားဖို့ အားမပေးတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ အစိုးရနဲ့ကားအိမ်ငှားတဲ့သူတွေ ပူးပေါင်းစီစဥ်ကြပုံရပါတယ်။ နှင်းတောင်တွေမှာ နှင်းလျောစီးသွားကြဖို့ တိုက်တွန်းနေကြတယ်။ တစ်မြို့နဲ့ တစ်မြို့ လေယာဥ်ပျံနဲ့ကူးရင်ရပေမယ့် ကားမောင်းသွားရတာကို ကိုယ်ပိုကြိုက်ပါတယ်။ လမ်းမှာတွေ့တဲ့ သစ်သီးခြံလေးတွေမှာ ရပ်၊ အသီးလေးတွေဝယ်၊ စျေးနေ့မှာမှ တစ်ပတ်တစ်ခါရောင်းတဲ့ မြို့လေးတွေက စျေးကိုဝင် ကလေးတွေက cotton candy/candy floss လို့ ဒီမှာ ခေါ်ကြတဲ့ ငှက်သိုက်ဒုတ်ထိုးစား၊ ဟန်ကိုကျလို့။ ( အန်ကယ် ဦးကျော်မင်း (မင်းကျော်မင်း)ကတော့ သကြားပွစိလို့ခေါ်တယ်။ cotton candy အကြောင်း ပြောတိုင်းရေးတိုင်း အန်ကယ့်ကို သတိရတယ်။)

အိမ်ကကားနဲ့သွားရင် တည်းခိုဖို့ စီစဥ်ရပါတယ်။ ဟိုတယ်မှာဆို အခန်းခ၊ စားစရိတ် ကြီးပါတယ်။ မိုတယ်မှာဆိုရင်တော့ ကြိုက်တာဝယ်ပြီး ချက်ပြုတ်စားလို့ ရပါတယ်။ ကားအိမ်လေးမောင်းသွားရင်တော့ အဲဒါတွေ မပူရဘူးပေါ့။ ကားအိမ်ရပ်လို့ရတဲ့နေရာ ကြိုတင်စာရင်းပေးပြီး ငှားရမယ်၊ အခပေး ရေချိုးခန်း အိမ်သာသုံးရမယ်။ ခြေသလုံးအိမ်တိုင် ဂျစ်ပစီစတိုင်ပေါ့။

ညနေ ၄ နာရီလောက်မှာ လာသွားတဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ဒီသောကြာနေ့ မွန်းလွဲပိုင်းကစပြီး လူ ၁၀၀ အထိ စုဝေးခွင့်ပေးမယ်လို့ ပြောသွားပါတယ်။ ကိုးဗစ် ရောဂါပိုးကူးစက်ခံရတဲ့သူနည်းလာလို့၊ မရှိသလောက်ဖြစ်လာလို့ ဒီလိုချပေးတာလို့ ဒေါက်တာဘလွမ်းဖီးလ်က ပြောပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ အဆင့် ၁ ကိုချဖို့ကိစ္စ လွှတ်တော်မှာဆွေးနွေးပြီး အစောဆုံးအနေနဲ့ ဇွန်လ ၂၂ ရက်နေ့ကျမှ အဆင့် ၁ ချဖို့ ဖြစ်နိုင်မယ်လို့ ပြောသွားပါတယ်။ အခြားနိုင်ငံတွေမှာ ရောဂါဖြစ်နေသေးတာရယ် အဲဒီနိုင်ငံတွေမှာ ပိတ်မိနေတဲ့ နယူးဇီလန်နိုင်ငံသားတွေ ခုချိန်ထိပြန်ရောက်လာနေသေးတာရယ်တွေကြောင့် ခုလို သတိထားနေရတာဖြစ်တဲ့အကြောင်းလဲ ပြောသွားပါသေးတယ်။

အလုပ်နဲ့ ပတ်သက်တဲ့ နောက်သတင်းတစ်ခု ပြောသွားတာက ခရီးသွားလုပ်ငန်းလုပ်လို့ မရတော့တဲ့ ဝန်ထမ်းတွေအတွက် အစားထိုး အလုပ်တွေ ဖန်တီးမယ့် အစီအစဥ် အကြောင်းပါ။ သူတို့ပြောနေတဲ့ လူတွေက စားပွဲမှာ ကွန်ပျူတာတွေဖုန်းတွေနဲ့ လေယာဥ်လက်မှတ်တွေ လေကြောင်းလိုင်းတွေ ခရီးသွားချင်တဲ့သူတွေနဲ့ အလုပ်ရှုပ်နေကျသူတွေပါ။ ဟိုတလောက အဲဒီအကြောင်းပြောတုန်းက တောအုပ်တောခေါင်း အလုပ်မျိုးတွေပေးမယ်လို့ ပြောသွားတာ ကြားလိုက်ပါတယ်။တောထဲမှာမျိုးပြုန်းတော့မယ့်ငှက်တွေကို မျိုးတုန်းအောင် ဥတွေလိုက်စားနေတဲ့အကောင်တွေဖမ်းတဲ့ ထောက်ခြောက်တွေ လိုက်စစ်တာမျိုး၊ သစ်ပင်လိုက်စိုက်တာမျိုး၊ တောရှင်းတာမျိုး အစရှိတဲ့ အလုပ်တွေပေါ့။ အဲဒီသတင်းထောက်သွားမေးတဲ့ တစ်ယောက်က တော့ မလုပ်မဖြစ် ငတ်လို့လုပ်ရမယ်ဆိုရင်တော့ လုပ်ပါမယ်။ ရွေးခွင့်ရှိမယ်ဆိုရင်တော့ မလုပ်ပါဘူးလို့ဖြေသွားပါတယ်။ အားလုံးလဲ အဲဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်။

ညနေဘက်စျေးသွားတော့ ဆိုင်တွေ အကုန်ပြန်ဖွင့်နေပါပြီ။ ကိုယ်သွားချင်တဲ့နေရာကို သွားနေကျအတိုင်း သွားလို့ရတာ မင်္ဂလာတစ်ပါးပါပဲ။

စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေ။
ခင်လေး (Aotearoa)
9:42 p.m. 25.05.2020 Monday

စကားချပ်။ ။ အဂလန်က အဘိုးတွမ်မောကို ဘုရင်မကြီးက Sir ဘွဲ့ ပေးပြီး သူရဲကောင်းအဖြစ် ချီးမြှင့်လိုက် ပါသတဲ့။ အဘိုးကတော့ အသက်ရှူရပ်သွားမတတ်ကို အံ့သြဝမ်းသာ ဖြစ်ရပါတယ်လို့ ပြောနေပါတယ်။